သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားသမ္မတ ကွယ်လွန်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်း


ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဇ်ရဲ့ ဈာပနအခမ်းအနား (၆ မတ်လ ၂၀၁၃)
ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဇ်ရဲ့ ဈာပနအခမ်းအနား (၆ မတ်လ ၂၀၁၃)
ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူဂို ချားဗက်ဇ် (Hugo Chavez) ကွယ်လွန်တဲ့အပေါ် အများအပြားက ဝမ်းနည်းစကား ဆိုခဲ့ကြသလို ဗင်နီဇွဲလား ပြည်သူတွေကို မျှော်လင့်ချက် မပျက်ကြဖို့ အားပေးစကား ဆိုခဲ့ကြပါတယ်။

သောကြာနေ့မှာလုပ်မယ့် နိုင်ငံတော် ဈာပနအခမ်းအနားကို တက် ရောက်ကြဖို့ ကွယ်လွန်သူ သမ္မတနဲ့ အရင်းနှီးဆုံး နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဘိုလီးဗီးယား သမ္မတ အီဗို မိုရဲလဲစ် (Evo Morales)၊ အာဂျင်တီးနား သမ္မတ ခရစ္စတီးနား ဖာနန်းဒဇ် (Cristina Fernandez) နဲ့ ဥရုဂွေး သမ္မတ ဟိုဆေး မူဟီးကား (Jose Mujica) တို့ဟာ ဗုဒ္ဓဟူးနေ့ထဲက ဗင်နီဇွဲလားနိုင်ငံမှာ ရောက် ရှိနေကြပါတယ်။

လွတ်မြောက်ဖို့ တိုက်ပွဲဝင်ကြသူတွေအတွက် ဟူဂို ချားဗက်ဇ် (Hugo Chavez) ဟာ အားကျစရာ ပုဂ္ဂိုလ်တယောက်အဖြစ် ဆက်ပြီး ရှိသွားမှာဖြစ်တယ်လို့ မစ္စတာ ချားဗက်ဇ် ကွယ်လွန်ပြီဆိုတဲ့ သတင်း ရပြီးချိန်မှာပဲ သမ္မတ မိုရဲလဲစ် (Morales) က မျက်ရည်လည်ရွဲ နဲ့ ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလား သမ္မတကွယ်လွန်မှုအတွက် နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ဗင်နီဇွဲလား ပြည်သူတွေအတွက် အစောပိုင်းက ဝမ်းနည်း စကား ဆိုခဲ့ပါတယ်။

မစ္စတာ ချားဗက်ဇ် အစိုးရနဲ့ အင်မတန်ရင်းနှီးတဲ့ မဟာမိတ်ဖြစ်တဲ့ ကျူးဘားနိုင်ငံကတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ၂ ရက် သတ်မှတ်ပြီး အလံတိုင်ဝက် လွှင့်ထူခဲ့ပါတယ်။ ဟူဂို ချားဗက်ဇ်ကို ကျူးဘားနိုင်ငံရဲ့ အထူးချွန်ဆုံး သားကောင်းတယောက်အဖြစ် ကျူးဘားပြည်သူတွေ က သတ်မှတ်ကြတယ်လို့ ကျူးဘားအစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အီရန်သမ္မတ မာမွတ် အမာဒီနီဂျဒ် (Mahmoud Ahmadinejad) ကလည်း ဝမ်းနည်းကြေကွဲ
ကြောင်း ပြောခဲ့ပြီး သောကြာနေ့ အသုဘအခမ်းအနားကို သူ တက်ကောင်းတက်မယ်လို့ ဆိုပါတယ်။ တရုတ်နိင်ငံကတော့ မစ္စတာ ချားဗက်ဇ်ဟာ ခေါင်းဆောင်ကောင်းတယောက်ဖြစ်သလို၊ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေကောင်း တယောက်ဖြစ်တယ်လို့ ပြောကြားပါတယ်။

မစ္စတာ ချားဗက်ဇ်ရဲ့ဝေဖန်တိုက်ခိုက်ပြောဆိုမှုကို မကြာခဏခံရတဲ့ အမေရိကန် အစိုးရကတော့ သူ့ရဲ့ကွယ်လွန်မှုကို သတိနဲ့ တုံ့ပြန်ပါတယ်။ ဗင်နီဇွဲလား ပြည်သူတွေဘက်မှာ ရပ်တည်ကြောင်းနဲ့ ဗင်နီဇွဲလားအစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ စိတ်ဝင်စားတယ်လို့ အမေရိကန်အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG