သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရောက်


မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်။ (၀၈၊ ၀၃၊ ၂၀၁၂)
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်။ (၀၈၊ ၀၃၊ ၂၀၁၂)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ရက်ကြာ ခရီးနဲ့ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အပြင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ ပြီးနောက် အိန္ဒိယနိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ ဘယ်လောက်ထူးခြားသလဲ၊ အိန္ဒိယ စစ်တပ်နဲ့ ဘယ်လို သဘောတူညီမှုတွေ ရနိုင်သလဲ ဆိုတာကို စုံစမ်းထားတဲ့ မစုမြတ်မွန်က ဆက်လက် တင်ပြပါမယ်။

ဗုဒ္ဓဟူးနေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ သောကြာနေ့မှာတော့ နယူးဒေလီ မြို့တော်မှာရှိတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယ ရေတပ် ဗိုလ်ချုပ်ကြီး Nirmal Verma က လက်ခံပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Anthony အပြင် အိန္ဒိယ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ရှိပါတယ်။

၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ Kolkata မြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ဗီရှာကားပါတနမ် (Visakhapatnam) ဆိပ်ကမ်းမြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း ရေတပ်စခန်းဆီကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်းမှာ အိန္ဒိယနဲ့မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမို တိုးတက်ဖို့အတွက် မြန်မာစစ်တပ် အရာရှိတွေကို အိန္ဒိယက သင်တန်းတွေပေးရေး၊ တိုက်ပွဲသုံး မဟုတ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေး သဘောတူကြလိမ့်မယ်လို့ အိန္ဒိယဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မေလကုန်ပိုင်းတုန်းက အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh မြန်မာနိုင်ငံကို လာသွားခဲ့ပြီးနောက်မှာ ခုလို မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ နှစ်နိုင်ငံလုံးအတွက် ဘယ်လို အပြန်အလှန် အကျိုးရှိနိုင်ပါသလဲ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု NDD ရဲ့ သုတေသနဌာန က ဦးဌေးအောင်ရဲ့ သုံးသပ်ချက်ကတော့-
“မကြာသေးခင်ကမှ မြန်မာနိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန် ဆင်း (Manmohan Singh) လာသွားတဲ့ အချိန်မှာ နှစ်နိုင်ငံ အစိုးရတွေ ကြားမှာ ဆွေးနွေးချက်တွေရှိတယ်လို့ ကျနော်တို့ သိရပါတယ်။

"အိန္ဒိယနိုင်ငံရဲ့ စစ်တက္ကသိုလ်တွေမှာ သူတို့သင်တန်းတွေ ပေးနေတာကို ထပ်ပြီး တိုးချဲ့ပေးဖို့ တို့၊ နောက်တခုကလည်း၂ နိုင်ငံကြားမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ဖို့တို့ ဒါမျိုးတွေ မြန်မာဘက်က တောင်းဆိုတာရှိသလို အိန္ဒိယကလည်းပဲ မြန်မာနိုင်ငံအတွင်းမှာ စစ်ခန်းတွေဖွင့်ပြီး အိန္ဒိယကနေ ခွဲထွက်ဖို့လုပ်နေတဲ့ အာသံတို့၊ ကသည်း သူပုန်တွေ၊ နောက်ပြီးတော့ နာဂသူပုန်တွေကို မြန်မာဘက်မှာ လက်မခံဖို့ဆိုတဲ့ တောင်းဆိုချက်တွေလည်း ရှိတယ်လေ၊ အဲဒီတော့ ၂ နိုင်ငံ တပ်မတော်တွေက အပြန်အလှန် အကျိုးစီးပွားအတွက် အခုလို သွားရောက်တာ ဖြစ်ဖို့ များပါတယ်။”

အိန္ဒိယ မြန်မာနယ်စပ်မှာ ခိုအောင်းနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို ရှင်းလင်းရေး အတွက် မြန်မာဘက်က အကူအညီကို လိုအပ်တာကြောင့် အိန္ဒိယ နိုင်ငံအနေနဲ့ မြန်မာနဲ့ စစ်ရေး ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့ အရေးကြီးသလို အရှေ့မျှော်မူဝါဒကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ အရေးကြီး တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီရေးကို အားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ စစ်အစိုးရလက်ထက်မှကတည်းက ပြန်ပြီး ဆက်ဆံရေး ကောင်းအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။

“အိန္ဒိယဘက်က မြန်မာနိုင်ငံကို ငွေချေးတာမျိုးတို့၊ စစ်သင်တန်းတွေခေါ်ပေးတာမျိုးတို့၊ နောက် ရေ တပ်ချင်းတွေ ပူးပေါင်းပြီး ရေတပ် လေ့ကျင့်ပွဲတွေမှာ ဖိတ်ကြားတာမျိုးတို့၊ ဒါမျိုးတွေ ပြန် လုပ်ပြီးတော့ မြန်မာအစိုးရကို ပြန်ချော့ရတဲ့သဘောမျိုးပေါ့နော်၊ အခု နောက်ပိုင်း ဆိုလို့ရှိရင် ၂ နိုင်ငံသူပုန်တွေ၊ သူပုန်ခေါင်းဆောင်တွေကို ဟိုဘက် ဒီဘက် ဖမ်းပြီးတော့ အပြန်အလှန် လဲလှယ်တာမျိုးတွေတောင်မှ ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။”

ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူး ယူခဲ့ပြီးတဲ့နောက် ၂၀၁၁ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံကို ပထမဆုံး သွားခဲ့ပြီး ၂၀၁၂ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အခု အိန္ဒိယခရီးစဉ်ကတော့ တတိယမြောက် နိုင်ငံခြား ခရီးစဉ်ဖြစ်ပြီး ရှေ့တပတ် ဗုဒ္ဓဟူးနေ့အထိ အိန္ဒိယ နိုင်ငံမှာ ရှိနေမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG