သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ် ကွယ်လွန် (၅၈နှစ်)


ဗင်နီဇွဲလား သမ္မတ ဟူဂို ချားဗက်ဇ်
ဗင်နီဇွဲလား သမ္မတ ဟူဂို ချားဗက်ဇ်
ဗင်နီဇွဲလား သမ္မတ ဟိုဂို ချားဗက်ဇ် (Hugo Chavez) ဟာ အချိန်အတော်ကြာ ကင်ဆာရောဂါ ခံစားနေရတဲ့နောက် အင်္ဂါနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဟိုဂို ချားဗက်ဇ် ကွယ်လွန်သွားပြီဆိုတာကို ဗင်နီဇွဲလားအစိုးရပိုင် ရုပ်သံကနေ အင်္ဂါနေ့မှာ ဒုသမ္မတ နီကိုးလတ်စ် မဒျူရို (Nicolas Maduro) က ကြေညာသွားပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေအနေနဲ့ ခွန်အားသတ္တိ ပြသကြဖို့နဲ့၊ မဟာခေါင်းဆောင်ကြီးရဲ့ မျှော်မှန်း ချက်တွေကို ညီညီညွတ်ညွတ် အကောင်အထည် ဖော်ကြဖို့ဆိုပြီး ဒုသမ္မတ မဒျူရို (Maduro) က သူ့ပြည်သူတွေကို တိုက်တွန်းပါတယ်။

အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ ချားဗက်ဇ်ဟာ ကင်ဆာရောဂါနဲ့ ကျူးဘားမှာ ကုသမှု ခံယူနေရပြီး၊ ပြီးခဲ့တဲ့ လကပဲ မြို့တော် Caracas ကို ပြန်ရောက်လာခဲ့တာပါ။ Caracas စစ်ဆေးရုံမှာ Chemotherapy ကုသမှု ယူခဲ့ပြီးနောက်၊ ပြင်းပြင်းထန်ထန် ရောဂါပိုး ရခဲ့တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

မစ္စတာ ချားဗက်ဇ်ဟာ သူ့ တင်ပါးဆုံမှာ ကင်ဆာဖြစ်ခဲ့တာပါ။ ဒီဇင်ဘာလကတည်းက လူမြင်ကွင်းကနေ ပျောက်နေခဲ့ပြီး၊ ဇန်နဝါရီလ သမ္မတအဖြစ် နောက်သက်တမ်း ကျမ်းသစ္စာ ဆိုရမှာကိုလည်း မတတ်ရောက်နိုင်ခဲ့ပါဘူး။

သမ္မတ ချားဗက်ဇ်ကို ဗင်နီဇွဲလား ရန်သူတွေက ကင်ဆာရောဂါနဲ့ တိုက်ခိုက် လုပ်ကြံလိုက်တာလို့ ဒုသမ္မတ မဒျူရို (Maduro) က စွပ်စွဲပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုး တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ပြောမသွားပါဘူး။

တချိန်တည်းမှာပဲ ဗင်နီဇွဲလားမှာရှိတဲ့ အမေရိကန်သံတမန် နှစ်ဦးကို ဗင်နီဇွဲလားကနေ အင်္ဂါနေ့က နှင်ထုတ်လိုက်ပါတယ်။ သူတို့ဟာ စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံပြီး၊ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်ဖို့ ကြံရွယ်တာကြောင့် ဖြစ်တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက စွပ်စွဲပါတယ်။

နှင်ထုတ်ခံရတဲ့ အမေရိကန်သံတမန် နှစ်ဦးကတော့ စစ်သံအဖြစ် တာဝန်ကျနေတဲ့ အမေရိ ကန် လေတပ် အရာရှိတွေ ဖြစ်ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေး ဌာနကတော့ တစုံတရာ မှတ်ချက်ပေးတာ မရှိပေမဲ့၊ ဒီအရာရှိနှစ်ဦး အခု ဗင်နီဇွဲလားကနေ ထွက်ခွာလာရတယ်ဆိုတာကို အတည်ပြုပါတယ်။
XS
SM
MD
LG