သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအဖွဲ့များ ဒုသမ္မတနဲ့စည်းဝေး


တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့သော မြန်မာ
ဒုသမ္မတ စိုင်းမောက်ခမ်း။
တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့သော မြန်မာ ဒုသမ္မတ စိုင်းမောက်ခမ်း။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁) စိုင်းမောက်ခမ်းနဲ့ ပထမဆုံး တွေ့ဆုံခဲ့ကြချိန် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဦးဆောင်တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ ဒီကနေ့ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ကြတာပါ။ ဒီတွေ့ဆုံပွဲအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တွေ့ဆုံဆွေးနွေးနေကြတဲ့အထဲ ဒီကနေ့တော့ နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁) စိုင်းမောက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ နောက် RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးအဖွဲ့ အပါအဝင် တိုင်းရင်းသားပညာရှင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ စိုင်းမောက်ခမ်းကို တိုင်းရင်းသားတွေဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားအမြင်တွေကို တင်ပြနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးရဲ့ ကိုယ်ရေးအရာရှိ စောတမူလာက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဆယ်နာရီလောက်မှာတွေ့ဖြစ်တယ်။ မီးရထားဝန်ကြီးဌာနရဲ့ ခန်းမမှာ တွေ့ဖြစ်တာဖြစ်တယ်။ ပါဝင်တာက ကျနော်တို့ဘက်က KNU အမျိုးသားအစည်းအရုံး၊ နောက်ပြီးတော့ RCSS- တိုင်းရင်းသားထဲက ပညာရှင်တွေ ပါကြပြီးတော့ မြန်မာအစိုးရဘက်ကတော့ ဒုတိယသမ္မတစိုင်းမောက်ခမ်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့နဲ့ပါခင်ဗျ။ ပြောတဲ့အကြောင်းအရာတွေက ကျနော်တို့ KNU ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်မှာ ထားရှိတဲ့ ကျနော်တို့ဘက်က အမြင်၊ နောက် KNU ရဲ့ မူသဘောထားဝါဒနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်အကြောင်း အရာများ ဆက်ကောင်းအောင်လုပ်ဖို့အတွက် ဘယ်လိုများ လုပ်ဖို့လိုသေးလဲဆိုတာကို ပြောဖြစ်ကြပါတယ် ခင်ဗျ။ ငြိမ်းချမ်းရေးကို တက်လှမ်းမယ့်အဆင့်တဆင့်မှာ တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်အောင် လုပ်ပေးကြဖို့ကိုလည်း ကျနော်တို့ အလေးအနက်ထားပြောခဲ့ပါတယ်ခင်ဗျ။”

အမှန်တကယ် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အရေး မြန်မာပြည်ဒေသအသီးသီးမှာ အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အထဲ အဓိက ပြဿနာဖြစ်နေတဲ့ နှစ်ဘက်တပ်များ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ နယ်မြေသတ်မှတ်ရေးတွေကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁) စိုင်းမောက်ခမ်းကို တင်ပြခဲ့တယ်လို့ ကိုယ်ရေးအရာရှိ စောတမူလာက ပြောပါတယ်။

“အခု ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လုပ်တဲ့ ပထမအဆင့်မှာ ကိုတည်းက တစ်နှစ်ကျော်တဲ့အချိန်မှာ သိသိသာသာတိုးတက်မှုတွေတော့ ရခဲ့တဲ့အပိုင်းရပေမဲ့ ကျနော်တို့ ကျေနပ်လောက်ရတယ်ပြောပေမယ့် ခိုင်မာတဲ့အပစ်အခတ်ရပ်စဲတဲ့အဆင့်ကို ရောက်ဖို့က အများကြီးလိုနေတယ်။ ဥပမာ ကျနော်တို့ရဲ့ KNU နဲ့ မြန်မာအစိုးရတပ်မဟာ ပြောထားတဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက်ဆိုလို့ရှိရင် ကျနော်တို့ပြောတဲ့ နှစ်ဘက်တပ်များလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများဆိုတဲ့ကိစ္စတွေမှာ ပြေပြေလည်လည် ဆွေးနွေးပြီးတော့ သဘောတူညီချက်ရပြီးတော့ နှစ်ဘက်အဖွဲ့ဆိုင်ရာလူများကလည်း လက်မှတ်ရေးထိုးဖို့လိုနေတဲ့အဆင့် ရှိနေပါသေးတယ်။ ဒါပေမဲ့ အခုလိုမျိုး တွေ့ဆုံမှုဆိုတာက နည်းမှန်လမ်းမှန်ကိစ္စတခုဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ဆိုလိုရှိရင် ဒီလိုဖော်ဆောင်ရေးအဖွဲ့မှာ ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ MPC အပါအဝင်က ကျနော်တို့ ယန္တရားမှာ ပါဝင်တဲ့ ကော်မတီအဖွဲ့နဲ့ တွေ့ဆုံမှုဆိုတာက တစ်ခါမှ မရှိခဲ့ဘူးခင်ဗျ။ အဲဒီတော့ ဒီယန္တရားမှာပါဝင်တဲ့ ကော်မတီ တရပ်လုံးနဲ့ တွေ့ဆုံခြင်းက အင်မတန်အဓိပ္ပာယ်ရှိပြီးတော့ ငြိမ်းချမ်းဖြစ်စဉ်မှာလည်း ဖြစ်ပေါ်တိုးတက်မှုကို သိသာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာ နေပြည်တော်မှာ သွားရောက်ပြောတဲ့အပေါ်မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်ဆိုတာ ကျနော်ပြောချင်တယ်။ ဒီအပေါ်ကနေပြီးတော့ ဆက်လက်တွေ့ဆုံပြီးတော့ တာဝန်ရှိသူများအားလုံး ရှေ့မှာ လမ်းတွေက ပိုပွင့်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျာ။”

နောက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ မငြိမ်းချမ်းနိုင်သေးတဲ့ ဒေသတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းတွေနဲ့ အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံတွင်း ညီနောင် တိုင်းရင်းသား ပါတီတွေ ဦးဆောင်တဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံပါဝင်တဲ့ တိုင်းရင်းသားညီလာခံ ကျင်းပနိုင်ရေးအပါအဝင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ စောတမူလာကဆိုပါတယ်။

ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ဆုံပွဲကို အခု မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီးဂျေးနမ်ဗီးယားလည်း တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG