သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela သမ္မတရွေးကောက်ပွဲ မဲပြန်ရေတွက်ဖို့ အမေရိကန်တိုက်တွန်း


Venezuela ရွေးကောက်ပွဲမှာ အနိုင်ရသူ Nicolas Maduro (၁၅ ဧပြီ ၂၀၁၃)
Venezuela ရွေးကောက်ပွဲမှာ အနိုင်ရသူ Nicolas Maduro (၁၅ ဧပြီ ၂၀၁၃)
Venezuela ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သတ်ပြီး မဲ ပြန်ရေတွက်ဖို့ လိုအပ်မှာဖြစ်တဲ့ အကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သတ်ပြီး Venezuela ပြည်သူတွေ ယုံကြည်စိတ်ချမှု အပြည့်ရှိဖို့ သေချာ ဂရုစိုက် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ ဂျေး ကာနေး (Jay Carney) က ဒီလိုအခြေအနေမှာ ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန် အလျင်စလို ချမယ်ဆိုရင် Venezuela ပြည်သူတွေ မျှော်လင့်ထားတဲ့ သန့်ရှင်းပြီးတော့ ဒီမိုကရေစီဆန်တဲ့ ရလဒ်တွေနဲ့ မတူတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လိမ့်မယ်ဆိုပြီး ပြောဆိုသွားပါတယ်။

ကွယ်လွန်သူ ဆိုရှယ်လစ် သမ္မတဟောင်း ဟူဂို ချားဗတ်စ် (Hugo Chavez) က သူ့နေရာဆက်ခံဖို့ ရွေးချယ်ခဲ့သူ ယာယီသမ္မတ နီကိုလပ်စ် မဒူရို (Nicolas Maduro) ဟာ မဲအနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ ဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မစ္စတာ မဒူရို ဟာ အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဟင်းနရစ် ကာပရိလပ်စ် (Henrique Capriles) ကို ၅၀ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

သမ္မတလောင်း ရွေးကောက်ပွဲဝင်သူ တဦးဖြစ်တဲ့ မစ္စတာ ကာပရိလပ်စ် ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းပယ်ပြီး နောက်ဆုံး မဲရေတွက်မှုဟာ တရားမဝင်ဖြစ်တဲ့အကြောင်းနဲ့ ပြန်ပြီးရေတွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
XS
SM
MD
LG