သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံဒေသခံရွာတချို့ သောက်သုံးရေမှီခိုနေရတဲ့ ဆည် ပျက်စီးမှာစိုးရိမ်


ဆည်ရေကန် ပျက်စီးစေနိုင်တဲ့အတွက် မြေတူးစက်ကြီးတွေကို ရပ်တန့်ဖို့ ကန့်ကွက်နေကြတဲ့ ဆားခါးရွာသားများ (ပုံ - ဒေါက်တာစိုးနိုင်)
ဆည်ရေကန် ပျက်စီးစေနိုင်တဲ့အတွက် မြေတူးစက်ကြီးတွေကို ရပ်တန့်ဖို့ ကန့်ကွက်နေကြတဲ့ ဆားခါးရွာသားများ (ပုံ - ဒေါက်တာစိုးနိုင်)

မန္တလေးတိုင်း မြင်းခြံမြို့ ဆားခါးရွာ အပါအဝင် ရွာ ၃ ရွာလောက်က သောက်သုံးရေအတွက် မှီခိုနေရတဲ့ မြနန္ဒာဆည်အနီးမှာ မြေလွတ်မြေရိုင်း ရှင်းလင်းပြီး စီမံကိန်းအတွက် မြေတူးစက်ကြီးတွေနဲ့ တူးဖော်နေတဲ့အတွက် ဆားခါးရွာက ဒေသခံ ၅၀၀ လောက်က ဆန္ဒပြခဲ့ပြီး ၃၀၀ လောက်က မြေတူးစက်တွေကို တားဆီးခဲ့ပါတယ်။ သောက်သုံးရေတင်မက သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေပါ ဖြစ်နေပြီလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားတဲ့ Green for All အဖွဲ့ကလည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြင်းခြံခရို်င်အတွင်းက ဆားခါးရွာ၊ ရသေ့နှမ်းရွာ၊ ဂွေးပင်ရိုး စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီရှိတဲ့ ဒေသခံတွေ သောက်သုံးရေအတွက် အမှီအခိုပြုနေရတဲ့ ဆည် ပျက်စီးမှာကိုစိုးရိမ်ပြီး ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေရတာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားတဲ့ Green for All အဖွဲ့ရဲ့ တာဝန်ခံဒေါက်တာ စိုးနိုင် က ပြောပါတယ်။

“၁၉၅၀ ကျော်က တည်ခဲ့တဲ့ ဆားခါးရွာရဲ့ ရွာထိပ်က သောက်ရေကန်တွေကို ရေတဆင့်ဖြည့်ပေးနေတဲ့ ဆည် ပေါ့ဗျာ။ အဲဒီဆည်ကို ရေကျတဲ့ ရေလမ်းကြောင်းတွေကို မန္တလေးတိုင်းဒေသကြီးအစိုးရကနေ ပြောတာပဲ။ အဲဒါကို မြေလွတ်မြေရိုင်းနဲ့ မြေယာဖော်ထုတ်ရေးဆိုပြီးတော့ ဖော်ထုတ်ပြီးတော့ အဲဒါကို သိမ်းဖို့ကြိုးစားတဲ့အတွက်ကြောင့်မို့ ရွာသူရွာသားတွေက မကျေနပ်လို့ ဆန္ဒပြကြတာပါ။ ဧကရာချီပြီးတော့ ဆည်ထဲ ရေကျကောင်းတဲ့ လမ်းတွေကို ပိတ်ပြီးတော့ ရေလမ်းကြောင်းတွေကို ပိတ်ပြီးတော့ သူတို့ မြေကွက်ဖော်ပြီးတော့ ယူမယ့်သဘောရှိပါတယ်။ ဆည် ကို အဲ့လိုမျိုး ရေလမ်းကြောင်းတွေ ပိတ်လိုက်မယ်ဆိုရင် ဆည်ထဲကို ရေကျတွေ ရပ်သွားပြီးတော့ ရွာထိပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကန်တွေ၊ ရွာသုံးရေကန်တွေ၊ ရွာက အဲဒီကန်တွေက မိုးရေကိုပဲ အားကိုးရတာဗျ။ အဲဒီရွာမှာ ပေ ၈၀၀၊ ၁၀၀၀ လောက် တူးမှ ရေထွက်တာ။ အဲတော့ လူတိုင်း မတူးနိုင်ကြဘူး။ ဆည်ခမ်းသွားလို့ရှိရင် ရွာထိပ်က သောက်သုံးရေကန်တွေကို ပေးတဲ့ ကန်တွေကိုလည်း ဖြည့်ပေးနိုင်မှာ မဟုတ်တော့ဘူး။ အဲတော့ သူတို့အတွက် သောက်သုံးရေအခက်အခဲ ဖြစ်နိုင်တယ်ဆိုပြီးတော့ စီမံကိန်းကို ရပ်တန့်ဖို့ ဆန္ဒပြကြတာပါခင်ဗျ။ ဒီနေ့ ဆန္ဒပြကြတဲ့ လူအုပ်ထဲမှာ ပါတဲ့ အင်အားက ၅၀၀ လောက်ရှိပါတယ်။ ရွာမှာ မြေထိုးမြေကော်စက်တွေနားမှာ မြို့ပေါ်မှာ ဆန္ဒပြတဲ့အချိန်မှာ နောက်ကနေပြီးတော့ မြေကော်စက်တွေ၊ မြေထိုးစက်တွေနဲ့ ထိုးမှာစိုးလို့ ဆိုပြီးတော့ အဲဒီနားမှာ စောင့်ကြပ်နေတဲ့ အင်အားက ၃၀၀ လောက် ချန်ခဲ့ပါတယ် သူတို့။”

ဒေသခံအင်အား ၈၀၀ ခန့်လောက်က စီမံကိန်းဆက်မလုပ်ဖို့ မြေတူးစက်တွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမဲ့ အာဏာပိုင်တွေကတော့ ဆက်လုပ်မယ့် အခြေအနေရှိတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“ဒီဟာကို စီမံကိန်းဖော်ထုတ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ရန်ပုံငွေချပေးထားတာဖြစ်ပါတယ်။ ဒါဟာ သူတို့က သုံးဖို့အတွက်၊ လုပ်ဖို့အတွက် အမိန့်ရပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကတော့ ဆက်လုပ်ရမှာလို့ ပြောပါတယ်။”

အခုလို စီမံကိန်းလုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကို စိုးရိမ်ရပြီး အခုလောလောဆယ်မှာပဲ နှစ်ပေါင်းရာချီပြီး ရှိနေတဲ့ သစ်ပင်တွေ ပျက်စီးရတဲ့အတွက် မကြာခင်မှာပဲ သဘာဝဘေးဒဏ်ကို အဲဒီဒေသကလူတွေ ခံစားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ စိုးနိုင် က ဆိုပါတယ်။

“ဒီဆည်သာ တကယ်လို့ မရှိတော့ဘူးဆိုရင်၊ ခြောက်သွေ့ပြီးတော့ ရေမရှိတော့ဘူးဆိုရင် ရွာပတ်လည်မှာပေါက်နေတဲ့ ထန်းတောတွေရော၊ မန်းကျည်းပင်တွေရော၊ သစ်ကြီးဝါးကြီးတွေ ပေါက်နေတာတွေအားလုံး မိုးရေမသောက်ရတာနဲ့ပဲ ဆုံးရှုံးသွားနိုင်ပါတယ်။ အခုပဲ မြေထိုးထားတဲ့ ဧက ၁၄၀၊ ၅၀၊ ၂၀၀ လောက်မှာ သစ်ပင်တွေ အမြစ်ကပါ အကုန်လုံး တူးသွားတဲ့အတွက်ကြောင့်မို့ အခုလုံး ဖော်သွားတဲ့အတွက်ကြောင့်မို့ အဲဒီနားမှာ သလင်းခေါင်ကြီးဖြစ်နေပြီဗျ။ မိုးရွာလို့ရှိရင် သေချာတယ်။ အရင်တုန်းကတော့ သစ်ပင်တွေက မိုးရေတွေကို အကာအကွယ်ပေးထားပြီး မြေဆီလွှာကို အကာအကွယ်ပေးထားပြီး ဆည်တဲကိုချတဲ့ရေဟာ ကြည်လင်သန့်ရှင်းနေတာပဲ။ အခုတော့ အဲဒီသစ်ပင်တွေကို အကုန်လုံး ဂေါ်နဲ့ထိုးပစ်တဲ့အတွက်ကြောင့်မို့ သစ်ပင်တပင်ဖြစ်ဖို့ရာက နှစ်ပေါင်း ရာချီစောင့်ရတာ။ အဲဒီသစ်ပင်တွေ မရှိတော့တဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ ပူလာနိုင်တယ်။ ပိုပြီးတော့ ခြောက်သွေ့လာနိုင်တယ်။”

ဒေသခံတွေကတော့ သောက်သုံးရေ ခက်ခဲတဲ့ ဒေသဖြစ်တဲ့အတွက် ဆည်ရေကန်ပျက်စီးမှာ စိုးရိမ်မှုရှိနေပြီး ဒီစီမံကိန်းကို ဆက်မလုပ်သင့်ဘူးလို့ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG