သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCGUB ဝန်ကြီးချုပ် နဲ့ တွေ့ဆုံမေးမြန်းခန်း


ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးအပ်တဲ့ SWEDEN PALME PRIZE ဆုကို ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း လက်ခံရယူနေစဉ်ကဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးအပ်တဲ့ SWEDEN PALME PRIZE ဆုကို ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း လက်ခံရယူနေစဉ်ကဖြစ်ပါတယ်။
အမေရိကန်မှာ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီနဲ့ သမ္မတ အိုဘာမားက မြန်မာနိုင်ငံအပေါ်မှာ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲရေး အခြေအနေ တိုးတက်ရင် တိုးတက်သလို ပိတ်ဆို့ဒဏ်ခတ်မူတွေကိုလည်း အကန့်အသတ်နဲ့ တစ်ခုချင်း လျော့ချပေးခဲ့ပါတယ်။ ဒီလိုသမ္မတအိုဘားမားရဲ့ လက်တွေ့ကျကျ ဆက်ဆံရေးမူဝါဒနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ရဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို ဗွီအိုအေ မြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။အမေရိကန်မှာ လက်ရှိလုပ်နေတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီညီလာခံမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမူတွေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်သွားပါတယ်။ ပါတီရဲ့ လက်ရှိသမ္မတ အိုဘားမားရဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒ ရဲ့ ချဉ်းကပ်ပုံ မှန်ကန်မူ ပုံစံမျိုးလေးတွေကိုလည်း သူတို့တွေ ဂုဏ်မြှောက်ပြောဆိုနေတာတွေရှိတယ်။ ပါတီအနေနဲ့ ပါတီရဲ့ ကြေညာချက်တွေမှာပေါ့နော်။

ဒါတွေနဲ့ပတ်သက်ပြီးတော့ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျ ချဉ်းကပ် လုပ်ဆောင်မူ မူဝါဒမှာ ပြည်ပရောက် ဒီနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ ရှိခဲ့သလဲ ဆိုတာလေး ရှင်းပြပေးပါလား။

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း။ ။ ကျနော်တို့ကတော့ သမ္မတအိုဘားမားရဲ့ ချဉ်းကပ်မူကို ကြိုဆိုပါတယ်။ ဒီပြည်ပရောက် ဆိုတာတော့ ကျနော်တို့အဖွဲ့အစည်း အနေနဲ့ပဲ ကျနော် ပြောဖို့ပေါ့နော်။ ဒါက ဘာလဲဆိုတော့ အရင်ကတည်းက ကျနော်တို့အနေနဲ့ Sanctions တွေ ခေါ်ထားတယ်။ ဝေဖန်မူတွေ လုပ်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အမေရိကန်အစိုးရကို တိုက်တွန်းပါတယ်။ ဒါ သက်သေတွေလည်း ရှိပါတယ်။

တိုက်တွန်းတယ်ဆိုတာ သူတို့နဲ့ စကားပြောပါ။ Engagement ကို လုပ်ပါ။ သူတို့နဲ့ စကားမပြောပဲ မနေပါနဲ့။ စကားပြော။ ကျနော်တို့ တိုက်တွန်းတယ်။ နောက်ပြီး အဲ့ဒီ့အချိန်တုန်းက Republican အစိုးရ ပေါ့နော်။ဆိုတော့ Democrat ရော Republican ရောက အထူးသဖြင့် Congress မှာ Bipartite ထောက်ခံမူကို ကျနော်တို့ ရခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပြီးခဲ့တဲ့ နှစ်၂၀ကျော် ကာလအတွင်းမှာ ဆရာတို့အနေနဲ့က ဒီ အထူးသဖြင့် အစောပိုင်း ကာလတွေမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမူ၊ အထီးကျန် ဒဏ်ခတ်ထားမူ၊ အဲ့ဒီ့အနေအထားကနေ လက်တွေ့ကျ ဆက်ဆံတဲ့အခြေအနေ အထိ တဖြေးဖြေး ရွေ့လျော လာအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ ဒါက ဆရာတို့ရဲ့ ချဉ်းကပ်မူတွေ ဆရာတို့ရဲ့ တိုက်တွန်းမူတွေက တော်တော်လေး အရေးပါ အရာရောက်ခဲ့တယ်လို့ ဆိုချင်တာလား။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျနော်တို့ရဲ့ ချဉ်းကပ်မူက အရေးပါ အရာ ရောက်တယ်။ တွန်းအားပေးတယ်ပေါ့ဗျာ။ ဒီလိုတော့ ကျနော် ဆိုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲ့တော့ ကျနော်ထပ်ဆင့်ပြီး မေးချင်တာကတော့ ဒီလိုပြည်တွင်းမှာ အခုမြင်နေရတဲ့ ရုတ်တရက်ကြီး အရှိန်အဟုန်နဲ့ ထပြီး ဖြစ်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲမူတွေပေါ့လေ။ အဲ့တာတွေက အခု ဆရာပြောသလို အပြင်ဘက်က ဒီ-တွန်းအားပေးမူတွေရဲ့ အကြောင်းကြောင့်လား။

ဒါမှမဟုတ်လို့ ရှိရင် အစိုးရကိုယ်တိုင်ကိုက သူတို့ပုံဖော်ခဲ့သလို လမ်းပြမြေပုံ-ခုနှစ်ချက်လိုပေါ့နော်။

တဆင့်ချင်း လုပ်ဆောင်သွားတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ တဖြေးဖြေးချင်း ပြောင်းလာနေတဲ့ အခြေအနေကြောင့်လား။ ဒါမှမဟုတ်လို့ရှိရင် မကြာသေးခင် အချိန်ကာလအထိ အကျဉ်းထောင်တွေထဲမှာ ဒါမှမဟုတ်လို့ရှိရင် အချုပ်အနှောင်ခံနေရတဲ့ ပြောရေးဆိုခွင့် မရှိခဲ့တဲ့ ပြည်တွင်းနိုင်ငံရေး လူပ်ရှားမူတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍတွေကြောင့်လား။ ဘယ်လိုမျိုးတွေကြောင့်ပါလဲ။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။ ။ ကျနော်ကိုယ်ပိုင်အမြင်အရဆို သုံးခုစလုံး ပါတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အားလုံးပြောတဲ့အတိုင်းပဲ သူတို့ ဒီ နဝတ၊ နအဖ ပြောင်းတဲ့အချိန်မှာ လမ်းပြမြေပုံတော့ မဟုတ်ဘူးပေါ့ဗျာ။ National Convention ဆိုတာကို ပြောသွားတယ် နော်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ရွေးကောက်ပွဲရလာဒ်အတိုင်း အကောင်အထည်ဖော်မယ့်အစား National Convention အမျိုးသားညီလာခံဆို လမ်းပြောင်းလိုက်တယ်။ တချိန်တည်းမှာပဲ နောက်တခါ လမ်းပြမြေပုံဆိုတာ ပေါ်လာတယ်။ အဲ့တော့ ဒီ နအဖမှာလည်း ဒီလမ်းကြောင်းကိုတော့ သူတို့စဉ်းစားတဲ့ စဉ်းစားချက် ရှိနိုင်တာပေါ့ဗျာနော်။

တဖက်ကလည်း ဒီစဉ်းစားချက်ကို တွန်းအားပေးနိုင်တာက ပြည်တွင်းမှာရှိတဲ့ အခုနပြောသလို အကျဉ်းထောင်ထဲ ရောက်နေတဲ့သူတွေ ဒီလမ်းမပေါ်မှာ ဆန္ဒပြတဲ့သူတွေ အထူးသဖြင့် ဒီရွှေဝါရောင်ကိစ္စတွေ ပေါ်လာတယ်။ နာဂစ်ကိစ္စတွေ ပေါ်လာတယ်။

ဒီကိစ္စတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့အမြင်အရဆိုရင် ဒီအတိုင်းကြီး ဆက်သွားဖို့ဆိုတာတော့ မဖြစ်တော့ဘူး။ သူတို့ အင်္ဂလိပ်လိုပြောရင်တော့ Lost and Legitimacy ပေ့ါဗျာ။ ဘာပဲပြောပြော အဲ့တော့ အချက်က သုံးချက်စလုံး ပါပါတယ်။ ကျနော့်အမြင်က။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အဲ့တော့ မြန်မာနိုင်ငံထဲမှာ အခုမြင်နေရတဲ့ ပြုပြင်ပြောင်းလဲမူတွေက အများစိုးရိမ်နေသလိုပေါ့နော်။ ပြောင်းပြန် နောက်ကြောင်းပြန်သွားမယ့် အနေအထားမျိုးတွေရော ရှိနေသေးလား။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။ ။ အဲ့တာကတော့ ရှိတယ်ဗျ။ ရှိပြီး အဲ့တာကိုလည်း အထူးသဖြင့် လူတွေက စိုးရိမ်တယ်။ ဒီအကြောင်းကြောင့်လည်း ကျနော်တို့ President အိုဘားမားကို ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါတွေလုပ်တာ။ ဒါပေမယ့်လို့ ပွဲမပြီးသေးဘူးလို့။

မြန်မာလို ခေါ်ရင်တော့ ပွဲမပြီးသေးဘူးပေါ့ဗျာ။ ဒီမိုကရေစီအပြောင်းအလဲကို ကျနော်တို့ မရောက်သေးဘူး။ အဲ့တာကြောင့်မို့လို့ အမေရိကန်အစိုးရရဲ့ မြန်မာပေါ်မယ် ထားတဲ့ ကန့်သက်ချက်တွေ အကုန်လုံးကိုတော့ မရုပ်သိမ်းပါနဲ့ဦးလို့ ကျနော် ပြောချင်တယ်။

ဦးသန်းလွင်ထွန်း။ ။ အဲ့တာဆိုရင် ပြည်တွင်းမှာရှိတဲ့ သမ္မတဦးသိန်းစိန်ကိုရော ဘယ်လိုပြောချင်လဲ။

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။ ။ သမ္မတဦးသိန်းစိန်က သူ လုပ်တယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ ပြောပြောနေတဲ့ Anti-reformist တွေက ရှိသေးတယ်ဗျ။ ဥပမာ ကချင်ပြည်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ သမ္မတဦးသိန်းစိန်က ဒါကို တနည်းနည်းနဲ့ ရပ်ဖို့ ပြောတာ ကျနော်တို့ ခဏခဏ ကြားရပါတယ်။ တခါ မကပါဘူး။ ဒါပေမယ့်လို့ ဗမာ့တပ်မတော်ဟာ အကြီးအကျယ်ကို ထိုးစစ်တွေ ဆင်နေတယ်။ ဒါက မဟုတ်တော့ဘူးလေ။ ဒီလိုဟာမျိုးတွေ ပေါ်လာတယ်။

နောက်တခါ ဒီမိုကရေစီဆိုရင် အခြေခံဥပဒေက ဒီမိုကရေစီနဲ့ လိုက်လျောညီထွေတဲ့ အခြေခံဥပဒေ ဖြစ်ရမှာပေါ့။ တပ်မတော်ကို Commander in Chief ပေါ့နော် တပ်မတော်ဗိုလ်ချုပ်ကို အင်မတန်ကြီးမားတဲ့ အာဏာပေးထားမျိုးလည်း မပေးထားသင့်ဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲ့ဒီ့ပြောင်းလဲမူကို ဦးတည်နေတယ်လို့ရော မမြင်ဘူးလား။
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း။ ။ ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် အဲ့တာကို lift ပေါ့ဗျာ။ မဖျက်ပဲနဲ့ဆိုရင် ခုနပြောသလို ပြန်သွားနိုင်တယ်။ ပြန်သွားနိုင်တဲ့ စိုးရိမ်ချက်က ရှိနေတယ်။ ပြန်ပြီးတော့ in a reversible မဟုတ်ပဲ reversible ပြန်ပြီး သွားနိုင်တဲ့အတွက် ကျနော်တို့က President အိုဘားမားကိုပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

VOA ဌာနမှူးဦးသန်းလွင်ထွန်းက ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ NCGUBကို ဖျက်သိမ်းမလား။
မြန်မာနိုင်ငံကိုပဲ ပြန်လည်သွားရောက်ပြီး မြန်မာ့နိုင်ငံရေး ဆက်လက် ဆောင်ရွက်ကြမလား ဆိုတာကိုတော့ NUGUB ဝန်ကြီးဒေါက်တာစိန်ဝင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို နောက်တပတ် ထုတ်လွှင့်မယ့် VOA TV မဂ္ဂဇင်းအစီအစဉ်နဲ့ မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းတွေမှာ နားဆင်နိုင်ကြပါတယ်။
XS
SM
MD
LG