သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးဆိုင်ရာလိုအပ်ချက်၊ မြစ်ဆုံဆည်နဲ့ လက်ပန်းတောင်းတောင် စီမံကိန်းဆိုင်ရာ သဘောထားအမြင် စတာတွေအပြင် လက်ရှိ ကျောင်းသားတချို့ဆန္ဒပြနေမှု အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို တင်ပြပေးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါဆို တခြားအရေးကြီးတဲ့ကိစ္စတခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုနဲ့အသံ ကျနော်တို့သိပ်မကြားရဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကိုပါဝင်ဖို့လည်း မဖိတ်ခဲ့ဘူးလေ၊ အဲဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်မှာဆိုရင် ဟိုလူထားပစ်ခဲ့တယ်၊ ဒီလူ့ထားပစ်ခဲ့တယ်လို့ပြောပေမယ့် ကျမတို့က ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျမတို့ ဘာလို့မပါရတာလဲလို့ ကျမတို့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေက အဖွ့ဲအစည်းတွေက အချင်းချင်းဆွေးနွေးပြီးတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ယူချင်တယ်ဆိုပြီး ကြိုးစားနေတဲ့အချိန်မှာ ကျမတို့ မပါရကောင်းလား ဆိုပြီး ကျမတို့ တခါမှ မပြောဖူးပါဘူး။ ဘာဖြစ်လို့မပါရတာလဲလို့ မေးလို့ရှိရင်တော့ ကျမတို့ ရှင်းရှင်းပဲပြောပါတယ်။ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မဖိတ်ဘူး။ ဖိတ်ရင်တော့ ပါရမှာပေါ့၊ ကျမတို့က ဖိတ်ရင်လည်းပါဖို့ အဆင်သင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ နောင် ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လို့။ ဒါပေမယ့် တဖက်နဲ့တဖက်ဆွေးနွေးပြီးတော့ အဖြေရှာနေတဲ့အချိန်မှာ ကျမတို့မပါရကောင်းလားဆိုတာ ကျမတို့အတွက် နံပါတ် (၁) မဟုတ်ပါဘူး။ ဒီဆွေးနွေးနေတဲ့သူတွေက ပြည်သူအတွက် ငြိမ်းချမ်းရေးရနိုင်မယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ အင်မတန်မှပဲ ဝမ်းသာမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ လောလောဆယ်အားဖြင့်တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနိုင်တဲ့အခြေအနေရောက်နေတဲ့ အပြင်ကို ပြောရရင်တော့ နောက်ဆုံးလတ်တလောဖြစ်ရပ်ကို ကြည့်ရမယ်ဆိုလို့ရှိရင် တိုက်ပွဲသံတွေကိုတောင် ပြန်ပြီးဦးတည်နေတာကို တွေ့ရတယ်လေ။ အဲဒီတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ဘာတွေများလိုအပ်ချက်ရှိနေသလဲလို့ ဒေါ်အောင်ဆန်းစုကြည် ထင်သလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ နောက်ဆုံးကျတော့ အခြေခံအားဖြင့်ယုံကြည်မှုပေါ့နော်၊ ဟိုဘက်ဒီဘက်အပြန်အလှန် ယုံကြည်မှု ခိုင်မြဲသွားပြီဆိုလို့ရှိရင်တော့ သိပ်ပူစရာမရှိတော့ဘူး။ ဒါပေမယ့် ဒီလို ယုံကြည်မှုမခိုင်မြဲသရွေ့တော့ ဒီလိုပဲ အတက်အကျတွေကတော့ ရှိနေမှာပဲ။ ဒါကတော့ ဒီနိုင်ငံမှာတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး ရယူပြီးလို့ လက်မှတ်ထိုးပြီးတော့တောင်မှ ပျက်ပြားသွားတာတွေရှိပါတယ်။

… ဥပမာ ဆိုလို့ရှိရင် ဟုတ်လား မြောက်အိုင်ယာလန်မှာဆိုရင်လည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ အားလုံး အပစ်အခတ်ရပ်စဲရေးပြီးပါပြီဆိုပြီး လက်မှတ်လည်း ထိုးပြီးရော နောက်တနေ့မှာ ပေါက်ကွဲချင်ရင်လည်း ပေါက်ကွဲတာပဲ။ အဲဒါမျိုးတွေတော့ ဖြစ်ခဲ့တာတွေရှိပါတယ်။ ဒီလိုဟာမျိုးတွေကလည်း ဖြစ်နိုင်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ နောက်ဆုံးကျတော့ အပြန်အလှန် ယုံကြည်မှု မခိုင်မာသေးလို့ပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိကလိုအပ်ချက်ကတော့ အပြန်အလှန်ယုံကြည်မှုပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေကိစ္စပေါ့နော်-အဲဒီမှာ အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ လွှတ်တော်ထဲပါဝင်ပြီးတော့ အကုန်လုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်ဆောင်မှုတွေမြင်လာရတဲ့အခါမှာတော့ အမေရိကန်အပါအဝင် အနောက် အုပ်စုနိုင်ငံတွေကလည်း ဒါဟာ တိုးတက်မှုတရပ်အနေနဲ့ ရှုမြင်ပြီးတော့ အားပေးအားမြှောက်ပြုကြပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုရင်လည်း တော်တော်ဖြေလျှော့လိုက်တာ ကုန်သလောက်နီးပါးဖြစ်နေပါပြီ။ အဲဒီအခြေအနေမှာမှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပေါ့နော်။ သမ္မတအိုဘားမားမလာခင် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေဟာ အဲဒီလောက်ကြီးတော့ မတိုးတက်သေးဘူး။ တန့်နေတဲ့သဘောရှိတယ်ဆိုပြီးတော့တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဆီက သတိပေးတဲ့သဘော ကြားရပါတယ်။ အလားတူပဲ၊ သမ္မတအိုဘားမားရောက်ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်မှာ တစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြတယ်။ ဘယ်လိုအချက်အလက်တွေကို ဆွေးနွေးခဲ့ကြသလဲဆိုတာလေးကိုလည်း နည်းနည်းလောက် ပြောပြလို့ ရနိုင်မလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ ပြောလေ့ပြောထမရှိပါဘူး။ ကျမတို့ ဒီလို ဘာဆွေးနွေးတယ်ဆိုတာဟာ တရားဝင်သတင်းစာရှင်းလင်းပွဲမှာ ပြောပြသလောက်ပဲ၊ ဒီလောက်ပဲ ကျမတို့ပြောလေ့ရှိပါတယ်။ ဒါဟာ တရားဝင်ထုတ်ပြန်ချက်ပေါ်မှာ အခြေခံပြီးတော့ ကျမတို့ ဘာဆွေးနွေးတယ်။ ဘာ မဆွေးနွေးဘူးဆိုတာကို အသိပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့သဘောက မြန်မာနိုင်ငံမှာ ဒီလောက် မတိုးတက်သေးဘူး။ ဒီလောက်ကြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ပါနဲ့ဦးဆိုပြီးတော့ ဘရိတ်အုပ်တဲ့သဘောလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကစ္စနဲ့ပတ်သက်လို့ ခုနက ပြောသွားတဲ့စကားထဲမှာပေါ့နော်၊ ကျမက လွှတ်တော်ထဲမှာ တိုးတက်မှုရှိတယ်ဆိုတာလည်း ထည့်ပြောသွားပါတယ်။ နောက်တခုက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တန့်သွားတယ်ဆိုတာဟာ ဒါ အခုမှ ကျမပြောတဲ့စကားမဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက- ပြီးပြီးတော့ ပထမဦးဆုံး ကျမ နိုင်ငံခြားခရီးသွားတာဟာ ဘန်ကောက်က WAF အစည်းအဝေးကို သွားပြီး တက်ပါတယ်။ အဲဒီတုန်းက ကျမပြောပါတယ်။ ဒါ သိပ်ပြီးတော့ အကောင်းမြင်လွန်းလို့ မဖြစ်ဘူး။ healthy skepticism ပေါ့နော်၊ ဒီလိုပုံစံမျိုး လိုအပ်ပါတယ်လို့ ကျမ အဲဒီကတည်းက ပြောတာနော်၊ အခုမှပြောတာ မဟုတ်ဘူး။ ဒါ တစိုက်မတ်မတ် ပြောသွားတာ။

…. အဲဒီတော့ ပြုပြင်ပြောင်းလဲရေးမှာ အဓိက တာဝန်ရှိတာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ လွှတ်တော်ထဲမှာ ခုနက ပြောသွားသလိုပေါ့၊ လွှတ်တော်ထဲမှာ တိုးတက်မှုတွေရှိတယ်။ ကျမ ကျေနပ်တယ်လို့ပြောခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာဆိုလို့ရှိရင် ကျမတို့ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်က ၄၄ ယောက်ပေါ့နော်။ ဒါပေမယ့် တိုင်းဘက်ကလည်းပါတယ်ဆိုတော့ ကျမတို့အားလုံး ဒီ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဆိုရင် ၃၉ ယောက် ရောက်သွားကြတယ်။ အဲဒီတော့ ဒီ ၆၀၀ ကျော် ပြည်ထောင်စုလွှတ်တော်ထဲမှာ ၃၉ ယောက်ထဲနဲ့ အလုပ်ဖြစ်ဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး ဟိုဘက်ဒီဘက် တိုင်ပင်ပြီးတော့ အပေးအယူလုပ်ပြီးတော့ မလုပ်လို့ရှိရင် မရပါဘူး။ အဲဒီတော့ လွှတ်တော်ထဲမှာ ကျမတို့ရောက်သွားတဲ့အခါကျတော့ အခု ပြည်ထောင်စုလွှတ်တော် နာယကပေါ့နော်၊ အဲဒီအချိန်တုန်းက လွှတ်တော်နာယက ဦးခင်အောင်မြင့်ပါ၊ အဲဒီတော့ ခပ်တိုတိုပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်ဘက်ကရော၊ အမျိုးသားလွှတ်တော်ဘက်ကရော ဥက္ကဋ္ဌကြီးတွေကလည်း မျှမျှတတ ဆက်ဆံတယ်။ နောက်ပြီးတော့ ကျမတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဟာအတွက်တော့ ကျမက အားရပါတယ်။

… ဟို မကြာခင်တုန်းကဆိုလို့ရှိရင် နိုင်ငံခြားအဖွဲ့တခုကနေ လာပြီးတော့ လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လာပြီးတွေ့ပါတယ်။ တွေ့ပြီးတော့ အဲဒီမှာ သူတို့တွေ့ချင်တယ်ဆိုလို့ ကျမတို့ အမျိုးသမီး ကိုယ်စားလှယ်တချို့ကို ဖိတ်ထားတယ်။ ဖိတ်ထားတော့ အဲဒီအဖွဲ့က ဘယ်လို မေးလဲဆိုတော့ မြန်မာနိုင်ငံမှာပေါ့နော်- ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တကယ် ဖြစ်နေပြီလား၊ တိုးတက်မှုတွေဘာတွေ့ရလဲ၊ Reform ပေါ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာရှိခဲ့လဲ-ဆိုတော့ အားလုံးက ခေါင်းခါကြတယ်။ ဘယ်လိုမှ၊ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့ အခြေအနေဖြစ်သွားတယ်။ ကျမပါတီကချည်းမဟုတ်ဘူးနော်၊ ကျန်တဲ့ပါတီက ကိုယ်စားလှယ်တွေလည်းပါတယ်။ ( ဒါပေမယ့် ဒီပါတီတွေရဲ့…)

အဲဒီမှာ တခုပြောသွားတာက တိုင်းရင်းသားပါတီက အမျိုးသမီးကိုယ်စားလှယ်တယောက်က ပြောသွားတာက- ‘တခုတော့ ရှိတယ်တဲ့၊ လွှတ်တော်တဲ့၊ လွှတ်တော်ထဲမှာ ကျမတို့ပြောချင်တာကို လွပ်လွပ်လပ်လပ် ပြောနိုင်တယ်တဲ့၊ အဲဒါ တိုးတက်မှုပဲတဲ့၊’ ပြောလို့ပေါ့နော်။ ထိရောက်မှုရှိတာ မရှိတာက သပ်သပ်၊ ပြောတဲ့အတိုင်း တောင်းဆိုတဲ့အတိုင်းဖြစ်တာ မဖြစ်တာက သပ်သပ်၊ ဒီလို လွပ်လွပ်လပ်လပ် တိုင်းသိပြည်သိ တင်ပြနိုင်တာကိုက တိုးတက်မှုပဲဆိုတာကိုတော့ ကျမတို့အားလုံး သဘောတူတယ်။ ဟုတ်တယ်။ ဒါ တိုးတက်မှုပဲ၊ ဒါကြောင့် ကျမ ပြောပါတယ်။ ကျမတို့အမြင်မှာတော့ ကျမတို့ကိုယ်ကိုယ်တိုင်က လွှတ်တော်ထဲမှာ ရှိနေလို့လည်းဖြစ်နိုင်တယ်။ မဏ္ဍိုင်ကြီးသုံးခုမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရ ရှေ့က ရောက်နေတာကတော့ ဥပဒေပြုရေးမဏ္ဍိုင်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒီ ဥပဒေပြုရေးမဏ္ဍိုင်မှာ လွပ်လွပ်လပ်လပ် ပြောခွင့်တွေရှိလာနေပြီ၊ ဆွေးနွေးပိုင်ခွင့်တွေ ရှိလာနေပြီဆိုပေမယ့် အကောင်အထည်ဖော်ရေးအပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ထင်သလောက်မဖြစ်ဘူးဆိုတဲ့ သဘောကိုပြောတာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ထင်သလောက်မဟုတ်ပါဘူး။ မျှော်လင့်သလောက်မဖြစ်တာပါ။ အစကတည်းက သိပ်ထင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်က မလုပ်ဘဲနဲ့ တချို့ကိစ္စတွေက မဖြစ်နိုင်ပါဘူး။

…. ဥပမာဆိုရင်တော့ ဥပဒေတွေ၊ ဥပဒေကြမ်းတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်ကနေပြီးတော့ အတည်ပြုတော့ ဥပဒေဖြစ်သွားပြီ၊ ဒါပေမယ့် နည်းဥပဒေတွေ မထွက်လာမချင်း - ဟို ညွန်ကြားချက်အမိန့် စဉ်းမျဉ်း စဉ်းကမ်းတွေ မထွက်လာမချင်း ဒီဥပဒေတွေက အသက်မဝင်ဘူး။ အဲဒီတော့ လွှတ်တော်ကတော့ ပြီးသွားပြီလေ။ လွှတ်တော်အလုပ်။

… နောက်တခု ပြောရမယ်ဆိုရင် ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အားလုံးစိတ်ဝင်စားနေတဲ့ လယ်ယာမြေကိစ္စပေါ့နော်၊ ကျမတို့ လွှတ်တော်ကော်မတီကနေ မူလပိုင်ရှင်တွေကိုပြန်အပ်ဖို့အတွက် အဖွဲ့တွေဖွဲ့ခဲ့တယ်။ ဖွဲ့စည်းပြီးတော့ အကြံတွေပေးခဲ့တယ်။ သွားပြီးတော့ ကွင်းဆင်းပြီးတော့ လေ့လာတယ်။ အကြံပြုတယ်။ သို့သော်ငြားလည်း ဒီကိစ္စကို အကောင်အထည်ဖော်ရမှာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ ကျမတို့ လွှတ်တော်ကနေပြီးတော့ အကြံပေးနိုင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာအစိုးရဌာနတွေကို ခေါ်ပြီးတော့ လွှတ်တော်မှာ မေးခွန်းမေးနိုင်တယ်။ ဒီ့ထက်ပိုပြီးတော့ လုပ်လို့မရဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒီဥပမာကိုပဲ ကျနော်က ဆက်မေးချင်တာက ဒါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဥပဒေစိုးမိုးရေးကော်မရှင်ရဲ့ တာဝန်နဲ့တူတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီဟာက လယ်ယာ။ လယ်ယာမြေကိစ္စပြောနေတာပါ။

ဦးသန်းလွင်ထွန်း။ ။ အော်။ လွှတ်တော်ထဲကို ဝင်ပြီးသိပ်မကြာခင်မှာပဲ တရားဥပဒေစိုးမိုးရေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူရပါတယ်။ အဲဒီတော့ ဒီ ဥပဒေစိုးမိုးရေးဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောနေတဲ့ကိစ္စဆိုတော့- တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ မမျှတမှုတွေ၊ ဥပဒေကြောင်းအရအဆင်မပြေမှုတွေ၊ ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ လွှတ်တော်ထဲမှာ မကြာသေးခင် လွန်ခဲ့တဲ့သုံးလလောက်က အစီရင်ခံစာတင်ခဲ့တယ်လို့တော့ ကျနော်ကြားပါတယ်။ ကျနော်တို့အပြင်မှာတော့ သိပ်မတွေ့လိုက်ဘူး။ အဲဒီအစီရင်ခံစာကိုလေ။ အဲဒီတော့ အဲဒီ အကြောင်းနဲ့ပတ်သက်ပြီးမေးရရင်ဒေါ်အောင်းဆန်းစုကြည်အနေနဲ့က ဒီကော်မရှင်အနေနဲ့ အပြင်မှာဖြစ်နေတဲ့ မမျှတမှုတွေ၊ အခြေအနေတွေကို လွှတ်တော်ထဲ ခေါ်ယူစစ်ဆေးပိုင်ခွင့်၊ ကြားနာပိုင်ခွင့်၊ အဲဒါတွေရှိခဲ့မယ်၊ ရှိပြီးတော့ အစီရင်ခံစာတင်ပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိဘူးလားခင်ဗျ။ အဲဒါတွေက။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပူးပေါင်းဆောင်ရွက်မှုတွေက ကျမတို့ မျှော်လင့်သလောက်၊ လိုအပ်သလောက်မရှိဘူးလို့ပြောရမှာပဲ။ နောက်ပြီးတော့ ဥပဒေ စိုးမိုးရေးအစား၊ တရားဥပဒေစိုးမိုးရေးလို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဗမာလိုကျတော့ခွဲခြားပြီးပြောလို့မရတာနဲ့ အင်္ဂလိပ်လိုဆိုလို့ရှိရင် Rules by law and Rules of law ပေါ့နော်၊ အဲဒီတော့ အဲဒါကို ခွဲခြားပြီးပြောဖို့ဆိုရင် ကျမတို့ တရားဥပဒေစိုးမိုးရေးပေါ့၊ တရားတဲ့ ဥပဒေတွေဖြစ်ရမယ်။ အမိန့်အာဏာ စိုးမိုးရေးမဟုတ်ဘူး။ အဲဒီတော့ အာဏာရှိသူများထုတ်ထားတဲ့ ဥပဒေတိုင်းစိုးမိုးရေးဆိုတဲ့ သဘောမဟုတ်ဘူး။ တရားတဲ့ ဥပဒေစိုးမိုးရေးကို ကျမတို့ ဦးတည်တာဖြစ်ပါတယ်။ အဲဒီတော့ အခုကျမတို့ကနေပြီးတော့ ခေါ်ပြီးတော့ မေးနိုင်မြန်းနိုင်တာတွေရှိပါတယ်။ ဘယ်လောက် ထိရောက်မှုရှိလဲ ဆိုတာ စောစောကပြောတဲ့ အတိုင်းပဲ၊ နောက်ဆုံးကျတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပြီးတော့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေမှာ ကျမတို့အနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ သို့သော်ငြားလည်း တတ်နိုင်သလောက် ကျမတို့လုပ်ပါတယ်။

… ဥပမာဆိုလို့ရှိရင် ပညာပေးရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် ကျမတို့ workshop တွေပေါ့နော်၊ နှီးနှောဆွေးနွေးဖလှယ်ပွဲတွေ ဘာတွေလုပ်တယ်။ နောက်ပြီးတော့ သင်တန်းတွေပေးတယ်။ ဒါတွေက ကျမတို့ တတ်နိုင်သမျှ လုပ်တာပေါ့နော်။ အခုဆိုလို့ရှိရင်လည်း ကျမတို့ စပြီးတော့ ဒီ Rules of law centre ပေါ့နော်၊ တရားဥပဒေစိုးမိုးရေးစင်တာဆိုပြီးတော့ ကျမတို့ အစမ်းအားဖြင့် မန္တလေးနဲ့လားရှိုးမှာဖွင့်တယ်။ အဲဒီမှာဆိုလို့ရှိရင်လည်း ကျမတို့် မျှော်လင့်သလောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုမရှိဘူး။ ဒါပေမယ့်လည်း ကျမတို့ကတော့ တတ်နိုင်သလောက် လုပ်သွားမှာပဲ။ ဒီလိုပ၊ဲ တဆင့်ချင်းတဆင့်ချင်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အနေနဲ့ လုပ်နိုင်သမျှတော့ ကျမတို့က လုပ်သွားမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ နောက်အကြောင်းအရာလေးတစ်ခုလောက် မေးချင်ပါတယ်။ မကြာခင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကိုသွားဖို့ အစီအစဉ်လေးရှိတယ်ဆိုပြီးတော့ သတင်းထွက်ပါတယ်။ အဲဒီမေးခွန်းကိုလည်း ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဖြေတော့ဖြေပြီးပါပြီ။ အတိအကျမရှိသေးဘူးဆိုတဲ့သဘောပေါ့နော်၊ ဒီကြားထဲမှာ တစုံတရာများ ထူးထူးခြားခြား ထပ်ပြီး တိုးတက်မှုတွေရှိနေသလား၊ အစီအစဉ်လုပ်လာတာတွေ ရှိနေပလား၊ တကယ်လို့များသွားဖြစ်တယ်ဆိုလို့ရှိရင် ဒါ မြန်မာနိုင်ငံရဲ့အင်အားကြီး အိမ်နီးချင်း နိုင်ငံကြီးတစ်ခုကို ပထမဦးဆုံးသွားရောက်တဲ့ခရီးလည်းဖြစ်တယ်။ အရေးပါတဲ့ခရီးစဉ်လို့ ကျနော်တို့ ယူဆရပါတယ်။ ဘယ်လိုအကြောင်းအရာတွေများ စီစဉ်နေသလဲဆိုတာကို သိချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ တိတိကျကျ မစီစဉ်ရသေးပါဘူး။ ကိုယ့်အချိန်၊ သူ့အချိန်ပေါ့နော်- ဟိုဘက်ဒီဘက် ညှိရတာတွေကလည်း တခါတလေ သိပ်ပြီးတော့ မလွယ်ပါဘူး။ ကျမအားတဲ့အချိန်နဲ့ ဟိုဘက်ကလည်း သူတို့အတွက် အဆင်ပြေတဲ့အချိန်ဆိုတာက ချက်ခြင်းကိုက်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီးတော့လည်း ပြောရမယ်ဆိုလို့ ရှိလို့ရှိရင် အိမ်နီးချင်းနိုင်ငံ- အင်အားကြီးနိုင်ငံကြီးတခုဆိုလို့ရှိရင် ကျမ အိန္ဒိယကို သွားပြီးပါပြီ။ အဲဒီတော့ ကျမတို့က အိမ်နီးချင်းနိုင်ငံကြီးပေါ့နော်- အင်အားကြီးနိုင်ငံကြီးက နှစ်ခုရှိပါတယ်။ အဲဒီတော့ ဘယ်လိုပဲပြောပြော ကျမတို့က မြန်မာနိုင်ငံရဲ့အစဉ်အလာပေါ့နော်၊ လွတ်လပ်ရေးရပြီးကတည်းက အစဉ်အလာအရ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့အဆင်ပြေအောင် နေရေးကိုပဲ ဦးတည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ တရုတ်နိုင်ငံနဲ့ကိစ္စက အထူးတလည်ပေါ့နော်၊ မြန်မာနိုင်ငံအရေးမှာ အားလုံးစိတ်ဝင်စားတဲ့ကိစ္စ ဖြစ်တယ်လေ။ အထူးသဖြင့် လူထုကြားထဲမှာ တော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရဖူးတဲ့ မြစ်ဆုံကိစ္စ၊ နောက်ပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စ- ဒီကိစ္စမျိုးတွေမှာဆိုလို့ရှိရင် လူထုရဲ့ကန့်ကွက်မှုတွေ တော်တော်များများရှိခဲ့တယ်။ ရှိခဲ့တဲ့အခါကျတော့ သမ္မတဦးသိန်းစိန်လက်ထက်က ဆိုလို့ရှိရင်လည်း လူထုရဲ့ကန့်ကွက်မှုတွေကြောင့်ဆိုပြီးတော့ (အခုထိလည်း သမ္မတဦးသိန်းစိန် လက်ထက်လေ-) အဲ-ဟုတ်ကဲ့၊ သမ္မတ ဦးသိန်းစိန် ကလည်း သူ့လက်ထက်မှာ သူက ခဏရပ်ဆိုင်းထားတယ်ဆိုတဲ့ပုံစံကို - ဒီ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ဒါ နိုင်ငံတကာ စာချုပ်စာတန်းတွေနဲ့လုပ်နေတဲ့ကိစ္စ၊ ဒီကိစ္စမှာ ကျနော်သွားပြီးသတိထားမိတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆိုလို့ရှိရင်လည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာ ဒေသခံတွေ ဒေသတွင်းဖွံ့ဖြိုးမှု၊ လူထုရဲ့ဆန္ဒ၊ နိုင်ငံတကာ စာချုပ်စာတန်းတွေအပေါ် လေးစားမှု - ဒီကိစ္စတွေကို အချိုးညီစေရမယ်၊ ဒါတွေကို အကုန်လုံးနှိုင်းယှဉ်ပြီးတော့ စဉ်းစားရမယ်ဆိုပြီးတော့ ပြောသွားတာမျိုး ကျနော် မှတ်သားဖူး ပါတယ်။ အဲဒီတော့ တကယ်လို့များ သမ္မတဦးသိန်းစိန်ရဲ့အစိုးရသက်တမ်းဟာ ကုန်ခါနီးနေပြီ။ ဒီကိစ္စတွေပေါ်လာမယ်ဆိုရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘယ်လိုဖြေရှင်းချင်လဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကတော့ တာဝန်ယူမှု၊ တာဝန်သိမှုအပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းသွားမှာပါ။ ကျမတို့အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ထင်တဲ့အဖြေကို ကျမတို့ရှာသွားမှာပဲ။ အဲဒီတော့ ဒီဟာကို အများက သဘောတူညီချင်မှလည်း ညီမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အမြဲသဘောတူတာမဟုတ်ဘူးပေါ့နော်၊ သို့သော်ငြားလည်း အဓိက-ကတော့ ကျမတို့က နိုင်ငံအပေါ်မှာ စေတနာရှိတယ်ဆိုလို့ရှိရင် အမှန်လမ်းကိုပဲ ကျမတို့ရွေးရမှာပါ။ ဒီလိုရွေးလို့ ကျမတို့ အမြဲမှန်မယ်လို့လည်း အာမ မခံနိုင်ဘူးပေါ့နော်-လူဆိုတာ မှားတတ်တာပဲ။ ဒါပေမယ့် ကြည့်သင့်တဲ့အရာတွေအားလုံးကို သေသေချာချာကြည့်ပြီးတော့ လေ့လာပြီးတော့ မှန်ကန်တဲ့အဖြေတခုကိုတော့ ရှာလို့ရမယ်လို့ ကျမတို့ မျှော်လင့်တယ်။ အဲဒီတော့ အဲဒီမှာဆိုလို့ရှိရင် အခု ခဏခဏပြောနေတဲ့ ကောင်းသောအုပ်ချုပ်မှုပေါ့- Good Governance - အဲဒီဟာ-ဟာ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှု အပေါ်မှာ အခြေခံတယ်ဆိုတော့ ဒီလိုဟာမျိုးမှာလည်း ဒီလိုပဲသွားရမှာပဲ။

“ကျမတို့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ရှိရင် လက်ပန်းတောင်းတောင်နဲ့ပတ်သက်တဲ့ ကွန်ထရိုက်တွေထဲမှာ ဘာတွေပါခဲ့လဲ။ ကျမတို့က ဘာတွေပြုပြင်ဖို့အကြံပြုတယ်။ ဘယ်လို…ဘာလိုဆိုတာ အတိအကျ အသေးစိတ် - အစီရင်ခံစာထဲမှာ ပါပါတယ်။ ဒါပေမယ့် အများစုကတော့ မဖတ်ပါဘူး။ အစီရင်ခံစာကို မဖတ်ဘဲနဲ့ တခြားလူပြောတာတို့၊ ဒါမှမဟုတ် အကျဉ်းချုံးတင်ပြတဲ့အပေါ်မှာတို့-အခြေခံပြီးတော့ ထင်သလိုပေါ့နော်- ထင်သလို ဆွဲပြီးတော့ ယူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုဆိုတာ ဒီ မြစ်ဆုံကိစ္စမှာဆိုလို့ရှိရင် မြစ်ဆုံ ရေကာတာစီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လို သဘောတူညီချက်တွေရှိသလဲဆိုတာ ကျမတို့မသိဘူး။ ကျမ မသိဘူး။ ကျမတို့ပြည်သူပြည်သားတွေမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့လည်း အမှန်ပြောမယ်ဆိုရင် အခုထိတော့ တာဝန်ယူမှုတော့ ပြည့်ပြည့်စုံစုံ မရှိသေးဘူးလို့ပဲ ဒီလိုပဲ ကျမတို့ ပြောရမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ အခု လတ်တလောဖြစ်နေတဲ့ ပြည်တွင်းကိစ္စလေးတခုကို မေးချင်တယ်။ အဲဒါကတော့ ကျောင်းသားတွေကိစ္စ၊ အခု လောလောဆယ်မှာ တက္ကသိုလ်ကျောင်းသားတွေက မြန်မာနိုင်ငံပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တယ်ဆိုပြီး ဆန္ဒပြပွဲလေးတွေ ပေါ်ပါတယ်။ ဒီဥပဒေကလည်း ပြန်ကြည့်လိုက်တဲ့အခါကျတော့ အခု လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အပါအဝင် တင်ပြခဲ့တဲ့ အချက်တွေနဲ့ အတည်ပြုပြဌာန်းပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ ကျောင်းသားတွေရဲ့ဆန္ဒပြမှုဟာ အများစုလား၊ အနည်းစုလားဆိုတာတော့ ရေရှည် ဆိုရင်တော့ သိရမှာပေါ့လေ၊ ဒါပေမယ့် လောလောဆယ် ဒီဥပဒေကို မကျေမနပ်နဲ့ဆန္ဒပြမှုတွေ ပေါ်လာတယ်ဆိုတော့ ဒီကျောင်းသားတွေရဲ့ဆန္ဒအပေါ် ပြောဆိုချက်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အခု ကျောင်းသားတွေကနေပြီး ကန့်ကွက်တဲ့တချို့အချက်တွေဆိုလို့ရှိရင်လည်း ကျမတို့အဖွဲ့ချုပ်က မကြိုက်တဲ့ အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့်လည်း ကျမတို့က လူနည်းစုပဲ။ ကျမတို့ပြုပြင်ပေးတဲ့အချက်တွေ၊ ဒီလွှတ်တော်အတွင်းမှာ အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်တယ်ဆိုတာကိုလည်း ဒါကို အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဥပဒေကိုဆွဲတဲ့ ကော်မတီကလည်း တော်တော်ကို မျှမျှတတ လုပ်ပါတယ်။ အဲဒီထဲမှာ ကျမတို့ရဲ့ပြုပြင်တာတွေ၊ ကျမတို့ရဲ့အဆိုပြုချက်တွေလည်း အများကြီး ပါပါတယ်။ ဒါပေမယ့် ၁၀၀ % တော့ မဟုတ်ဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက လွှတ်တော်ရဲ့သဘောထားချည့်ပဲလည်း အားလုံးမဟုတ်သေးဘူး။ ဟိုဘက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာက သဘောထားတွေလည်း ပါပါတယ်။ အဲဒီတော့ အခု ဒီလို ပြဿနာတွေ ဖြစ်နေရတာက ကျောင်းသားတွေ မကျေမနပ်ဖြစ်နေတဲ့အထဲမှာ အဓိက ဒီလို ဖြစ်ရတဲ့အကြောင်းကို ကျမ ဘာမြင်လဲဆိုတော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို အချိန်မီမလုပ်လို့ပါပဲ။

… ဥပမာဆိုလို့ရှိရင် တချို့ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကိစ္စတွေဟာ နည်းဥပဒေတွေနဲ့နွယ်နေတာတွေ ရှိတယ်။ နည်းဥပဒေတွေ မထွက်သေးဘူး။ နည်းဥပဒေတွေထွက်လာလို့ရှိရင် ပိုပြီးတော့ ကျောင်းသားတွေ (ကျောင်းသားသမဂ္ဂဖွဲ့ဖို့ တောင်းတဲ့ ကိစ္စမျိုးတွေလား…) အဲဒါကျတော့ နည်းဥပဒေတင် မကဘူး။ နောက် အဆင့်မြင့်ပညာရေးဥပဒေတွေနဲ့လည်း ဆိုင်ပြန်ရော၊ အဆင့်မြင့်ပညာရေးဥပဒေဆိုတာလည်း ကျမက အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရေး လွှတ်တော်ရဲ့ကော်မတီ ဥက္ကဋ္ဌဖြစ်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ဒီဥပဒေကြမ်းက အုပ်ချုပ်ရေးပိုင်းဆိုင်ရာဘက်က ရောက်ဖို့ စောင့်ရတယ်။ ကျမတို့ကတော့ အကြမ်းဖျင်းအဆင်သင့်ဖြစ်ထားတယ်။ ဒါပေမယ့် ဟိုဘက်က မရောက်မချင်း ကျမတို့ ဘာမှ လုပ်လို့မရဘူး။ ဟိုဘက်ကလာတဲ့ ဥပဒေကြမ်းပေါ်မှာမှ ကျမတို့ဆွေးနွေးပြီးတော့ ကျမတို့ပြင်ချင်တာတွေကို အဆိုပြုပြီးတော့ အတည်ပြုချက်ယူဖို့ဖြစ်တယ်။ အဲဒီတော့ အချိန်ကို လုပ်သင့် လုပ်ထိုက်တဲ့အခါမှာ အချိန်အရ မလုပ်လိုက်တဲ့အခါရယ်၊ မလိုအပ်တဲ့၊ မလိုလားအပ်တဲ့ပြဿနာတွေပေါ်လာတယ်။ အခု ဒီ နည်းဥပဒေတွေကလည်း ထွက်ပြီ။ အဆင့်မြင့်ပညာရေးဥပဒေတွေကလည်း ထွက်ပြီဆိုရင် ကျောင်းသားတွေအနေနဲ့ပိုပြီးတော့ သူတို့ ရှင်းရှင်းလင်း ဆုံးဖြတ်လို့ရမယ်။ သူတို့ရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား။ ဘယ်ဟာတွေကို သူတို့ တကယ်ကန့်ကွက်ချင်တာလဲ။ ဘယ်ဟာတွေကိုဆိုရင် သူတို့လက်ခံနိုင်သလဲ ဆိုတာကို- ပြောရမယ်ဆိုရင် ပုံတခုလုံးပေါ်တာပေါ့။ ပုံတခုလုံး မပေါ်သေးတဲ့အခါကျတော့ မကျေနပ်မှုတွေကလည်း ရှိမှာပဲ၊ ဖြေရှင်းရတာလည်း ခက်တာပေါ့။ ပုံတပိုင်းပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းဖို့ဆိုတာ မလွယ်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ကျောင်းသားတွေဆိုတာ လူငယ်တွေလည်း ဖြစ်နေတယ်ဆိုတော့ သူတို့နဲ့များတွေ့ဆုံပြီးတော့ ရှင်းလင်းပြဖို့ ဆန္ဒရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကိုယ်စားလှယ်တွေ ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ တွေ့ခဲ့တာရှိပါတယ်။ ကျမတို့က ကျောင်းသားတွေနဲ့ မတွေ့ချင်တဲ့စိတ် ဆိုတာ ဘယ်တော့မှမရှိဘူး။ တွေ့ချင်တယ်ဆိုရင် တွေ့ချင်တဲ့ကျောင်းသားတွေဆို အမြဲပဲတွေ့တယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးမှာ ကျမတို့က အခွင့်ကောင်းယူပြီး အစိုးရနဲ့ကျောင်းသားတွေကို တိုက်ပေးတယ်ဆိုတဲ့ဟာမျိုးလည်း ကျမတို့ မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ရေရှည်မှာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိလို့၊

…. အကျိုးမရှိလု့ိ ဆိုတာ - ဒီလိုပါ။ ဘယ်လိုပဲပြောပြော အတိုက်အခံဆိုတာဟာ အစိုးရကိုတိုက်ရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်လို့ မဖြစ်ဘူး။ အတိုက်အခံပါတီလုပ်နေပေမယ့် အတိုက်အခံပါတီရဲ့ အဓိကတာဝန်ဟာ အစိုးရရဲ့တာဝန်နဲ့ ဘာမှ မကွာဘူး။ အဲဒါဘာလဲဆိုတော့ နိုင်ငံရဲ့အကျိုးအတွက် လုပ်ရမယ်၊ နိုင်ငံရဲ့အကျိုးအတွက် ဆောင်ရွက်ဖို့ ကြိုးစားရမယ်။ ကိုယ့်ရဲ့အတိုက်အခံပါတီကို တိုက်ရင် ပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့ဆိုလို့ရှိရင် ကျမတို့ နိုင်ငံကို ဘယ်တော့မှ အကျိုးပြုနိုင်မှာ မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ကျနော့်ရဲ့ခရီးစဉ်အတိုအတွင်းမှာ သမ္မတကြီးဦးသိန်းစိန်နဲ့တွေ့ခွင့်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းနဲ့တွေ့ခွင့်ရတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ခွင့်ရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ထဲမှာပါနေတဲ့ ပုဂ္ဂိုလ်လေးဦးစလုံးနဲ့တွေ့ခွင့်ရတာပါပဲ။ အဲဒီတော့ အခု တွေ့ဆုံမေးမြန်းခန်းလေးကနေတဆင့်ပေါ့နော်။ ကျန်တဲ့ဆွေးနွေးဖော် သုံးဦးကို ဘာများ ပန်ကြားချင်လဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမက ထူးထူးထွေထွေ ထပ်ပြောစရာမရှိပါဘူး။ ကျမ ပြောပြီးပြီပဲ။ တကယ်ဆွေးနွေးတယ်ဆိုတာဟာ ပြဿနာတွေကို ပြေလည်အောင် လုပ်ဖို့ပဲ။ ဖြေရှင်းဖို့ပဲ။ နောက်ပြီးတော့ စောစောက ကျမပြောသွားသလိုပဲ- အဓိက ကျမတို့ပြေလည်အောင် လုပ်ရမယ့်ကိစ္စက ၂၀၁၅ အလွန် ကျမတို့နိုင်ငံ ဘယ်လိုဆက်ပြီး သွားမလဲ၊ ဘယ်လို အေးအေးချမ်းချမ်း ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးသွားနိုင်မလဲဆိုတာ အဲဒါကိုရှေ့ရှုပြီးတော့ ကျမတို့က ဒီလို ဆွေးနွေးပွဲတွေ တောင်းဆိုတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG