သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အပစ်ရပ် သဘောတူညီမှု အပေါ် အမြင် တချို့


တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသရွေ့ မြန်မာအစိုးရကို ကချင်တိုင်းရင်းသား ပြည်သူတွေဘက်က သံသယတွေရှိနေမှာ ဖြစ်တယ်လို့ ကချင်ဘာသာရေး ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပွဲကနေ NCA စာချုပ် လက်မှတ်ရေးထိုးမယ့်ရက်ကို အောက်တိုဘာလအတွင်း ဖြစ်နိုင်မယ်လို့ အကြမ်းအားဖြင့် သတ်မှတ်ခဲ့ကြပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က သူရဲ့သဘောထားကို အခုလို ပြောသွားပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ငြိမ်းချမ်းရေးမရရှိဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာကို အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ဒါကြောင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်တဲ့ ဆန္ဒနဲ့ ဝိုင်းဝန်းဆွေးနွေးကြဖို့ ကျနော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အခု စက်တင်ဘာလ မကုန်ခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီကနေ့ အစည်းအဝေးမှာပဲ ကျနော်တို့အားလုံး ညှိနှိုင်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အားလုံးပါဝင်နိုင်ရေး NCA မှာ အဖုအထစ်ဖြစ်နေတဲ့ အချက်တွေကို အစိုးရဘက်က အလျှော့အတင်း ပြုလုပ်ပေးဖို့ တိုက်တွန်းကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

“NCA မှာ အားလုံးပါဝင် လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းများအတွက် NCA ရှေ့ဆက်ပါဝင်ရန် အဖုအထစ်ဖြစ်နေတဲ့ ညီနောင်များအားလုံး လက်ခံနိုင်ပြီး လက်တွေ့အခြေအနေကို ကိုက်ညီတဲ့ မူဝါဒ အလျော့အတင်း ပြုလုပ်ဖို့ကိုလည်း သမ္မတကြီးကို တောင်းဆိုချင်ပါတယ်။”

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့တွေ အားလုံးက လပေါင်းများစွာ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပေမဲ့ အခုချိန်ထိ လက်တွေ့အရ အားလုံးသဘောတူ လက်မှတ်ရေးထိုးတဲ့အဆင့် မရောက်နိုင်သေးဘဲ ရှိနေတာပါ။ မနေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်နဲ့ပတ်သက်လို့ သံသယတွေ ရှိနေသေးကြောင်း အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရ Rev. ဒေါက်တာ ခါလမ်ဆမ်စွန် က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကြိုးစားမှုကိုတော့ ကျနော်တို့ ဟို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးအတွက် အင်မတန်မှပဲ အရေးကြီးတဲ့ အချိန်အခါမှာ ကာကွယ်ရေးဦးစီးချုပ်က မရှိတာတွေရယ်၊ ပြီးရင် အခု ကျနော်တို့ ဒီ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ဒေသအချို့မှာ ဆက်လက် တိုက်ပွဲဖြစ်နေတဲ့ ဟာတွေရယ်က ကျနော်တို့ ကချင်တိုင်းရင်းသားများအတွက်တော့ စိုးရိမ်မှုတွေကတော့ ရှိနေတုန်းပဲ။ အပြည့်အ၀ ကျနော်တို့က ဘယ်လိုမှ ထောက်ခံတယ်လို့ ဆိုလို့မရသေးဘူး။ ဒီအရာတွေကတော့ ကျနော်တို့အတွက်က ခြောက်လှန့်မှုဖြစ်စေတယ်။”

အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးတဲ့ ဆွေးနွေးပွဲမှာ အဓိကဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခြင်း မရှိတဲ့အပေါ်မှာ တိုင်းရင်းသားတွေဘက်က NCA စာချုပ်အပေါ် ယုံကြည်မှုတွေ လျော့နည်းစေတယ်လို့ သူက ပြောပါတယ်။

“ဒီတခေါက် အစည်းအဝေး မသွားခင်မှာ လိုင်ဇာမှာ ကချင်လူထုရဲ့အမြင် စုစည်းတဲ့ အစည်းအဝေးတခု လုပ်တယ်။ လုပ်တော့ အဲဒီ KIO ဘက်ကလည်း အားလုံး ဗဟိုကော်မတီဝင်တွေလည်း ပါတာပေါ့။ ကျနော်တို့ ဒီ နယ်အရပ်ဘက်တွေ၊ ဘာသာရေး အဖွဲ့အစည်း အသီးသီးကလည်း ခေါ်ပြီး စည်းဝေးကြတဲ့အချိန်မှာ ကျနော်တို့က NCA ဆိုတဲ့အတိုင်း Nationwide တော့ ဖြစ်ရမယ်။ Nationwide ဆိုတဲ့နေရာမှာ ကျနော်တို့အားလုံးက simple way ပဲ တွေးတယ်။ simple way ဆိုတာကတော့ အားလုံးအဲဒီမှာ သွားပြီးမှ တဖွဲ့ချင်းစီပေါ့နော် အားလုံး ပါဝင်ပြီးမှ ထိုးတဲ့ NCA မျိုးကို ကျနော်တို့က ပုံရိပ်ကို အဲလိုမြင်တယ်။ အခုလို ဟို နှစ်ဖွဲ့ သုံးဖွဲ့ကို ချန်ထားမယ်။ ဟိုအဖွဲ့ကို ဒီအဖွဲ့နဲ့ ပူးပေါင်းမယ် ဆိုတဲ့ NCA မျိုးကျတော့ နည်းနည်း twist ပါနေသလိုပဲ။ ကျနော်တို့အနေနဲ့ စိတ်ထဲမှာ သိပ်မရှင်းဘူး အဲဒါတွေ။ နည်းနည်း သံသယရှိချင်တဲ့ သဘောတွေ ဖြစ်လာတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ရှိပြီး အဲဒီထဲက ကချင်၊ ကရင်၊ မွန် လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖဲ့ွကနေ NCA စာချုပ်မှာ အားလုံး တညီတညွတ်တည်း တပြိုင်တည်း လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG