သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအကြမ်းဖက်မှု တိကျစွာအရေးယူဖို့ ကုလတောင်းဆို


ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား
ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား
မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းမှာ ဒေသခံမဟုတ် တဲ့ ပြင်ပက ပါဝင်လှုံ့ဆော်ခဲ့ပြီး၊ တိုက်ခိုက်မှုတွေမှာ မူဆလင်တွေကို အသေအချာ ပစ်မှတ်ထား လုပ်တယ်ဆိုတာ တွေ့ရတဲ့အကြောင်း မြန်မာနိုင်ငံကို သွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအရာရှိ ဗွီဂျေး နမ်ဘီယား (Vijay Nambia) က ပြောလိုက်ပါတယ်။ ဒီဖြစ်ရပ်တွေ ပိုပြီး ကျယ်ပြန့်မလာအောင် ထိထိရောက်ရောက် ကိုင်တွယ်သွားမယ် လို့ မြန်မာသမ္မတက ကတိပြုတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗွီဂျေး နမ်ဘီယား (Vijay Nambia) ဟာ ပဋိပက္ခဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့ကို ကိုယ်တိုင်သွားရောက်ပြီး၊ အဲ့ဒီမှာ ဒေသခံ ဒုက္ခသည်တွေကိုရော၊ အာဏာပိုင်တွေကိုရော ဘာသာရေး ခေါင်းဆောင်တွေနဲ့ စစ်တပ်အရာရှိတွေကိုပါ တွေ့ဆုံခဲ့သူပါ။

အခု မြန်မာနိုင်ငံတွင်းက လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းနေသလို၊ ဘာသာရေးနဲ့ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေကိုလည်း မိမိတို့ လူထုကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကြ ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

သူ သွားရောက်ခဲ့တဲ့ မိတ္ထီလာမှာ ကြုံရတဲ့ အခြေအနေတွေကတော့ အင်မတန်ကို ဆိုးရွားလှတယ်လို့ မစ္စတာ နမ်ဘီးယား က မှတ်ချက်ပေးခဲ့ပါတယ်။

“အဲ့ဒီက အခြေအနေတွေက အတော်လေးကို ဆိုးရွားလှပါတယ်။ ဒုက္ခသည် စခန်းတွေမှာရှိတဲ့ လူတွေလည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေပါတယ်။ ကျနော် တချက် သတိထားမိတာကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူတို့ အတော်လေးကို အံ့အားသင့်ကြတယ်။ သူတို့ဆိုတာက ဗုဒ္ဓဘာသာဝင် အိမ်နီးချင်းတွေနဲ့ နှစ်ပေါင်းများစွာ မျိုးဆက်နဲ့ချီပြီး အတူတကွ နေလာခဲ့ကြတာပါ။ ဘယ်လို ဖြစ်သွားသလဲဆိုတာကိုတောင် သူတို့ နားလည်ရခက်နေကြပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံက အပြန် ထိုင်းနိုင်ငံမှာရှိစဉ် တယ်လီဖုန်းကတဆင့် နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ အခြေအနေတွေကို သတင်းထောက်ကို ရှင်းပြခဲ့တာပါ။ အခု အကြမ်းဖက် ပဋိပက္ခတွေမှာ ဒေသခံမဟုတ်တဲ့ ပြင်ပ ပယောဂ လှုံ့ဆော်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်သလိုပဲ၊ မစ္စတာ နမ်ဘီးယား ကိုယ်တိုင် ကလည်း သူ့အတွေ့အကြုံအရ ဒါဟာ တစုစုက အသေအချာ ပြင်ဆင် လုပ်ဆောင်မှု ဖြစ်တယ်လို့ ယူဆပါတယ်။

“ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူအတော်များများ ပြောတာကတော့ အကြမ်းဖက် တိုက်ခိုက်သူတွေကို သူတို့ မသိကြပါဘူး။ သူတို့ဒေသ အပြင်က လူတွေလို့ ထင်ကြပါတယ်။ သေချာတာကတော့ အဲ့ဒီက မူဆလင် လူမှုအသိုင်းအဝိုင်းဟာ တကယ့်ကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာပါ။ ဒုက္ခသည် စခန်းတခုမှာ ဗုဒ္ဓဘာသာဝင် တချို့ကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ခံရတာ မူဆလင်တွေ အများစု ဖြစ်ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပြီး အခု ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ သမ္မတကတော့ ဒီကိစ္စအပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့ ကတိပြုတဲ့အကြောင်း ပြောပါတယ်။

“သမ္မတနဲ့ တွေ့တုန်းကတော့ ဒီအကြမ်းဖက် ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ သမ္မတက အခိုင်အမာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေ တခြားနေရာတွေ ကို ပြန့်မသွားအောင်လည်း အသေအချာ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အလားတူ အိမ်တွေ၊ ဗလီတွေကို ဖျက်ဆီး တိုက်ခိုက်မှုတွေဟာ တခြားမြို့တွေကိုလည်း ကူးစက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ မိတ္ထီလာကနေ ပဲခူးတိုင်း ဒေသကြီးအထိကို ကူးစက်လာပြီလို့ ဆိုပါတယ်။ တချို့ အခြေအနေတွေ ရန်ကုန်နား အထိတောင် ဖြစ်နေပြီလို့ သိရပါတယ်။”

မစ္စတာ နမ်ဘီးယားပြောသလိုပဲ၊ မငြိမ်မသက်မှုတွေဟာ မိတ္ထီလာအပြင် မန္တလေးတိုင်း ဒေသတချို့နဲ့ ပဲခူးတိုင်း ဒေသတချို့ကိုပါ ကူးစက်လာသလိုပဲ၊ ရန်ကုန်အထိပါ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။

လူမျိုးနွယ်တုန်း သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်ေးရးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် (Adama Dieng) ကိုယ်တိုင်ကလည်း အခု မြန်မာနိုင်ငံ အခြေအနေပေါ်မှာ စိုးရိမ်မကင်းတဲ့အကြောင်း ထုတ်ဖော်ပြောလာသလို၊ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဒီနောက်ကွယ်က တာဝန်ရှိသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် ကိုင်တွယ် အရေးယူဖို့ တိုက်တွန်း တောင်းဆိုနေပါတယ်။

လူမျိုးနွယ်တုန်း သတ်ဖြတ်မှုအထိ ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းကို သတင်းထောက်တွေ
မေးမြန်းရာမှာတော့၊ ဒီလိုအခြေအနေမျိုးအထိ ဖြစ်နေပြီလားဆိုတာ မသေချာပေမဲ့ အခု မိတ္ထီလာ အကြမ်းဖက်မှုတွေမှာ အသေအချာကို ပစ်မှတ်ထား လုပ်ဆောင်တယ် ဆိုတာကိုတော့ သေချာတယ်လို့ မစ္စတာ နမ်ဘီးယားက ဖြေသွားပါတယ်။

“အသေအချာ ပြောနိုင်တာကတော့ တိုက်ခိုက်မှုတွေဟာ တကယ့်ကို ပစ်မှတ်ထားပြီး ဆောင်ရွက်ကြတာပါ။ အိမ်တွေ အနေအထားကို ကြည့်ပြီးတော့၊ ဘယ်သူ့အိမ်လည်းဆိုတာ ခွဲခြားပြီး လုပ်တယ်လို့ သတင်းတွေမှာ သိရပါတယ်။ မူဆလင်အိမ်တွေ ဟုတ် မဟုတ်ဆိုတာကို အသေအချာ ခွဲပြီး တိုက်ခိုက်မှုတွေ လုပ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူတွေ ရှိသလဲဆိုတာကိုတော့ အတိအကျ ကျနော်တို့ မသိရပါဘူး။”

တဘက်မှာလည်း အရင်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့အရေးနဲ့ မတူတာက အကြမ်းဖက်ခံရသူ မူဆလင်တွေဟာ မြန်မာနိုင်ငံတွင်းမှာ မျိုးရိုးချီ နေထိုင်ခဲ့တဲ့ နိုင်ငံသား
တွေ ဖြစ်တ မို့၊ မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံသား အားလုံးကို အပြည့်အ၀ အကာအကွယ်ပေးဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ နမ်ဘီးယား ပြောပါတယ်။

“အခု မိတ္ထီလာမှာဖြစ်တဲ့ အခြေအနေက ရခိုင်နဲ့ တခြားဖြစ်တုန်းက အခြေအနေတွေနဲ့ မတူပါဘူး။ အဲ့ဒီတုန်းကတော့ အဲ့ဒီမှာ ရှိတဲ့သူတွေရဲ့ တရားဝင် နေထိုင်မှုကိစ္စက အကြောင်းရပ်တခု ဖြစ်ခဲ့ပါတယ်။ အခု ကိစ္စမှာတော့ မိတ္ထီလာမှာရှိတဲ့ မူဆလင်တွေဟာ မျိုးဆက်နဲ့ချီပြီး အဲ့ဒီမှာ နေလာခဲ့သူတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံသားတွေလည်း ဖြစ် ကြပါတယ်။ သူတို့ကို အစွန်းရောက်တွေလို့လည်း ပြောလို့ မရပါဘူး။ အခုဟာက လူမှု အသိုင်းအဝိုင်း တခုကနေ နောက်တခုကို တိုက်ခိုက်မှုပါ။ ဒါကြောင့် ဒီ တိုက်ခိုက်သူတွေကို ရှာဖွေပြီး ထိထိရောက်ရောက် အရေးယူပါမယ်။ ဘာသာရေး ခေါင်းဆောင်တွေ နဲ့ တွေ့တုန်းကလည်း ကျနော်ပြောတာက သူတို့နောက်လိုက် ဘာသာဝင်တွေကို အကြမ်းမဖက်ကြဖို့ ဥပဒေ လေးစား လိုက်နာဖို့ ဆိုတာတွေကို အများပြည်သူ သိအောင် ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ပြောခဲ့ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ အခု နောက်ဆုံးအကြိမ်မှာ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်းမှာပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူဆလင် စတဲ့ ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း အတူစုပြီး တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာတော့ မိတ္ထီလာမှာ အကြမ်းဖက်ခံရသူ မူဆလင်တွေကို သူတို့ဆန္ဒအတိုင်းပဲ မူလနေရာမှာ ပြန်ထားပေးပြီး၊ အဆောက်အဦးတွေ ပြန်ဆောက်ပေးတာ အပါအဝင် လိုအပ်တာတွေ အကူအညီတွေ ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း လည်း ပြောပါတယ်။

တဘက်မှာတော့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကိုတော့ တိတိကျကျ အရေးယူဖို့ လိုပြီး၊ အကြမ်းဖက်မှုမှာ ပတ်သက်တဲ့ အာဏာရှိသူတွေကို အပြစ်ကင်းလွှတ် ပေးထား တာမျိုး မဖြစ်စေဖို့လည်း လိုမယ်လို့ မစ္စတာ နမ်ဘီးယားက ပြောသွားပါတယ်။
XS
SM
MD
LG