သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေသီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁၊ ၂၊ ၃ - အပြည့်အစုံ)


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄)

ဖွဲ့စည်းပုံပြင်ရေးအပေါ် ဗိုလ်ချုပ်မှူးကြီးအမြင်

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအဝင် ပြုပြင်ရေးကိစ္စတွေမှာ တပ်မတော်အနေနဲ့ မပြုပြင်ရေးဘက်က ရပ်တည်ခဲ့ရတဲ့အကြောင်းရင်းတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ ပထမဦးဆုံးသီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ NLD နဲ့ ၈၈ ပွင့်လင်းမျိုးဆက်ကနေ ကောက်ယူပြီး လွှတ်တော်ကိုတင်ပြခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် (၅) သန်းကိစ္စနဲ့ပတ်သက်လို့လည်း တပ်မတော်အနေနဲ့ ကျန်ရှိနေသေးတဲ့ လူထုဆန္ဒတွေကို စောင့်ကြည့်လေ့လာအုံးမှာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကိစ္စမှာတော့ လူအများကို ကိုယ်စားပြုဆွေးနွေးရင် ပိုပြီးသင့်လျော်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းကို နားဆင်ဖတ်ရှုနိုင်ပါပြီ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဗိုလ်ချုပ်မှူးကြီးခင်ဗျာ- အခုလို ကျနော်တို့ဗွီအိုအေကို ပထမဦးဆုံးအကြိမ် တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။ ဒါဟာတပ်မတော်အနေနဲ့ လူထုနဲ့ထိတွေ့ဖို့ဆောင်ရွက်လာတဲ့ အင်မတန်အရေးကြီးတဲ့အဆင့်တခုအနေနဲ့ ကျနော်တို့သတ်မှတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်လည်း အခုလိုတွေ့ဆုံခွင့်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ အင်မတန်လည်း ဝမ်းသာတဲ့အကြောင်း ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း။။ ဟုတ်ကဲ့ခင်ဗျာ။ တပ်မတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထဲမှာ အရေးအကြီးဆုံး လူအပြောများဆုံးဖြစ်နေတဲ့ ကိစ္စတွေ စပြီး ဆွေးနွေးချင်ပါတယ်။ အဓိကအားဖြင့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ပေါ့နော်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍ။ လွှတ်တော်ထဲမှာ တပ်မတော်သားအမတ်တွေ အချိုးကျရွေးကောက်ခံမဟုတ်ဘဲ ပါဝင်ခွင့်ဆိုတဲ့ အခြေအနေမျိုးဟာ နိုင်ငံတကာကရော ပြည်တွင်းကနိုင်ငံရေးသမားတွေကပါ ဝေဖန်ကြတဲ့အခြေအနေ ရှိပါတယ်။ ဒီအတွက်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်မွမ်းမံ ပြင်ဆင်ရေးဆိုတဲ့အချက်တွေကို ဆွေးနွေးနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကလည်း ပါဝင်ဆွေးနွေးနေကြတာ ကျနော်တို့ တွေ့ရှိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးကို မေးလိုပါတယ်။ အဲတော့ တပ်မတော်ရဲ့ သဘောထားပေါ့နော်၊မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့အခြေခံသဘောထားကို အရင်ရှင်းပြပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီတည်ရှိမှုရဲ့ တကယ့် အသက်တခုပါပဲ။ ဒီဥပဒေပေါ်လာဖို့အတွက်လည်း နှစ်အတော်ကြာကြာလေး ကြိုးစားပြီး ဆောင်ရွက်ခဲ့ရတာပါ။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ နောက် ဒါဟာလည်း ပြည်သူရဲ့တောင်းဆိုချက်အရပေါ်လာတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကိုသွားတဲ့ နိုင်ငံရဲ့ဖွဲ့စည်းမှုပါပဲ။ ဒီမှာလည်း သတ်မှတ်ထားတဲ့ အရင်ကတည်းကရှိပြီးတဲ့ ပြည်နယ်နဲ့တိုင်း ပြန်ပြီးတော့မှ ပုံစံတကျ စည်းနဲ့ကမ်းနဲ့လုပ်ထားတဲ့ ဥပဒေတခုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့အတွက် အင်မတန် အရေးကြီးတဲ့ ဥပဒေတခုလို့ပြောရပါမယ်။ ဒါကြောင့်လည်း ဒီဥပဒေကို အတည်ပြုတဲ့အခါမှာ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခွင့်ရှိတဲ့သူ (၂၇) သန်း ကျော်ထဲက (၂၆) သန်းကျော်လောက် မဲပေးပါတယ်။ ထောက်ခံမဲက ၉၂.၄၈% ထောက်ခံခဲ့တဲ့ ပြည်သူ အများစုနဲ့ ထောက်ခံအတည်ပြုခဲ့တဲ့ ဥပဒေတခုပေါ့။ အဲဒီအခြေအနေအချိန်အခါတုန်းကလည်း တကယ်ကို အင်မတန်ကို လူထုကလည်း လက်ခံတဲ့ အနေအထား၊ ငြင်းလို့လည်း မရပါဘူး။ ဒီဥပဒေတခုက ဒီနိုင်ငံရဲ့တည်ရှိမှုကိုဖော်ပြနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို ကျနော်တို့ စနစ်တကျ ခိုင်ခိုင်မာမာရှိမှသာ ဖြစ်မယ်ဆိုတာကို လူတိုင်းနားလည်တယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒီဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တာဝန်ရှိတယ်လို့ ဥပဒေမှာကို ပြဌာန်းထားပြီး ကျနော့်တို့ကိုယ်တိုင် လည်း ဒီအတိုင်းပဲ ခံယူထားပါတယ်။ နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။ ဒီအခြေခံဥပဒေပေါ်မှာ ရပ်တည်တဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့လည်း ဒီဟာကို သေချာ ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားပြီးတော့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်ခင်ဗျ။ အဲဒီတော့ နိုင်ငံတကာမှာဆိုလို့ရှိရင်လည်း နိုင်ငံအသီးသီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသီးသီးရှိကြပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေဆိုတာ အချိန်ကာလနဲ့အကြောင်းအားလျော်စွာ ပြုပြင်မွမ်းမံသင့်ရင် ပြုပြင်မွမ်းမံလို့ရအောင်ဆိုတဲ့ အနေအထားလေးတွေနဲ့ ပြဌာန်းဖို့ အချက်အလက်ကလေးတွေ ထည့်သွင်းထားတာ ရှိပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးပြောသလို ၂၀၀၈ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ အခု ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်မွမ်းမံစရာလေးတွေလည်း၊ ဆန္ဒတွေလည်း ပေါ်ပေါက်လာနေတဲ့အခါကျတော့ - ဘာသွားတွေ့နေလဲဆိုတော့ ဒီအခြေခံဥပဒေဟာ ပြုလွယ်ပြင်လွယ် မဟုတ်တဲ့အခြေခံဥပဒေဆိုတာကို သွားတွေ့နေရပါတယ်။ အဲဒီတော့ ဒီပုဒ်မ ၄၃၆ အရင်းအမြစ်ကို ပြင်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာ အခု လက်ရှိဆွေးနွေးနေကြတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ တပ်မတော်ကိုယ်စားလှယ်တွေက ဒါ မပြင်ရေးဘက်ကို ဝိုင်းဝန်းဆန္ဒပြုကြတယ်တာတွေလည်း တွေ့နေရပါတယ်။ အဲဒီအကြောင်းရင်းလေးကို ပြောပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အဲဒါဆိုရင်တော့ ကျနော်တို့ကလည်း သူ့ရဲ့နောက်ခံသမိုင်းလေးနဲ့ ပြောရမှ ပိုပြီး ကောင်းမယ်လို့ ထင်တာပေါ့လေ။ ကျနော်တို့နိုင်ငံကလည်း အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်ခဲ့ပါတယ်။ ဒါ လူတိုင်းလည်း သိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရဖို့အတွက်ကို တိုင်းရင်းသားပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးပြီးတော့ တိုက်ခိုက်ခဲ့ရပြီး လွတ်လပ်ရေးရခဲ့တာပေါ့။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း အခြေအနေအမျိုးမျိုးကြောင့် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ နောက်တခါ ကျနော်တို့နားလေးမှာလည်း အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အရှေ့ဘက်မှာလည်း လူဦးရေ သန်းပေါင်း (၁၃၀၀) လောက်ရှိတဲ့ တရုတ်နိုင်ငံပေါ့၊ အနောက်ဘက်မှာဆိုလို့ရှိရင်လည်း လူဦးရေသန်းပေါင်း (၁၂၀၀) လောက်ရှိတဲ့ အိန္ဒိယနိုင်ငံပေါ့။ တခါ အရင်ကတော့ အရှေ့ပါကစ္စတန်ပေါ့၊ အခုတော့ ဘင်္ဂလားဒေ့ရှ်လို့ ခေါ်တဲ့ လူဦးရေသန်းပေါင်း (၁၆၀) လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတာပေါ့။ အင်မတန်အင်အားများပြားတဲ့နိုင်ငံတွေပေါ့။ ဒီလိုတွေနဲ့ ထိစပ်ပြီးနေရတဲ့ ကျနော်တို့နိုင်ငံပေါ့- နောက်တခါ ကိုလိုနီဖြစ်ခဲ့တဲ့သမိုင်းကြောင်းပေါ့။ ဒါကိုမူတည်ပြီးတော့ နိုင်ငံရဲ့တည်ရှိမှုဟာ ခိုင်မာဖို့တော့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာရှိနေဖို့ဆိုတာတော့ ပိုပြီးတော့ လိုအပ်ပါတယ်။ နိုင်ငံတည်ရှိမှုအရေးလိုအပ်သလို ဒီနိုင်ငံတည်ရှိမှုအတွက် အထောက်အကူပေးနိုင်တဲ့ဥပဒေကလည်း ခိုင်ခိုင်မာမာ ရှိနေဖို့ဆိုတာတော့ ပိုပြီးတော့ လိုအပ်ပါတယ်။ ဥပဒေတခုကို မကြာခဏ ဟိုဟာလုပ်မယ်၊ ပြုမယ်ဆိုတာကလည်း - ဒါကတော့ ငြင်းလို့တော့ မရပါဘူး။ အမြဲတမ်းပြည့်စုံတဲ့ ဥပဒေတခုဆိုတာကတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဥပဒေအရ အကောင်အထည်ဖော်တဲ့နေရာမှာ လူကြီးတွေကလည်း တော်တော်လေးကို တွက်ဆပြီးတော့မှ ရှေ့လူကြီး ခေါင်းဆောင်တွေ အသီးသီးက တွက်ဆပြီးတော့မှ ဒီဥပဒေခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့လည်း ဒီဟာကို ဆက်လက်ထိန်းသိမ်းတဲ့သဘောအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဒီနေရာမှာ တချက်လေးပြောချင်တာက မကြာသေးခင်ကာလကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေကနေပြီးတော့ လူထုရဲ့သဘောထားဆန္ဒတွေ ကောက်ယူပြီး မဲလက်မှတ်ပေါင်း (၅) သန်းပေါ့နော်၊ ကောက်ယူပြီးတော့ လွှတ်တော်ထဲမှာ တင်ပြခဲ့ပါတယ်။ ဒါ လူထုရဲ့ဆန္ဒပေါ့၊ လူထုဆန္ဒ (၅) သန်းဆိုတဲ့လက်မှတ်က နည်းတာတော့ မဟုတ်ပါဘူး။ အဲဒီ ဆန္ဒအပေါ်ရော၊ ဆန္ဒမှာ ဖော်ပြထားတာကတော့ ပုဒ်မ ၄၃၆ ကိုပြင်ပေးရေး ဆိုတဲ့ဆန္ဒ ပါဝင်ပါတယ်။ ဒီ ဆန္ဒအပေါ်ရော တပ်မတော်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အကယ်၍ မဲဆန္ဒ ငါးသန်းပေါ့၊ ဒီ ငါးသန်းရဖို့အတွက် ဘယ်လို ကောက်လဲ၊ ပြုလဲဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါကတော့ ပုံစံအမျိုးမျိုး ရှိမှာပေါ့။ ဘယ်လောက်ထိ ခိုင်မာမှု ရှိမယ်၊ မရှိမယ်ဆိုတာလည်း ကျနော် မပြောနိုင်ပါဘူး။ နောက် ဒီ (၅) သန်းဆိုတဲ့ သူတို့ပြောတဲ့ပမာဏက လက်ရှိ ကျနော်တို့ဆုပ်ကိုင်ထားတဲ့ လူဦးရေ (၅၁) သန်းနဲ့ဆိုရင်တော့ ဆယ်ပုံတပုံပဲ ရှိတာပေါ့။ ဒီ (၅) သန်းရဲ့ဆန္ဒကို အလေးထားရမှာဖြစ်သလို တဘက်ကလည်း စောစောက ကျန်နေတဲ့ လေးဆယ်နဲ့ ခြောက်သန်းသော ပုဂ္ဂိုလ်များ၊ လူများရဲ့အထဲမှာ ၁၈ နှစ်အထက် လူများလည်း ရှိကြမှာပေါ့။ သူတို့ရဲဆန္ဒတွေကိုလည်း ကျနော်တို့က ကြည့်ဖို့ လိုမှာပေါ့။ ကြည့်ဖို့ လိုမယ်။ ဒါတွေကလည်း ဘယ်လောက်ထိ မှန်မလဲ၊ မမှန်မလဲဆိုတာလည်း စောစောကပြောသလိုပေါ့၊ ရှိသလိုပဲဘဲ ဒီဘက်က ကျန်တဲ့လူတွေရဲ့ဆန္ဒကလည်း ဘယ်လိုရှိမလဲဆိုတာ ကျနော်တို့ မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပြောကြရင်လည်း သူ့မှာလည်း လုပ်ထုံးလုပ်နည်းတွေ အများကြီးပါပါတယ်။ ဥပမာအားဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုလို့ရှိရင်လည်း အခန်း (၁၂) မှာ ပြဌာန်းပြီးသား ရှိတာပေါ့။ အဲဒီမှာ ပြဌာန်းထားတဲ့ သူ့ရဲ့အဆင့်အတိုင်း လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ခုနပြောတဲ့ ပြည်သူ (၅) သန်းဆိုတဲ့ ပုဂ္ဂိုလ်များကလည်း တကယ်လို့သာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လုပ်လာခဲ့လို့ရှိရင်လည်း ဒီလူတွေရဲ့ဆန္ဒတွေမှာ ထည့်ပြီးတော့ ဆောင်ရွက်ခွင့်ရမယ်လို့ ကျနော် ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲပတ်သက်လို့ အများက တော်တော်လေး စိတ်ဝင်စားတဲ့ အချက်တခုလည်း ရှိပါတယ်။ ဒါက ပုဒ်မ ၅၉ (စ) ပေါ့နော်။ ဒါဆိုလို့ရှိရင်လည်း နိုင်ငံတော်အကြီးအကဲဖြစ်ပိုင်ခွင့်-ဆိုတော့ နိုင်ငံတော်အကြီးအကဲဆိုတာ နိုင်ငံတော်ရဲ့အရေးအပါဆုံးပုဂ္ဂိုလ်၊ နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေး ကိစ္စအဝဝကို ဆောင်ရွက်ရတဲ့သူဆိုတော့ ဒီ ပုဒ်မ ၅၉ (စ) ကိစ္စနဲ့ပတ်သက်လို့ရော ဗိုလ်ချုပ်မှူးကြီးရဲ့ အပြတ်သားဆုံးသဘောထားကို သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်တို့က ဒီဥပဒေရေးတုန်းက လူပုဂ္ဂိုလ်တယောက်အတွက် ရည်ရွယ်တာလည်းမဟုတ်ဘူး၊ လူတစုအတွက် ရည်ရွယ်တာလည်း မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုတခုအတွက် ရည်ရွယ်တာလည်းမဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက် ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ တနိုင်ငံလုံးကို ခြုံငုံပြီးတော့မှ ရည်ရွယ်ပြီးရေးခဲ့တာပေါ့လေ၊ နောက်တခုက ထည့်စဉ်းစားရမယ့်အချက်တခုရှိတယ်။ စောစောကပြောတဲ့သမိုင်းကြောင်းပေါ့။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့တဲ့အချိန်ကာလရဲ့ မတိုင်ခင်ကာလနဲ့ တိုင်ပြီး ဒီဘက်ကာလပေါ့။ ခုနက ကျနော်ပြောခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး တည်ရှိပုံအနေအထားပေါ့- လူဦးရေများပြားတဲ့နိုင်ငံတွေကြားမှာတည်ရှိနေတဲ့ ကျနော်တို့နိုင်ငံအတွက်က လူဝင်မှုပြဿနာတွေက အများကြီးရှိနိုင်တယ်၊ ရှိတယ်။ ဒါကြောင့် လွတ်လပ်ရေးမရခင်မှာဖြစ်ပေါ်ခဲ့တဲ့ အကျိုးဆက်တွေက အခုထိ ကျနော်တို့ခံနေရတုန်း၊ ရင်ဆိုင်နေရဆဲရှိပါတယ်။ ဒါတွေကလည်း အများကြီးပါ။ ဒါတွေကို ခြုံငုံပြီးတော့မှ - စောစောက ကျနော်ရှင်းပြခဲ့တဲ့ထဲမှာ တချက်ပါသွားတယ်။ ရှေ့ကလူကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကျနော်တို့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ပေါ့။ နိုင်ငံ့ခေါင်းဆောင်တွေက ဒီဘက်ခေတ် ခေါင်းဆောင်တွေအထိ ပါပါတယ်။ သူတို့ တောက်လျောက်ကို ဒါတွေက ချိန်ဆစပြီး တွေးခေါ်ပြီးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာနဲ့ပြောလို့ရှိရင် ကျနော်တို့ ၅၉ (စ) သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် အမျိုးသားရေးကို ရည်ရွယ်ပြီးတော့မှ လုပ်ထားရတာ ဖြစ်ပါတယ်။ ဒါ - ကျနော် ခိုင်ခိုင်မာမာပြောရဲတယ်။ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးလုပ်ထားတာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောရဲတယ်။ ကျနော်တို့အနေနဲ့ အမျိုးသားရေးကိုတော့ ကြည့်ဖို့ လိုအပ်ပါတယ်လို့ မြင်ပါတယ်။ ဒါကလည်း ရေရှည်ပေါ့လေ။ ကျနော်တို့ ကာလတိုတခုကိုကြည့်ရင်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် ရေရှည်ကျလို့ရှိရင်တော့ ချိန်ဆရမယ့်ကိစ္စတွေ အများကြီး ရှိတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း လက်ရှိ အခြေအနေမှာကိုဘဲ လူဝင်မှုပြဿနာလေးတွေနဲ့ ရင်ဆိုင်နေရတာရှိပါတယ်။ လုပ်ငန်းတွေမှာလည်းရှိတယ်။ တည်ရှိမှုအနေအထားမှာလည်း ရှိနေတာကို တွေ့ရတယ်။ ဒါ့ကြောင့် ဒါကိုတော့ ကျနော့အနေနဲ့ပြောရလို့ရှိရင် အရေးကြီးတဲ့ကာလတခုအနေနဲ့ ရှုမြင်ပေးပါလို့- ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း။ ။ တပ်မတော်အနေနဲ့ကလည်း နိုင်ငံရေးပိုင်းမှာ အမျိုးသားနိုင်ငံရေးဆိုပေမယ့် လက်ရှိနိုင်ငံရေးပိုင်းမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတော့ အထူးသဖြင့်ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးနဲ့လည်း တွေ့ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင် - တေ့တေ့ဆိုင်ဆိုင် ထိုင်ပြီးတော့ ဆွေးနွေးတယ်ဆိုတာ မကြားရသေးပေမယ့် သမ္မတကြီးဖိတ်ခေါ်တဲ့ပွဲမှာ တွေ့ထားပြီးပါပြီ။ နောက်ဆက်တွဲ မေးမြန်းခဲ့တာတွေကိုလည်း ကြားရတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးအပါအဝင် လေးပွင့်ဆိုင် တွေ့ချင်တယ်-ဆိုတဲ့ ဆန္ဒလေးတွေ သူပြုခဲ့တယ်လို့လည်း ကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီကရော ဒါ တွေ့ဖို့ ဆန္ဒရှိလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ လေးပွင့်ဆိုင် ဆိုတာ နည်းနည်းလေး ကျဉ်းမလားလို့- ကျနော့်အမြင်ကတော့လေ။ နည်းနည်းကျဉ်းပါတယ်။ တိုင်းပြည်ကို ဒီလေးယောက်မှ သူတွေ့ဆုံပြီး ဆွေးနွေးမှ ဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေလည်း အများကြီးရှိပါတယ်။ ကျနော်ကတော့ အကုန်လုံးခြုံငုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးပေါ့လေ။ ဖြစ်နိုင်သလောက်ပေါ့- ကျယ်ကျယ်ပြန့်ပြန့်ဆိုတော့လည်း လူတွေအများကြီး ဖိတ်ပြန်တော့လည်း အဲဒါကျ ထိန်းရ၊ ပြောရဆိုရတာလည်း တယောက်တပေါက်နဲ့ဆိုရင်လည်း မဖြစ်ပြန်ဘူး။ သို့သော် ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရဆိုရမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိမယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သမ္မတကြီးတို့ ဖိတ်ခေါ်ချက်အရ ကျနော်တို့ တွေ့ပါတယ်။ ဘာဘဲပြောပြော ကျနော်တို့က တိုင်းပြည်မှာတော့ သူ့နေရာနဲ့သူ တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်။ ကျနော့်အနေနဲ့လည်း ဘာမှ မတွေ့နိုင်စရာအကြောင်းလည်း မရှိဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒိတော့ လေးပွင့်ဆိုင်မဟုတ်ရင်ကော နှစ်ဘက်ပွင့်ပွင့်လင်းလင်း တွေ့ဆုံဖို့ -

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုကျတော့လည်း ကျနော်တို့က ဘာပြောစရာရှိလို့လဲ။ ကျနော်တို့အလုပ်ကိုက အမျိုးသားနိုင်ငံရေးလုပ်နေတဲ့သူတစ်ယောက်ဘဲ။ သူလိုချင်တဲ့ intention နဲ့ ကျနော်ပြောချင်တဲ့ intention နဲ့တူချင်မှလည်း တူနိုင်မှာပေါ့။ အဲဒီလိုကျတော့လည်း နှစ်ယောက်ချင်းဖြစ်ဖို့ဆိုတော့လည်း ခက်ပါတယ်။ ခက်တော့ခက်တယ်၊ ဒါကတော့ ခက်ပါတယ်။ ဒါပေမယ့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမယ့်အချိန်မျိုး ကြုံတဲ့အခါကျတော့လည်း ဆွေးနွေးဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ မတွေ့ဘူးလို့ ကျနော် မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့အခြေအနေမှာ တွေ့ဖြစ်ရင်လည်း တွေ့သွားမှာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီလောက်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

အပိုင်း (၂)

ပြည်တွင်းငြိမ်းချမ်းရေးအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမြင်

နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေအပေါ် စစ်ရေးသဘောတရားအရ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခများ အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးကဏ္ဍတခုလို့လည်း ပြောလို့ရပါတယ်။ ဒါက နိုင်ငံတော် ငြိမ်းချမ်းသာယာရေးပေါ့နော်၊ ငြိမ်းချမ်းရေးဆိုတော့ အခုတက်လာတဲ့အစိုးရအနေနဲ့လည်း ဦးစားပေးအစီအစဉ်အနေနဲ့ တနိုင်ငံလုံးခြုံတဲ့အပစ်အခတ်ရပ်စဲရေးကို အဖွဲ့အားလုံးနဲ့ သဘောတူစာချုပ် ချုပ်ဖို့လည်း ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ အထူးသဖြင့်နောက်ပိုင်း ဒီရက်ပိုင်းတွေမှာဆိုလို့ရှိရင် ကချင်ပြည်ဘက်မှာ တိုက်ပွဲသတင်းတွေ ပြန်ကြားရပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ ကချင်ပြည်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု သတင်းကြားပြီးတော့ လူငယ်အရာရှိလောင်းတချို့ သေဆုံးရတဲ့သတင်းလည်း ကြားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့သဘောလေး နည်းနည်းရှင်းပြပေးပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန်မှာ လွတ်လပ်ရေးနဲ့အတူ တပါတည်းပါလာတဲ့ ပြဿနာကတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေပဲဖြစ်တယ်။ အဲဒီပြဿနာက ယနေ့တိုင်ထိ ရှင်းနေရဆဲဖြစ်ပါတယ်။ အဲဒီမှာလည်း တိုင်းရင်းသားဘက်က သေကျေခဲ့တာတွေ ရှိသလို တပ်မတော်ဘက်က သေကျေခဲ့တာတွေလည်းရှိတယ်။ ပြည်သူပြည်သားတွေဘက်က အပြစ်မရှိတဲ့ပြည်သူပြည်သားတွေ သေကျေခဲ့ရတာတွေလည်း အများကြီးရှိပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းဖို့ကတော့ လူတိုင်း လိုလားတာဖြစ်ပါတယ်။ နောက်တခါ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို မလိုချင်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောရင်တော့ ကျနော်တို့ တပ်မတော်သားလို့ပဲ ကျနော် ပြောချင်တယ်။ ဘယ်သူမှ ဒါတွေ မလုပ်ချင်ကြဘူးပေါ့။ တကယ်ကတော့ ကျနော်လည်း မလိုလားပါဘူး။ ငြိမ်းချမ်းရေးလည်း တကယ်လိုချင်ပါတယ်။ ကျနော် ပြည်ပနိုင်ငံတွေကို အခါအားလျော်စွာသွားတဲ့အချိန်မှာ တွေ့ရှိတဲ့ခေါင်းဆောင်တွေရော၊ ကျနော်တို့မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ တပ်မတော်ပိုင်းဆိုင်ရာ၊ နယ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ကျနော်တို့နဲ့တွေတဲ့အချိန်တွေမှာ ပြောပါတယ်။ ‘ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်တို့လိုအပ်ပါတယ်။’ - တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလိုအပ်ချက်ဟာ ဘာလဲဆိုတော့ တည်ငြိမ်အေးချမ်းဖို့ပါပဲ။ တည်ငြိမ်အေးချမ်းမှ ကျန်တဲ့လုပ်ငန်းကို လုပ်နိုင်လိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ငြိမ်းချမ်းရေးရအောင်ကြိုးစားနေတယ်။ တပ်မတော်ရဲ့ပြင်းပြတဲ့ဆန္ဒကတော့ ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒပါပဲ။ သို့သော်လည်းပဲ အခု ကျနော်တို့သွားနေတဲ့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုကိုင်ပြီးတော့မှ လိုအပ်တဲ့တောင်းဆိုမှုတွေ ပြောဆိုပြီးတော့မှ သူတို့အခွင့်အာဏာရဖို့အတွက် လုပ်ဆောင်ချက်တွေကတော့ မရှိသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်။ ဒီမိုကရေစီထဲတော့ စည်းကမ်းဥပဒေနဲ့အညီ သွားကြ လာကြ လုပ်ကြ ကိုင်ကြရမှာဖြစ်ပါတယ်။ လက်နက်နဲ့ကိုင်ပြီးတော့ လုပ်လို့တော့ မရနိုင်ဘူးပေါ့လေ။ ဒါကြောင့်မို့လို့ ဖြစ်နေတဲ့ပြဿနာတွေအားလုံး ငြိမ်းချမ်းအောင် ကျနော်တို့ ကြိုးစားလျှက်ရှိပါတယ်။ ကျနော်နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ကျနော် ဒီအတိုင်းပဲ ပြောပြတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြောထားတဲ့ ငြိမ်းချမ်းရေးမူတွေရှိတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ကိုယ်တစ်ယောက်တည်းလိုချင်လို့ မရဘူးဗျ။ သူတို့ကိုယ်တိုင်လည်း လိုချင်မှရမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒီလို လက်နက်ကိုင်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အစား အားလုံးက ဒီမိုကရေစီနည်းကျ နိုင်ငံရေးအရ ဖြေရှင်းကြဖို့ ဆိုလို့ရှိရင် အပစ်အခတ်ရပ်စဲရေးက ပထမဆုံးဖြစ်ရမယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါပေါ့၊ ဒါပေါ့။

ဦးသန်းလွင်ထွန်း။ ။ အပစ်အခတ်ရပ်စဲဖို့ဆိုလို့ရှိရင် ကျနော်တို့ လေ့လာမိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ KNU ကရင်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ မကြာခဏဆိုသလို ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပါတယ်။ ဒါပေမယ့် အခု နောက်ဆုံးဖြစ်နေတဲ့ ကချင်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းနဲ့တော့ တွေ့တယ်ဆိုတာ ကျနော်တို့ မကြားမိသေးဘူးခင်ဗျ။ ဒါက ဘယ်လိုအခက်အခဲများရှိနေလို့လဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပထမဦးဆုံး ကရင်ပေါ့၊ ကရင် KNU ခေါင်းဆောင်ပိုင်းနဲ့တွေ့တယ်။ နံပါတ် (၁) အချက်ကတော့ ကျနော်တို့ တပ်မတော်ကနေပြောထားတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ပေါ့။ ဒီထဲမှာတော့ တော်တော်လေးကို အလေးထားပြီးတော့ သူတို့ ဆောင်ရွက်တာ တွေ့ပါတယ်။ သူတို့နဲ့ပြောဆိုကြည့်တဲ့အခါမှာ တကယ်ကို ငြိမ်းချမ်းရေးလိုချင်တဲ့သဘောထားတွေ့တယ်။ ပြောရလို့ရှိရင်တော့ လူပုဂ္ဂိုလ်အရပြောရလို့ရှိရင်တော့ သူတို့ကို ကျနော် ယုံကြည်မှုရှိပါတယ်။ ရှမ်းခေါင်းဆောင်တွေနဲ့ပြောရင်လည်း ကျနော်တို့က အထူး (၄) တို့၊ အထူး (၂) တို့ခေါင်းဆောင်တွေရှိပါတယ်။ ဒီဘက်က အထူး (၁) တို့ ခေါင်းဆောင်တွေ ရှိပါတယ်။ သူတို့နဲ့လည်း ဆွေးနွေးတဲ့အခါမှာ သူတို့လည်း ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ အများကြီးရှိတာကို ကျနော်တို့ တွေ့ပါတယ်။ ဆိုလိုတာကတော့ သူတို့နဲ့ ပြောဆိုကြည့်တဲ့အခါမှာ သူတို့ရဲ့လိုလားချက်တွေကို ကျနော်တို့က ခန့်မှန်းမိပါတယ်။ ဒါကတော့ တချက်ပေါ့-

“KIA နဲ့ကျတော့ ကျနော်တို့စပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကာလမတိုင်ခင်ပေါ့လေ။ အဲဒီအခြေအနေပေါ့။ နောက်ပြီးတော့ ဒီဘက်အခြေအနေ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲမှာပြောထားတဲ့ တချို့အချက်အလက်တွေကို သူတို့လိုက်နာဖို့ အားနည်းတာကို တွေ့တယ်။ သူတို့အားနည်းတာတွေ့တဲ့အခါကျတော့ သူတို့နဲ့တွေ့ဖို့ကျတော့ တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့ တော်တော်လေး စဉ်းစားရပါတယ်ဗျ။ ဒါလေး စဉ်းစားရပါတယ်။ တွေ့ပြီးတော့မှ ဘာမှလည်း အကျိုးမရှိဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ သူတို့ဘက်က တကယ်ကို ငြိမ်းချမ်းရေးလုပ်ချင်တယ်၊ ပြုချင်တယ်ဆိုရင်တော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲက လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့အချက်တွေပေါ့- အားလုံးတော့ အတိအကျလိုက်နာရမယ်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် တတ်နိုင်သလောက် ဒါတွေ လိုက်နာပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်တွေ ပေါ်လာပါလိမ့်မယ်။ ဒါဆို သူတို့အပေါ် ယုံကြည်မှုတွေ ရှိလာမှာပေါ့။ ကျနော်တို့အနေနဲ့ အခု ဖြစ်ပျက်နေတဲ့ အပစ်အခတ်နဲ့ပတ်သက်ပြီး အခုနက ခင်ဗျားမေးတဲ့အထဲမှာ တချက်ပါတယ်။ ပြီးခဲ့တဲ့ (၁၉) ရက်နေ့ပေါ့နော်၊ ဒီမတိုင်ခင် အခြေအနေတွေကို ပြန်ပြီး နည်းနည်း ပြန် ပြောပြချင်တယ်။ အဲဒီတော့ သမ္မတကြီးက ကျနော်တို့ကို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ သွားကို မတိုက်ဖို့ ပြောထားတာ ရှိပါတယ်။ သွားမတိုက်ပါဘူး။ ယနေ့တိုင်အထိ သူတို့ရဲ့စခန်းတွေကို တိုက်တာ၊ ပြုတာ၊ ဌာနချုပ်တွေပေါ့၊ သူတို့ကို တရားဝင်ပေါ့ ပေးထားတဲ့နေရာတွေကို ကျနော်တို့ တိုက်တာ ပြုတာမရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့အပေါ်မှာ လာပြီးတော့ သွေးတိုးစမ်းပြီး တိုက်တာ၊ ပြုတာ၊ ပစ်တာ၊ ခတ်တာတွေတော့ ရှိတယ်။ သူတို့ဘက်ကရှိတော့ တခါတလေတော့ လက်တုံ့ပြန်ရတာတွေ ရှိပါတယ်။ ဒါတွေတော့ရှိတယ်။ သမ္မတကြီးက မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ တိုက်ပါလို့ ပြောတယ်။ ခုခံပိုင်ခွင့်ဆိုတာမှာ အဆင့်တွေ အများကြီးရှိတယ်ဗျ။ စစ်ရေးအမြင်တခုအရ ပြောရလို့ရှိရင် ခုခံပိုင်ခွင့်ဆိုတာ မလှုပ်နိုင်အောင် လုပ်ရတဲ့အဆင့်အထိ ကျနော်တို့ လုပ်ရတာတွေ ရှိပါတယ်။ ဒီအဆင့်ကိုကျတော့ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ရပါတယ်။ တွေ့မှတိုက်တာထက်စာရင် မတွေ့ခင်မှာ မလုပ်နိုင်အောင် တားရတာတွေလည်း အဆင့်ဆင့်ရှိတယ်ဆိုတာ ကျနော်ပြောချင်တယ်။ အဲဒီတော့ စောစောက ပြောသလိုပေါ့၊ သူတို့အနေနဲ့ မကြာခဏလာလာပြီး ပစ်ခတ်နှောင့်ယှက်တဲ့အခါကျတော့ ကျနော်တို့က မလုပ်ဖို့ ပြောတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ လာပြီး ပစ်တာလေးတွေ ရှိပါတယ်။

“စောစောကပြောတဲ့ (၁၉) ရက်နေ့ဖြစ်စဉ်ဆိုရင်လည်း ကျနော်တို့ကိုလာပြီး ပစ်တဲ့ဖြစ်စဉ် ဖြစ်လာတဲ့အတွက်ကြောင့် သတိပေးပါတယ်။ မလုပ်ပါနဲ့လို့ ထပ်ပြောတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ (၁၉) ရက်မတိုင်ခင်က ဖြစ်တဲ့ဖြစ်စဉ်ပေါ့။ တပ်မတော်ဘက်က အကျအဆုံးတွေ ရှိခဲ့သလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ရှိတယ်။ ရှိပါတယ်။ အများကြီးပါဗျာ- ဒါတွေပြောမယ်ဆိုရင် ပြန်ဆွသလိုဖြစ်မှာစိုးလို့ တော်ရုံတန်ရုံ ကျနော်ပြောခဲပါတယ်။ တပ်မတော်နဲ့ဖြစ်တယ်လို့ ကျနော် တော်တော်သည်းခံပြီးနေတယ်။ ကျနော် ပြောလိုက်လို့၊ ပြောစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော် မပြောဘူး။ မပြောဘဲနဲ့ ကိုယ်ရအောင်ပဲ အောက်ခြေချင်းပဲ ရအောင် ဖြေရှင်းပါတယ်။ တချို့ဟာတွေမှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ သို့သော် ကျနော်တို့ ကြိတ်မှိတ် သည်းခံပြီးတော့မှ ငြိမ်းချမ်းရေးမပျက်ချင်တဲ့စိတ်နဲ့ လုပ်တာပါ။ သတိပေးပါတယ်။ မလုပ်ကြပါနဲ့၊ ကျနော်ကိုယ်တိုင်လည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျနော် လှမ်းပြောတယ်၊ မင်းတို့ ပြောပါ၊ သေချာ နားလည်အောင်ပြောပါ၊ ဒါတွေ မလုပ်ကြဖို့၊ ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် အဓိကကတော့ ပစ်ခတ်မှုတွေလုံးဝမရှိအောင်ထိန်းဖို့တော့ လိုတာပေါ့။ အနည်းဆုံးတော့ ပစ်ခတ်မှုထိန်းမှသာ လုံခြုံမှုဆိုတာ ဖြစ်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် နှစ်ဦးနှစ်ဘက်လုံးက လုပ်ဖို့တော့ လိုမယ်လေ။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေတယ်ဆိုတာ ကျနော် ပြောလိုတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဆိုတော့… ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲလေ၊ တဘက်နဲ့တဘက် အပြန်အလှန်ပစ်ခတ်မှုတွေ၊ ထိတွေ့မှုတွေ၊ ကျဆုံးမှုတွေ၊ အထိအခိုက်တွေရှိတယ်ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ ဘယ်သူမှန်တယ်။ ဘယ်ဝါမှန်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးဆိုပေမယ့် အခု ထပ်ပြီးမေးချင်တဲ့ကိစ္စက- ဗိုလ်ချုပ်မှူးကြီး ရှင်းပြတဲ့အထဲမှာလည်း နည်းနည်းတော့ ပါပါတယ်။ အခု (၁၉) ရက်နေ့ ဖြစ်စဉ်ကတော့ နှစ်ဘက်အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့နေရာနဲ့ တော်တော်လှမ်းတဲ့နေရာ၊ သူတို့ရဲ့ဌာနချုပ် အတွင်းပိုင်းအထိ ရောက်နိုင်နေတဲ့အနေအထားဆိုတော့- ဒါက.. ဒီလို နှစ်ဘက် ဒီလို ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ဆိုတဲ့ ဘောင်ကိုကျော်နေသလား၊ ဒီလိုဖြစ်လာတဲ့အတွက် တဘက်ကရော ဒီဘက်အတွင်းပိုင်းနယ်ဘက်ကို ပြန်လှန်တိုက်ခိုက်မှုတွေလုပ်လာဖို့ ဖိတ်ခေါ်သလိုများ ဖြစ်မနေဘူးလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့ဘက်ကတွေးရင်လည်း ဒီလိုတွေးရင်တွေးမှာပေါ့။ ကျနော်တို့ဘက်က ဒီလိုမတွေးဘူးဗျ။ ကျနော်တို့က သူတို့ကို သတိပေးမယ်လို့ ပြောထားတယ်။ သတိပေးပစ်ခတ်တာပေါ့။ ကျနော်တို့မှာတော့ မင်းတို့ကို ငါတို့ ပစ်ပြီဆိုရင်တော့ ပြန်ပြီးသတိပေးတဲ့ ပစ်ခတ်မှုပါ။ သူတို့ ဘယ်နေရာကပစ်မှန်းတောင် မသိပါဘူး။ သူတို့ကို မေးလိုက်လို့ရှိရင် ဥပမာ အကြောင်းတခုခုပြောလိုက်ရင် - ‘ကျနော်တို့အောက်က ပစ်တာ၊ ကျနော်တို့ မသိပါဘူး၊ စိစစ်ပါအုံးမယ်။’ဆိုတာလေးပဲ သူတို့ပြောပါတယ်။ တခါတခါကျရင် သူတို့လူတွေသူတို့၊ ကျနော်တို့လူတွေကို ကျနော်တို့ ပြောလို့မရပါဘူးဆိုတဲ့ အဖြစ်မျိုးလည်း ရခဲ့တဲ့ဟာလည်း ရှိပါတယ်။ အဲဒီတော့ စောစောကဖြစ်တဲ့ လမ်းဖောက်လုပ်ရေးလုပ်ငန်းမှာဖြစ်တဲ့ ဖြစ်စဉ်နဲ့ ဒီဘက်ကဖြစ်တဲ့ဖြစ်စဉ်နဲ့ ဝေးတယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ တနယ်ကဖြစ်ပြီဆိုရင်တော့ သူတို့ဖြစ်နိုင်တဲ့နေရာတွေပေါ့။ အသိပေးနိုင်မယ့်နေရာတွေကို သတိပေးပစ်ခတ်မှုတွေလုပ်တာပေါ့။ ဒါကြောင့်လည်း ဒီလိုမျိုး သတိပေးပစ်ခတ်မှုဆိုတာ ဖြစ်တယ်ဆိုတာပဲ ပြောလို့ရပါတယ်။ ဝေးတာ မဝေးတာတော့ ကျနော်တို့ မသိဘူးပေါ့လေ၊ ဒါပေမယ့် သူတို့သိအောင်တော့ အသိပေးရတာပေါ့။ စစ်ရဲ့သဘောတရားမှာတော့ဗျာ-အများကြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုလောလောဆယ်ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို ဦးဆောင်ပြီး ညှိနှိုင်းနေတာက ငြိမ်းချမ်းရေးဖော်ဆောင်ရေး စင်တာပေါ့နော်။ MPC - ဒီအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးတာတွေ၊ ပြောဆိုတာတွေ၊ ညှိနှိုင်းတာတွေရှိပါတယ်။ ရှိပေမယ့်လည်း တခါတခါကျလို့ရှိရင် ထိတွေ့မှုတွေက ဆက်တိုက်ဖြစ်နေပြီးတော့ သူတို့ရဲ့ညှိနှိုင်းမှုတွေ မအောင်မြင်တတ်တဲ့ ပုံစံမျိုးတွေ ကျနော်တို့ ကြားရတယ်လေ။ အဲဒီတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဘယ်လောက်ထိများ ပူးပေါင်းဆောင်ရွက်မှုရှိသလဲဆိုတာကို သိပါရစေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ MPC ကနေ လုပ်နေတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရှိပါတယ်။ ရုံးတွေရှိပါတယ်။ သူတို့လုပ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးအောင်မြင်ချင်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ တပ်မတော်က အရာရှိကြီးတွေ၊ အခါအားလျော်စွာလုပ်တဲ့ အစည်းအဝေးတွေမှာ ကျနော် မပျက်မကွက်တက်ပြီး ပြောသင့်ပြောထိုက်တဲ့အချက်တွေ ကျနော်တို့ပြောတာပေါ့။ သူတို့လည်း သူတို့နည်းလမ်းပေါင်းစုံနဲ့ သူတို့ ကြိုးစားတာပဲ။ တချို့လည်း အလျှော့ပေးတာတွေ လျှော့ပေး၊ တချို့လည်း ညှိညှိနှိုင်းနှိုင်းလုပ်တာတွေ ကျနော်တို့ တွေ့ပါတယ်။ တချို့ဟာတွေလည်း ကျနော်တို့ လက်ခံနိုင်တာတွေရှိတယ်။ တချို့ဟာတွေကျတော့လည်း စောစောကပြောသလို ကျနော်တို့က အမျိုးသားနိုင်ငံရေးကိုကြည့်တော့ တိုင်းပြည်ရဲ့အခြေအနေကို ချိန်ဆပြီးတော့မှ ကြည့်တဲ့အခါကျတော့ တခါတလေကျ အံမဝင် ခွင်မကျတဲ့ အချက်အလက်လေးတွေ ရှိတတ်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဘယ်လို အချက်အလက်မျိုးကို လက်မခံနိုင်တာလဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ သူတို့တောင်းဆိုတာ - ဥပမာ လက်နက်ကိုင်နဲ့ပတ်သက်တဲ့ဟာလေးတောင်းဆိုတာတွေ ရှိတယ်။ နယ်မြေနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောရခင် သူတို့ပြောတာလေးတွေရှိတာပေါ့။ နောက်ပြီး လုပ်ပိုင်ခွင့် တောင်းတာတွေ ရှိတာပေါ့။ ဒါတွေကျတော့လည်း တချို့ဟာတွေ မလိုက်လျှောနိုင်တဲ့ဟာတွေကျတော့ မလိုက်လျှောနိုင်တဲ့ဟာတွေလည်းရှိတယ်။ အဲဒါကြောင့် ဥပဒေအရ သွားကြမှ ဖြစ်တာပေါ့။ ကျနော် စောစောကပြောသလိုပေါ့၊ ကျနော်တို့က ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ဥပဒေအရပဲ သွားကြဖို့၊ ဥပဒေအရ သူလိုချင်တဲ့ဟာလေးတွေ တောင်းပေါ့ဗျာ၊ ဒီလိုတော့ မဟုတ်ဘူး၊ သူတို့က- တချို့ဟာတွေကျတော့လည်း တောင်းဆိုမှုလေးတွေ နည်းနည်း များတာပေါ့။ အဲဒါလည်း ကျနော်ထင်ပါတယ်။ သူတို့က စိုးရိမ်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိုးရိမ်မှုကို မရှိအောင် ကျနော်တို့ကလုပ်ပြဖို့လည်း - နှစ်ဦးနှစ်ဘက်ကတော့ လုပ်ဖို့တာဝန်ရှိတာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါကတော့ MPC နဲ့ပတ်သက်ရင်တော့ ကျနော်တို့လည်း အောင်မြင်အောင်တော့ လုပ်စေချင်တယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ကတော့ သိပ်အဓိကကျတာပေါ့၊ သိပ်အဓိကကျပါတယ်။ တိုင်းပြည်မငြိမ်းချမ်းဘဲနဲ့ကတော့ ရှေ့ဆက်တိုးဖို့ဆိုတာတော့ အရှိန်ကတော့ နှောင့်နှေးနေမှာပဲ။ သွားတော့သွားမှာပဲ။ မသွားဘူးမဟုတ်ဘူး၊ ကျနော်တို့လည်း သွားနေမှာပဲ၊ လျှောက်နေမှာပဲ။ သို့သော်လည်း တလှမ်းလှမ်းမယ့် အပြည့်လှမ်းမယ့်နေရာမှာ အပြည့်မလှမ်းနိုင်ဘူး၊ အလှမ်းဝက်လောက် လှမ်းနိုင်တဲ့အခြေအနေမျိုး၊ လေးပုံသုံးပုံလောက်လှမ်းနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့ဟာမျိုး ကျနော်တို့ ကြုံနေရတာပေါ့။ အခုဖြစ်နေတာကတော့-

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ကျနော်တို့သတိထားမိတဲ့အချက်ကတော့ ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးနေရင်းနဲ့ တချို့ရင်ဆိုင်တိုက်ခိုက်မှုလေးတွေ၊ ထိတွေ့မှုလေးတွေဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ရော ကျနော်တို့သတင်းဌာနတွေအနေနဲ့ပါ တိတိကျကျ သတင်းအချက်အလက်တွေ မရတာတွေရှိပါတယ်။ အထူးသဖြင့်တော့ တပ်မတော်ဘက်ပိုင်းက ထုံးတမ်းစဉ်လာအရ ထုတ်ပြန်လေ့သိပ်မရှိဘူး။ အခုနောက်ပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့ လုပ်ဆောင်လာပြီးတော့ သတင်းလေးတွေပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော်တိုက်တွန်းချင်တာကတော့ သတင်းများများ၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးပါဆိုတာကိုပဲ တိုက်တွန်းချင်ပါတယ်။ တပ်မတော်လိုပဲ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဖြစ်စဉ်ကို အမှန်အတိုင်း တိတိကျကျနားလည်ချင်တဲ့ဆန္ဒ အားလုံးမှာ ရှိကြတယ်ဆိုတော့ ဘက်ပေါင်းစုံကကြားရင် ပိုကောင်းပါတယ်။ အဲဒါလေးတချက် ပြောပါရစေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ။ သတင်းပေ့ါလေ- သတင်းဆိုတာလည်း အားလုံးပြောတိုင်းလည်း သိပ်ကောင်းတာတော့ မဟုတ်ဘူး။ တချို့ဟာကျတော့လည်း ဖိအားပေးသလို ဖြစ်ပါတယ်။ တခါတလေကျတော့လည်း အဲဒါကြီးကို ပုံဖော်ပြီးတော့မှ ပုံကြီးချဲ့တဲ့ဟာမျိုးလည်း ဖြစ်တတ်ပါတယ်။ သတင်းဌာနတွေကလည်း သူတို့ရဲ့ရှုဒေါင့်ကနေ သူတို့ရေးကြတာကိုး၊ ရေးတဲ့အခါကျတော့လည်း ကောင်းတဲ့ဘက်ကနေ ရေးလိုက်ရင် တမျိုးပေါ့။ အဲလိုမဟုတ်ဘဲနဲ့ သူတို့အယူအဆ လွဲမှားပြီးတော့- သူတို့လည်း ရိုးရိုးသားသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့က မစွပ်စွဲပါဘူး။ ရိုးရိုးသားသားဆိုပေမယ့်လည်း သူတို့ရှုဒေါင့်က တမျိုးမြင်ပြီးတော့မှရေးတဲ့အခါကျလို့ရှိရင် ပဋိပက္ခ ပိုပြီးကြီးမားတဲ့အသွင်ကို ဆောင်သွားတတ်တယ်။ ဒါကြောင့် သူတို့ဘက်က ဘယ်လောက်ပဲဘာပြောပြော၊ ကျနော်တို့အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ သိပ်ပြီးတော့မှ ထိခိုက်တယ်ဆိုလို့ရှိရင် ကျနော်တို့က သတင်းထုတ်ပြန်ပေးတာပေါ့။ ဒါ ကျနော်တို့ရဲ့ အရိုးခံစိတ်ပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပဋိပက္ခကို ပိုမကြီးထွားစေချင်လို့သာ ကျနော်တို့ပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ မှန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ။ တချို့ဆိုရင် လူတွေရှိတယ်ဗျ။ ကျနော်တို့ဆီမှာလည်း လူမှုကွန်ယက်တွေကနေပြီးတော့ ပြောတာတွေ ရှိတယ်။ မခံနိုင်လို့ပြောတဲ့ဟာတွေလည်းရှိတယ်။ ဒါတွေလိုက်ပြီးပြီးတော့ သူတို့ပြောထားတဲ့အတိုင်း ကျနော်တို့လိုက်လုပ်ပေးနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကြီးသထက်ကြီး၊ ကြီးသထက်ကြီး- ကျနော်တို့က အောက်မှာ အနည်းဆုံး Low Porfile ဖြစ်အောင်၊ အတတ်နိုင်ဆုံး၊ သူတို့ကိုလည်း အတတ်နိုင်ဆုံး ဒီဟာနဲ့ပတ်သက်ပြီးတော့ tension ကျအောင် ကျနော်တို့က လုပ်တယ်။ tension မြင့်အောင် ကျနော်တို့မလုပ်ချင်ဘူး။ ကျနော့်ရဲ့စိတ်ကတော့ ဒီအတိုင်းပဲရှိတယ်။

ဦးသန်းလွင်ထွန်း။ ။ သတင်းသမားတွေကြားထဲမှာရော၊ လူထုကြားထဲမှာရော အဓိက-ကတော့ ရနိုင်တဲ့အချက်အလက်ကနည်းလေလေ၊ ခန့်မှန်းယူဆချက်တွေနဲ့ သံသယတွေက ကြီးလေလေပါပဲ။ ဒါလေးရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော် ဒါလေး သဘောပေါက်ပြီ။ ကျနော် ပြောသင့်တဲ့အချက်လေးတွေ နောက်ပိုင်းလည်း ကျနော်ပြောပါတယ်။ အရင်ကတော့ တော်တော်လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်ဗျ။

ဦးသန်းလွင်ထွန်း။` ။ အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခု ဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒီ်နေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်-ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်း…ပြဿနာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ-တဲ့။ wording ကတော့ ကျနော် အတိအကျ မဟုတ်ဘူးပေါ့နော်၊ အဲဒီသဘောပေါ့- ရှုပ်တယ်၊ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းလေး သူစခဲ့တာပါ။ ဒီစကားလုံးလေး ကျနော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့် အစား တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ၊ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြောနေတဲ့ ဖယ်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖယ်ဒရယ် UNFC ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အချက်အလက် နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့မတူဘူး၊ ကွဲပြားမှုရှိနေတာကို သွားတွေ့တယ်။ ခုနကပြောတဲ့ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့ ။ ဖယ်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့၊ ဖယ်ဒရယ် ယူနီယံအာမီကလည်း သူတို့ ဖွဲ့ဖို့အတွက် ဖွဲ့ထားတာ၊ အဲ့ဒီခုနက ဖယ်ဒရယ် ပြည်ထောင် - UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျနော်တို့ဆီမှာလည်း တပ်မတော်ရှိတာပေါ့၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ အမျိုးသားတပ်မတော်ဆိုတာ ရှိတယ်၊ ကျနော်တို့ဆီမှာ ဆို ကျနော်တို့ တပ်မတော်ပေါ့၊ ဘယ်နိုင်ငံမှာ ကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ်၊ နှစ်ခု သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှ မရှိဘူး။ Even အမေရိကန်လည်းမရှိဘူး၊ အိမ်းနီးနားချင်း အိန္ဒိယလည်း မရှိဘူး၊ တရုတ်လည်းမရှိဘူး၊ ထိုင်းလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်လည်း မရှိပါဘူး၊ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော်တို့တပ်မတော်ပေါ့၊ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်၊ အရာရှိထဲမှာဆိုရင် (၄၅၀၀) တိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဲ ကျွန်တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲ့တော့ ဒီ နေရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ် တပ်မတော်တပ်မတော်လို့ပြောရင် ကျနော်တို့ တပ်မတော်မှာလည်း စစ်မှုထမ်းတဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေရှိတယ်၊ မည်သည့်တိုင်းရင်းသားမဆို ၁၈ နှစ်ပြည့်ပြီးတဲ့ မိမိသဘောဆန္ဒအလျှောက်ပြည့်တဲ့ ၊ ဆန္ဒအလျှောက် တာဝန်ထမ်းဆောင်တဲ့ ၁၈ နှစ်ပြည့်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆိုရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ ရှိတာပေါ့ဗျာ၊ ၁၃ ချက်ပေါ့၊ ၁၃ ချက်နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြုမယ်၊ အသက် ၁၈ နှစ် ပြည့်ပြီးမယ် အဲ ဆိုလို့ရှိရင်တော့ မည်သည့် တိုင်းရင်းသားမဆို တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲလုပ်လို့လည်းရပါတယ်၊ စစ်မှုထမ်းစည်းမျဉ်စဉ်းကမ်းနဲ့ ပေါင်းမယ်ဆိုရင် ဒါ အများကြီးဖြစ်တာပေါ့၊ အဲ့တော့ ဒီမှာတင် သူတို့နဲ့ ကျနော်တို့က နည်းနည်းလေး သဘေားထားလေးတွေ မတူတာလေးတွေဖြစ်လာတာပေါ့၊ အရင်တုန်းက ကျနော်တို့ဆီမှာလည်း တိုင်းရင်းသားတပ်တွေရှိပါတယ်။ ဥပမာ အရင် ဗမာ့ သေနတ်ကိုင်တပ်ရင်းတို့၊ ရှမ်းသေနတ်ကိုင်တပ်ရင်းတို့၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ အရင်က လွပ်လပ်ရေးမရခင်က ကျနော်တို့ လွပ်လပ်ရေးရတဲ့အချိန်မှာတပါတည်း ပါလာတဲ့ တပ်တွေရှိတယ်။ ဒါတွေလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါကြောင့်လည်း လူကြီးတွေက အရင်တပ်မတော် အကြီးအကဲတွေက ဒါလေးတွေကို နံပါတ်တစ်အရ လူတွေကိုပြောင်းလဲ ဖွဲ့စည်းတာပေါ့၊ တခါ ခြေလျှင် ခြေမြန်တွေနဲ့ နံမည်ပြောင်းပြီးတော့ တပ်မတော်ပုံစံတခုတည်းနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ စည်းစည်းလုံးလုံးရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်ဆိုတာ ကွဲနေလို့ မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုဘဲ ရှိဖို့သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော်၊ ဒါပေမယ့်လည်း တဘက် အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စုတပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး - ကျနော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိတယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့လည်းကပြား၊ တချို့လည်း တိုင်းရင်းသား စစ်စစ်တွေ ရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစပြီးတော့ အရာခံဗိုလ်အထိ အခြားအဆင့်ပေါ့။ ရှိတယ် ။ အရာရှိဆိုလို့ရှိရင်လည်း စောစောက ပြောသလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ပြည်ထောင်စုတပ်မတော်အနေနဲ့ ပြည်ထောင်စုကြီးတရပ်လုံးကိုကာကွယ်ပေးရမယ့် အခွင့်အရေး၊ ကိစ္စတွေကို လုပ်ဆောင်နေတယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမဲ့နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံရဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြနေတဲ့အချက်ထဲမှာ အခြားအရေးကြီးဆုံး နောက်တခုရှိပါတယ်။ အဲဒါက တပ်မတော်နဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေပါ။ အထူးသဖြင့်တော့ တပ်မတော်အနေနဲ့ တိုက်ပွဲတွေရင်ဆိုင်နေရတဲ့အနေအထားဆိုတော့တိုက်ပွဲဒေသတွေမှာဆိုရင် လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်မှုတွေ ရှိတယ်ပေါ့နော်။ အဲဒါအပြင် ကလေးစစ်သားစုဆောင်းမှုတွေရှိခဲ့တယ်။ ဒါတွေကတော့ ကလေးစစ်သားစုဆောင်းမှုကိစ္စမှာတော့ ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ ပြုပြင်စရာတွေပြုပြင်ပြီးတော့ ကလေးစစ်သား မဖြစ်အောင်ကာကွယ်နေတဲ့ အကြောင်းအရင်းတွေတော့ ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမယ့် တခြားနယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ သတ်ဖြတ်ကျူးလွန်မှု၊ သူတို့စွပ်စွဲတဲ့ အဓမ္မမှု၊ ဒီလုပ်အားပေး စေခိုင်းမှု ဒီကိစ္စတွေနဲ့ပတ်သက်လို့ကတော့ ပြောဆိုစွပ်စွဲသံတွေကြားနေရဆဲခင်ဗျာ။ အဲဒါနဲ့ပတ်သက်လို့ရော ဗိုလ်ချုပ်မှူးကြီးရဲ့လမ်းညွန်မှုက ဘယ်လိုရှိလဲ။ ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်တွေရှိလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်မတန်ကောင်းတဲ့ မေးခွန်းတခုလို့ ပြောရမယ်။ ဒါကျနော် နည်းနည်း ရှင်းပြချင်တာပေါ့။ ကျနော်တို့ တပ်မတော်သားဆိုတာ မ-တထောင်သားဖြစ်ပါတယ်။ စည်းကမ်းမဖောက်ဘူးလို့ ကျနော်မပြောလိုပါဘူး။ ရှိကောင်းရှိနိုင်တာပေါ့။ သို့သော် စည်းကမ်းကိုတော့ တော်တော်လေး ထိန်းသိမ်းထားတာပေါ့။ ကျနော်တို့မှာလည်း အမိန့်နဲ့ညွန်ကြားချက်တွေရှိပါတယ်။ နောက် (၁၉၅၉) တပ်မတော် အက်ဥပဒေ ဆိုတာရှိတယ်။ စည်းကမ်းတွေဖောက်ဖျက်ရင် အရေးယူတဲ့ဟာတွေရှိတယ်။ နောက် ကျနော်တို့ရဲ့ပြစ်ဒဏ်-အပြစ်ပေးတဲ့အခါမှာလည်း နယ်ဖက်ဆိုင်ရာအပြစ်ပေးတာထက် ကျနော်တို့ကပိုပြီး ပြင်းထန်တယ်။ ပိုကြီးပါတယ်။

“ဥပမာ လူသတ်မှုတခုဖြစ်တယ်ဆိုရင် သူတို့ဆီမှာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်နဲ့ ပြီးကောင်းပြီးသွားနိုင်တာပေါ့။ ကျနော်တို့ဆီမှာကျတော့ မရဘူး။ များသောအားဖြင့် ခုနှစ်နှစ်၊ ဆယ်နှစ်။ တချို့ဆိုရင်သေဒဏ်ထိ ပေးပါတယ်။ အခုနကပြောတဲ့ နယ်ဖက်နဲ့ပတ်သက်ပြီး ပြစ်မှုဖြစ်နေတဲ့ ကိစ္စတွေပေါ့။ ဥပမာဖြင့် ပြောရလို့ရှိရင် သေမှုတွေ၊ လူသေတဲ့ကိစ္စရှိတယ်၊ လူသတ်တဲ့ကိစ္စရှိတယ်၊အဓမ္မပြုကျင့်တဲ့ကိစ္စတွေ ကျနော်တို့ကပဲ သေ၊ သတ်၊ ကျင့် ဆိုတာဟာ မျိုးပြောကြတာပေါ့။ ဒါနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူတာတွေရှိတယ်။ တချို့အရပ်ဖက်မှာ ဖြစ်တဲ့ကိစ္စဆိုရင်တပ်မတော်ပိုင်းဆိုင်ရာ တရားစီရင်မှုပြီးတာနဲ့ ကျနော် နယ်ဘက်ကိုလွဲှပေးလိုက်တာပေါ့။ ဒါတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့အပိုင်းမှာဆိုရင်လည်း တပ်မတော်သားတွေစစ်မှုထမ်းချိန်မှာဖြစ်တယ်ဆိုရင်လည်း တော်တော်ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချတယ်။ အဓမ္မမှုနဲ့ လူသတ်မှုပါတဲ့ဟာရယ်၊ အဓမ္မမှုနဲ့ ငယ်ရွယ်တဲ့ကလေးနဲ့ပတ်သက်ပြီးဖြစ်တာဆိုရင် သေဒဏ်ထိပေးတဲ့ထိပေးပါတယ်။ ပြစ်ဒဏ်စီရင်တာ မစီရင်တာ တပိုင်းပေါ့လေ။ ဥပဒေကတော့ ကျနော်တို့ အမြင့်ဆုံးပြစ်ဒဏ်ကို ကျနော်တို့ပေးတယ်။ ဒါတော့ ကျနော်ကတော့ လုံးဝလက်မခံဘူး။ လူမှုရေးအရလည်း လက်မခံနိုင်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ practice အရလည်း လက်မခံနိုင်ဘူး။ တိုင်းရင်းသားရေးရာအရလည်း ကျနော်တို့သည် ပြည်သူတွေကြား ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေဖြစ်တဲ့အတွက်ကြောင့် ပြည်သူကိုစော်ကားတဲ့ဟာမျိုးတော့ ဖြစ်လို့မရဘူး။ ကျနော်တို့က ပြည်သူရဲ့ ထောက်ပံ့အားပေးမှု မရဘဲနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးဆိုတာလည်း ပြီးပြည့်စုံတဲ့ ကာကွယ်ရေးတခုဖြစ်ဖို့မလွယ်ဘူး။ပြည်သူက ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်လို့ရမှသာဖြစ်တယ်။ ဒါကြောင့် ပြည်သူနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဟာဆိုရင်တော့ ထိထိရောက်ရောက်ကို ကျနော်အရေးယူတယ်။

“ဒီလိုပဲ ခုနက ငယ်ရွယ်တဲ့စစ်သားလေးကိစ္စပေါ့။ ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိခဲ့တာပါ။ ကျနော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ကျနော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ တော်တော်ထိထိရောက်ရောက်ကို ဖေါ်ထုတ်ပြီးအရေးယူပါတယ်။ အရေးယူတာခံရတဲ့အရာရှိစစ်မှုထမ်းများစွာရှိပါတယ်။ ပြန်လွဲှပေးတဲ့ case တွေထဲကဆိုရင် ကျနော်ထင်တယ်။ ဒီဘက်ပိုင်းမှာ လူ (၄၀၀) ကျော်လောက် ရှိပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး count လုပ်မယ်ဆိုရင် ၁,၀၀၀ အစွန်းထွက်လောက် ကျနော်တို့ ပြန်ပြီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း တော်တော်ကို စစ်ထုတ်ပြီးတော့ကို လုပ်နေပါတယ်။ ဒါလည်း ရှင်းရှင်းပြောရရင်ဗျာ တပ်မတော် သိက္ခာကျတဲ့ကိစ္စပေါ့။ ကျနော်တော်တော်လေး ဒါနဲ့ပတ်သက်ပြီး စောင့်ထိန်းပါတယ်။ ခံလည်း ခံပြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါလေးက ၁% တောင်မရှိဘူး။ ၁% တောင်မရှိတဲ့ကိစ္စကို ကျနော့်မှာ ဒါနဲ့ခေါင်းခြောက်နေလို့လည်း အလုပ်မဖြစ်ပါဘူး။

(အပိုင်း - ၃)

ဗိုလ်ချုပ်မှူးကြီးနဲ့ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ အနာဂတ်နိုင်ငံရေး

ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းထောက်ကိုပါကြီး သေဆုံးမှုဖြစ်စဉ်အပါအဝင် တပ်မတော်နဲ့ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနာဂတ် နိုင်ငံရေး စတာတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်းခန်း တတိယနဲ့ နောက်ဆုံးပိုင်းဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲ တပ်မတော်ဆိုတာ မ တထောင်သားတွေနဲ့ ဖွဲ့စည်းထား တာ၊ တော်တော်လေးကို ထိန်းသိမ်းရတယ်ဆိုတာ ဒီတပ်မတော်မှလည်း မဟုတ်ပါဘူး။ နိုင်ငံတကာတပ်မတော် တွေ၊ အမေရိကန်တပ်ထဲမှာလည်း ဒါမျိုးတွေရှိကြတာပါပဲ။ ရှိကြတယ်ဆိုတဲ့နေရာမှာ အလားတူပဲ ဒီလိုဖြစ်စဉ် တွေ ဖြစ်လာပြီဆိုလို့ရှိရင် အရေးအကြီးဆုံးကတော့ ဖြစ်ခဲ့တဲ့၊ ခံရတဲ့သူတွေအနေနဲ့ တိုင်တန်းပိုင်ခွင့်၊ တိုင်တန်း တဲ့ကိစ္စတွေကို ထိထိရောက်ရောက် အရေးယူပိုင်ခွင့်၊ ဒီ တိုင်တန်းတဲ့အတွက်ကြောင့်မို့လို့ ပြန်လှန်ပြီးတော့ ခြိမ်းခြောက် စွပ်စွဲခံရမှုတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်ခွင့်ပေါ့ နော်၊ အဲဒါအပြင်ကို တဘက်မှာလည်း၊ ဒါကတော့ လူ့သဘာဝအရ ကိုယ့်လူကိုယ် ကာကွယ်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ထိန်ချန်တဲ့ကိစ္စမျိုးတွေလည်း နိုင်ငံတကာမှာလည်းရှိပါတယ်။ ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ တဘက်က စွပ်စွဲတဲ့အထဲမှာ ရွာသူတယောက် အဓမ္မပြုကျင့်ခံရပြီဆိုရင် သွားတိုင်တယ်ဆိုလို့ရှိရင် ဘယ်သူမြင်လဲ၊ မြင်တဲ့လူခေါ်လာခဲ့ဆို ဘယ်သူမှ လိုက်လာလို့မရတဲ့ပုံစံမျိုး၊ အမှုမဖြစ်ဘူးပေါ့လေ။ အမှုမဖြစ်ပေမယ့် ဒါတွေဟာ အပြင်ဘက်မှာကျ တော့ အခု ဒီခေတ်ကာလကြီးမှာက အင်တာနက်တွေရော၊ သတင်းတွေကလည်း ပေါက်ကြားတာဆိုတော့ ဒီဘက်ကို တိုင်လို့မရတဲ့အဆုံး တဘက်ကို ပြောတာဆိုတာတွေ ရှိနေတော့ တပ်မတော်အနေနဲ့ ဒီလိုကိစ္စမျိုး တွေကို ရင်ဆိုင်ဖြေရှင်းရမယ့် အနေအထားရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလို တိုင်တန်းပိုင်ခွင့်၊ လိုအပ်လို့ရှိရင် စစ်ခုံရုံးမဟုတ်ဘဲနဲ့ အရပ်ဘက် တရားရုံးတွေဆီကို၊ အရပ်ဘက် စုံစမ်းစစ်ဆေးရေးတွေကို ပူးပေါင်းပြီးတော့ လုပ်ဆောင်ပိုင်ခွင့်တွေ ဘာတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုအစီအစဉ်ရှိလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ တိုင်တန်းပိုင်ခွင့်တော့ လူတိုင်းမှာရှိတယ်ဗျ။ နစ်နာသူကတော့ တိုင်တန်းပိုင်ခွင့်ရှိတာပေ့ါ။ အရေးယူဆောင်ရွက်ဖို့လည်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်။ ကျနော်တို့ တပ်မတော်နဲ့ပတ်သက်ရင် တပ်မတော်မှာ တာဝန်ရှိတာပေါ့။ ကျနော့်အနေနဲ့ကတော့ အမျှတဆုံး၊ အမှန်ကန် ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်ရင်တော့ စစ်မှုထမ်းချိန်လား၊ တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်ဘူးလားဆိုတာ နှစ်ခုခွဲရမှာပေါ့။ တန်းပြည့်စစ်မှုထမ်းချိန်ဆိုရင်တော့ တပ်မတော်ကနေ အရေးယူဆောင်ရွက်တာပေါ့။ တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်ဘူးဆိုရင်တော့ တချို့ဟာတွေမှာ နယ်ဘက်လွှဲရမယ့် ကိစ္စမျိုးတွေမှာ လွှဲ၊ တချို့ဟာကျတော့လည်း တပ်မှာအရေးယူပြီးတာနဲ့ နယ်ဘက်ကို တခါထဲ လွှဲပေးလိုက်တာလည်းရှိပါတယ်။ ဒီလိုလုပ်ပေးတာလည်းရှိတာပေါ့။ နောက်တခါ နစ်နာတဲ့ကိစ္စပေါ့။ နစ်နာတဲ့ကိစ္စဆိုလို့ရှိရင်လည်း ဥပမာအားဖြင့် ကျနော်တို့ကစစ်လိုက်တယ်၊ စစ်လိုက်လို့ မဟုတ်ဘူးလို့ တက်လာတယ်၊ နစ်နာတဲ့လူကတိုင်လို့ရှိရင် ကျနော် ချက်ခြင်းပြန်စစ်ခိုင်းတယ်။ review ပြန်လုပ်တယ်၊ ဒါနဲ့ ပတ်သက်လို့ လုံးဝလက်မခံဘူး၊ မင်း ငါတို့စစ်ပြီးသား လာမပြောနဲ့ဆိုတာမျိုး ကျနော့်မှာမရှိဘူး။ ကျနော့်ဆီမှာ တိုင်စာတခုရောက်တာနဲ့ ချက်ခြင်း action ပြန်ယူတယ်၊ ချက်ခြင်းပြန်လုပ်ခိုင်းတယ်၊ ပြန်လုပ်လို့ မှန်လို့ရှိရင် အဲဒီတာဝန်ရှိတဲ့လူပါ ကျနော် အကုန်လုံးအရေးယူတယ်။ ဒီလို ကျနော်လုပ်ပါတယ်။ ကျနော်လည်း ကိုယ်ချင်း စာပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်ချင်းစာပါတယ်။

ဦးသန်းလွင်ထွန်း။ ။ နောက်ဆုံးမှာ အခု လူပြောအများဆုံးနဲ့ ဖြစ်နေရတဲ့ကိစ္စကတော့ ကိုပါကြီး ခေါ် (ကို) အောင်ကျော်နိုင်ရဲ့ ကိစ္စပေါ့ နော်။ ဒီကိစ္စမှာ အစောပိုင်း တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်မှုကလည်း တော်တော်လေး နောက်ကျပါတယ်၊ ထုတ်ပြန်တဲ့သတင်းအပေါ်မှာလည်း အပြင်ဘက်မှာ သို့လော သို့လော ပြောစရာတွေရှိတယ်။ တဘက်ကလည်း နိုင်ငံတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ အဲဒီမှာ ဗိုလ်ချုပ်မှူး ကြီးအနေနဲ့ ဒီစုံစမ်းစစ်ဆေးမှုတွေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်ကို ကျေနပ်မှုရှိသလား၊ တခြား ဘယ်လိုများ ဖြေရှင်းချက် ထုတ်ပြန်ချက် ပြောချင်ပါသလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဖြစ်တဲ့အကြောင်းအရာက စရမှာပေါ့။ ဒီဟာကတော့ KKO အဖွဲ့ကနေ စခဲ့တာပေါ့။ ကျိုက်မရောမြို့နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စပေါ့။ ကျနော်တို့ဆီကနေပြီးတော့ သူတို့ စည်းကမ်းဖောက် ဖျက်တဲ့အတွက်ကြောင့်၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တဲ့အတွက်ကြောင့် တပ်က သွား တားတဲ့အချိန်မှာ ကျနော်တို့က လက်နက်တွေ ခြိမ်းခြောက်ပြီး အသိမ်းခံလိုက်ရတာကနေ စတဲ့ဇာတ်လမ်းပါပဲ။ အဲဒီတော့ ဒီနေရာက ကျနော်တို့က ဖြစ်တဲ့နေရာကို တပ်တွေသွင်းပြီး ရှင်းလိုက်ပြီဆို ဒါက စစ်ဆင်ရေးနယ်မြေ တခုဖြစ်သွားပြီပေါ့။ ဒါဆိုရင်တော့ ကျနော်တို့က စစ်ဆင်ရေးနယ်မြေလို့ပဲ သဘောထားပြီးတော့ ဆောင်ရွက်ရ မှာပေါ့။ အဲဒီတော့ စောစောကပြောတဲ့ ကိုပါကြီး ဖြစ်တဲ့ကိစ္စပေါ့။ ကိုပါကြီးက အဲဒီမှာ ကျနော်တို့က ပထမဦးဆုံး လိုက်ရှင်းတဲ့အချိန်မှာ မိတဲ့လူတယောက် ဖြစ်ပါတယ်။ သူ့မိတဲ့အချိန်တုန်းက သူက သတင်းထောက်လို့ မပြောဘူးဗျ၊၊ မပြောဘူး။ အလွတ်တန်းသတင်းထောက်လို့လည်း မပြောဘူး၊ ဘာလို့လည်း မပြောဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ သူ ရှိနေတယ်ဆိုတာလေး …

ဦးသန်းလွင်ထွန်း။ ။ သူ့ကို အရပ်ဘက်ကနေပြီးတော့ ဖမ်းပြီးတော့ တပ်ကိုလွှဲတာ မဟုတ်ဘူးလား။ လှေဂိတ်မှာ မိပြီးတော့မှ (ဗိုလ်ချုပ်မှူးကြီး - အင်း မိတယ်ထင်တယ် အဲလို …) တပ်ကိုလွှဲတယ်လို့ ကျနော်တို့ ကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အဲဒါနဲ့ အဖြစ်မှန်ကို ပြန်စစ်ပါဆိုပြီး စစ်ခိုင်းလိုက်တာပေါ့။ စစ်ခိုင်းလိုက်တဲ့အခါကျတော့ သူသည် ကျနော်တို့ လက်နက်ပျောက်တဲ့ကိစ္စ၊ လက်နက်တွေ သိမ်းဆည်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းတဲ့နေရာမှာ မိတဲ့လူ ဖြစ်တဲ့အခါကျတော့ စစ်ဆင်ရေးနယ်မြေမှာ ဖြစ်တဲ့လူတယောက် ဖြစ်တဲ့အတွက်ကြောင့်တော့ အကြမ်းဖျဉ်းပဲ ရန်သူလို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တာပေါ့လေ။ identify တော့ သေချာတော့ မလုပ်နိုင်ပါဘူး။ သို့သော်လည်းပဲ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တယောက်ပေါ့။ ထိန်းသိမ်းထား တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်တော့ သူ့ကိုစောင့်ရတဲ့ပုဂ္ဂိုလ်က သူ့မှာ၊ ထိန်းသိမ်းတဲ့လူမှာ သူ့ကို ထိန်းသိမ်းနိုင်တဲ့ တာဝန်တော့ရှိတာပေါ့။ သူကနေပြီးတော့မှ စောစောက ကိုပါကြီးကနေပြီးတော့မှ အကြောင်းတခုခုပြပြီးတော့မှ ထွက်ပြေးဖို့ ကြိုးစားရင်းကနေပြီးတော့ ခုန ပစ်ခတ်ဖမ်းဆီးတဲ့အဆင့်ကနေ သေတဲ့အဆင့်ဖြစ်တာပေါ့။ စုံစမ်း စစ်ဆေးရေးက သူလုပ်စရာရှိတာ၊ ကျနော်တို့ဘက်ကလည်း လုပ်တာပေါ့ဗျာ … (ဦးသန်းလွင်ထွန်း - ဒီဘက်က စုံစမ်းလို့ရသမျှကိုတော့ အမှုမှန်ပေါ်သမျှကိုတော့ ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ လိုက်နာပြီးတော့ (ဗိုလ်ချုပ်မှူးကြီး - လိုက်နာ …) အရေးယူဆောင်ရွက်ပေးမယ့် …

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ပေးမယ်၊ ဒါကတော့လုပ်မယ်၊ ဒါကတော့ ကျနော်တို့ မလုပ်လို့လည်း မရဘူးဗျ။ ဒါဖြစ်ပြီဆိုရင်တော့၊ ဒါ တိုင်လာပြီဆိုရင်တော့ ကျနော်တို့ အဖြစ်မှန်ကိုတော့ လုပ်ရမှာပေါ့။ ဖြစ်တဲ့ နေရာမှာ အကြောင်းအချက် မှန်ကန်ဖို့လည်း လိုပါတယ်။ တဘက်ကလည်း သမ္မတကြီးကလည်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ တာဝန်ပေးပြီးတော့ ဆောင်ရွက်စေလျက်ရှိတယ်။ ဦးစစ်မြိုင်တို့ပေါ့၊ စစ်နေတာ တွေရှိတယ်။ သူတို့လည်း လွတ်လွတ်လပ်လပ် စစ်ပါတယ်။ ကျနော်တို့လည်းပြောတယ်၊ ကျနော်တို့ လိုအပ်တာ လေးကူညီပေးတယ်။ အချက်အလက်တွေ ကျနော်တို့ပေးတယ်။ သူတို့ အလောင်းတူးချင်တယ် ဆိုတော့လည်း သွားတူးပါ၊ ကျနော်တို့လည်း မှန်မှန်ကန်ကန်ပဲလေ၊ ဘာမှလည်း ထိန်ချန်ထားစရာ အကြောင်းမရှိဘူး။ စစ်လို့ ပြုလို့ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့လည်း ကျနော်တို့ဘက်က ခုံရုံးမှာလည်း အဖြေတခုထွက်ပါလိမ့်မယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်လည်း ထွက်လာလိမ့်မယ်။ ဒါတွေကလည်း နှစ်ဦးနှစ်ဖက် တူကောင်းလည်း တူမှာ ပေါ့၊ မတူရင်လည်း မတူဘူးပေါ့။ သို့သော်လည်းပဲ ကျနော်တို့ကတော့ စစ်ဆင်ရေးနယ်မြေတခုမှာ တာဝန် ထမ်းဆောင်မှုအပိုင်းကိုပဲ အလေးထားပြီး စဉ်းစားဆောင်ရွက်မှာ ဖြစ်တယ်ဆိုတာ ကျနော်ပြောချင်တယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီ လူ့အခွင့်အရေးနဲ့ပဲ တဆက်ထဲပေါ့၊ အဲဒါက ဘာလည်းဆိုတော့၊ ဒါ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးနိုင်ငံပါ။ အဲဒီမှာ လယ်သမားတွေရဲ့အခွင့်အရေး၊ အဲဒီမှာ လယ်သမားတွေ တချိန်က နစ်နာ ခဲ့ရတဲ့ သူတို့ရဲ့လယ်မြေတွေကိစ္စတွေက အခုပြောလာကြတဲ့အခါမှာ ဒါ သူတို့ရဲ့ ဓားမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့တဲ့ မြေတွေကို နိုင်ငံတော်က စီမံကိန်းနဲ့သိမ်းတာရှိတယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အဆက်အသွယ်တွေနဲ့ သိမ်းတာရှိတယ်၊ ဒီကြားထဲမှာ ထူးထူးခြားခြားက တပ်မတော်ကနေ သိမ်းတဲ့မြေယာ တွေဆိုတာရှိတယ်။ တပ်မတော်က သိမ်းထားတဲ့မြေယာတွေ ကိစ္စမှာလည်း ဒါတွေကို ပြန်ပေးဖို့ဆိုတဲ့ တောင်း ဆိုတဲ့အသံတွေက အခုထွက်လာနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ကရော ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ တပ်မတော် အနေနဲ့ပဲ ဆုံးဖြတ်နေသလား၊ လက်ရှိအစိုးရ တခြား မြေယာစီမံခန့်ခွဲရေး ပြန်လည်စိစစ်ရေးကော်မတီတွေနဲ့ လုပ်နေတာတွေ ရှိသလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒါလည်း တော်တော်တော့ ရှုပ်ထွေးတဲ့ကိစ္စပဲ။ ဟိုး ခေတ်အဆက် ဆက်၊ အစိုးရအဆက်ဆက်က ဖြစ်လာတဲ့ဟာပေါ့လေ။ တပ်မတော်က သိမ်းတယ်ဆိုတဲ့မြေမှာလည်း ဟိုးအရင် ကတည်းက သိမ်းခဲ့တဲ့မြေလည်းရှိပါတယ်။ တပ်မတော်အစိုးရ ၁၉၈၈ ခု နောက်ပိုင်းမှာလည်း တချို့ရဲ့ အမိန့် တွေ ညွှန်ကြားချက်တွေကြောင့် လိုအပ်ချက်အရ သိမ်းခိုင်းတဲ့ဟာတွေမှာ သိမ်းတာပြုတာလည်းရှိပါတယ်။ အဓိကတော့ ဘာလည်းဆိုတော့ တပ်တွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် သိမ်းရတဲ့မြေတွေ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အားနည်းချက်က နှစ်ဖက်လုံးရှိတာ ကျနော်တို့ သွားတွေ့တာပေါ့။ တဘက်က ဘာလည်းဆိုတော့ ဟိုဘက်က တကယ်လုပ်နေတဲ့ တောင်သူလယ်သမားပေါ့၊ သူတို့ကလည်း တကယ် သူတို့ ရဲ့နာမည်စာရင်းပေါက်အောင် လုပ်တဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်ဟာတွေ မလုပ်ကြတာတွေလည်း ပါတာပေါ့၊ မလုပ်ကြတာမှာ နားမလည်လို့လည်း ပါတာပေါ့၊ မလုပ်ကြတာလည်းပါတယ်။ နောက်တခါ လုပ်မပေး တာလည်း ပါကောင်းပါနိုင်တာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဟာတွေကနေပြီးတော့ လုပ်မပေးတာလည်း ပါမယ်။ လုပ်မပေးတာဆိုတာ ဥပဒေနဲ့ စည်းကမ်းနဲ့မညီလို့ လုပ်မပေးတာလည်း ပါရင်ပါမှာပေါ့။ အဲဒီတော့ စာရင်းမှာကတော့ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ မြေလွတ်မြေရိုင်းတို့၊ စားကျက်မြေတို့၊ သစ်တော ကြိုးဝိုင်းတို့ စသည်ဖြင့် ဒီလိုပေါ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေတွေ သိမ်းဖို့ပြုဖို့ တောင်းဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ တရားဝင်ရှိတဲ့ အထောက်အထားပေါ်မှာမူတည်ပြီး လုပ်ရတာဖြစ်ပါတယ်။ ဒီမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်လာကြတာပေါ့။ အဲဒီတော့ ကျနော် ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီလို တိုင်လာပြုလာတဲ့အခါ ကျတော့ ကျနော့်ဘက်က အချက်လေးချက် သတ်မှတ်ပေးထားပါတယ်။ တပ်ဌာနချုပ် ရှိတဲ့မြေကတော့ ဒုတိယ အဆင့်ပေါ့ဗျာ။ ခင်ဗျား ခုနမေးတဲ့ တပ်ဌာနချုပ်အပြင်မှာ ယူထားတဲ့မြေတွေ ရှိတာပေါ့။ တပ်တွေကနေပြီးတော့ သိမ်းတဲ့ … အဲဒီမှာ မူလကတည်းက၊ စသိမ်းတဲ့အချိန်မှာကတည်းက လယ်တွေယာတွေပါနေတယ် ဆိုရင်တော့ ဒါတွေကို ဘာမှပြန်မပြောမနေနဲ့၊ အကုန်ပေးလိုက်၊ ဒါ ကျနော်ပြောထားပါတယ်။ လယ်တွေယာတွေတော့ မပါ ဘူး၊ သို့သော်လည်းပဲ လာပြီးတော့ လုပ်တဲ့အချိန်မှာ သူတို့ကနေ လယ်ယာလုပ်ချင်ပါတယ် ဆိုပြီးတော့ ကျနော် တို့ ခွင့်ပြုပေးထားတာရှိတယ်၊ ဒါဆိုလည်း မင်းတို့ပေးလိုက်။ မူလသိမ်းတုန်းက ပါတာရှိတယ်၊ နောက်တခါ သူတို့ လာပြီးတော့လုပ်တဲ့ဟာမှာ ပါလာတဲ့ဟာတွေရှိတယ်၊ ဒါတွေကို သူတို့ အခုပြန်ပေးခိုင်းထားတာပေါ့။ နောက်တခုကတော့ တပ်ကနေပြီးတော့မှ သူတို့နဲ့ ပေါင်းပြီးတော့လုပ်တဲ့ဟာတွေ ရှိတယ်။ ဥပမာ ငွေပေးပြီး တော့မှ လုပ်၊ ပြီးတော့ နှစ်ဦးနှစ်ဘက် အလုပ်တွေပြီးတော့မှ အကျိုးအမြတ် ခံစားရတာတွေရှိမှာပေါ့။ ဒါကျရင် တော့ မင်းတို့ပြန်ညှိပါ။ တပ်ကတော့ ကိုယ့်ဟာကို ဖော်ထုတ်ပြီးတော့မှ လုပ်ထားတဲ့မြေတွေရှိတယ်။ ဒါကျ တော့ မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ ဒီလိုနဲ့ ကျနော်တို့ကလုပ်တယ်။ တချို့ကလည်း ဟိုဘက်က မြေယာကော် မတီ၊ လွှတ်တော်ကလုပ်နေတဲ့ ကော်မတီရှိပါတယ်၊ အစိုးရကနေ လုပ်နေတဲ့ကော်မတီ ရှိပါတယ်။ သူတို့ကနေ ပြီးတော့ အကြောင်းကြားလို့လုပ်တဲ့ ဖြေရှင်းရတဲ့ case တွေရှိပါတယ်။ တချို့ဟာကျတော့လည်း ကျနော်တို့ တပ်မတော်ကကို တိုင်တိုင်မတိုင်တိုင် ကိုယ့်ဟာကိုယ် ဖြေရှင်းပြီးတော့မှ ရှင်းထုတ်ပစ်တဲ့ case တွေလည်း ရှိပါ တယ်၊ နှစ်မျိုးလုံးလုပ်ပေးပါတယ်။ ကျနော်က ဒါနဲ့ပတ်သက်ပြီးတော့လည်း အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးနေတယ်ဆိုတာလေး ကျနော်ပြောလိုတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါဆိုလို့ရှိရင် အခု တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စကို သွားရအောင်ပါခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ နိုင်ငံရပ်ခြားခရီးစဉ်တွေ ကြားသိရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံကိုသွားပါတယ်။ မကြာသေးခင်ကပဲ ရုရှား၊ ဘယ်လာရုရှ် ဒီနိုင်ငံတွေသွားခဲ့တာလည်း ကျနော်တို့ ကြားပါတယ်။ အမေရိကန်ပြည်ထောင်စုကိုတော့ အလည်အပတ် မရောက်သေးဘူးပေါ့လေ (ဗိုလ်ချုပ်မှူးကြီး - မရောက်သေးဘူး …) တပ်မတော်နဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆိုလို့ ရှိရင် အမေရိကန်ပြည်ထောင်စုဘက်ကလည်း အစောပိုင်းက စီးပွားရေးအရရော တခြားဆက်ဆံရေးတွေအရ ရော ပိတ်ဆို့ထားတာတွေက ပြေလျော့လာတဲ့ အနေအထားရှိတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ဘယ်လောက်အထိ ဖြစ်နေပြီလည်း၊ ဘယ်လောက်အထိဖြစ်လာဖို့ မျှော်မှန်းသလည်းခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အဲဒါဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒက စရမှာပေါ့။ ကျနော်တို့ နိုင်ငံခြားရေးမူဝါဒကတော့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးပေါ့၊ ဒါ မူဝါဒ ချမှတ်ထား တယ်။ နောက်တခါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေရေး မူတွေနဲ့အတူ နိုင်ငံအားလုံးနဲ့ ဆက်ဆံတာပေါ့။ အိမ်နီးနား ချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံပါတယ်။ တပ်မတော်လည်း ဒီတိုင်းပါပဲ။ အရင်တုန်းက တော့ နည်းနည်း အကန့်အသတ်လေးနဲ့ ဆက်ဆံတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ ဒီဘက် သုံးနှစ်လောက် အတွင်းမှာတော့ ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်းနဲ့ ဆက်(ဆံ)ပါတယ်။ အိမ်နီးနားချင်း တိုင်းပြည်တွေမက အာဆီယံနိုင်ငံတွေနဲ့ အားလုံးလည်း ရင်းရင်းနှီးနှီးရှိတယ်၊ ကမ္ဘာ့နိုင်ငံတွေနဲ့လည်း အခါအားလျော်စွာပေါ့၊ ဆက်ဆံတာပေါ့။ အားလုံးနဲ့ ကျနော် ရင်းနှီးချင်တယ်၊ မိတ်ဆွေဖြစ်ချင်တာပေါ့။ ကျနော့်ရဲ့မူကတော့ မိတ်ဆွေပဲ တိုးပွားဖို့ပဲဖြစ်တယ်။ ရှိပြီးသားမိတ်ဆွေတွေကိုတော့ ရန်သူဖြစ်ဖို့တော့ လုံး၀ မစဉ်းစားဘူး။ ဆက်ဆံရေး ကျဲ ကောင်းကျဲသွားနိုင်တယ်၊ သို့သော်လည်းပဲ ရန်သူတော့ အဖြစ်မခံဘူး။ မိတ်ဆွေကတော့ မိတ်ဆွေပဲ။ ဖြစ်နိုင် ရင်တော့ မိတ်ဆွေဖြစ်အောင်လို့ ကျနော်တို့ ထပ်ပြီးကြိုးစားတာပေါ့။ အဲဒီမှာ ခင်ဗျား အခုနမေးတဲ့ အမေရိကန်နဲ့ ဆက်ဆံရေး၊ ကျနော်တို့လည်း အမေရိကန်နဲ့ မိတ်ဆွေဖြစ်ဖို့လည်း လိုလားပါတယ်။ သူတို့လည်း လိုလားတဲ့ သဘော ကျနော်တို့တွေ့ပါတယ်။ ကျနော်တို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်အရ အမေရိကန်နိုင်ငံက တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို တော်တော်များများ လာခဲ့ဖူးပါတယ်။ ခွင့်ပြုပေးပါတယ်။ ကျနော်တို့လည်း လွှတ်ဖို့လည်း ကြိုးစားပါတယ်၊ လွှတ်လည်းလွှတ်ပါတယ်၊ လွှတ်နိုင်တဲ့လူလည်း လွှတ်တယ်၊ ဒါပေမဲ့ တချို့ဟာတွေက အကန့်အသတ်တွေ ရှိတဲ့အခါကျတော့ ထိထိရောက်ရောက်တော့ ဆက်ဆံနိုင်ခြင်း တော့မရှိပါဘူး။ အခွင့်အရေးရှိမယ်ဆိုရင်တော့ဗျာ ဆက်ဆံရေးတော့ ပိုပြီးတော့ ဒီ့ထက်ပိုကောင်းအောင်တော့ လုပ်ချင်တာပေါ့။ ဒါ အမေရိကန်တနိုင်ငံထဲ မဟုတ်ဘူး။ နိုင်ငံအားလုံးနဲ့ ကျနော်တို့ ဆက်ဆံတယ်။ စောစောက ပြောသလို ရုရှားပေါ့၊ ဘယ်လာရုရှ်ပေါ့၊ သူတို့ဆို အင်မတန် အလှမ်းဝေးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် တို့ မိတ်ဆွေနိုင်ငံအနေနဲ့၊ ကမ္ဘာမှာရှိတဲ့နိုင်ငံတခုအနေနဲ့ ကျနော်တို့ မိတ်ဆွေ ရအောင် ယူထားခြင်း ဖြစ်ပါ တယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ လက်ရှိအနေအထားအရဆိုလို့ရှိရင် ပထဝီဝင်နိုင်ငံရေးအခြေအနေအရ ပြောင်းလဲလာတာကိုး။ ပြောင်းလဲလာတော့ ဒီနေရာမှာ အင်အားချိန်ခွင်လျှာ ညှိကြတဲ့သဘောတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုလို့ရှိရင် တဘက်မှာ အာရှဘက်မှာ စီးပွားရေးအရရော စစ်ရေးအရရော အင်အား ကြီးထွားလာနေတဲ့ ကျနော်တို့ရဲ့အိမ်နီးချင်းနိုင်ငံကြီး တရုတ်နိုင်ငံရဲ့အခြေအနေကို ချိန်ခွင်လျှာညှိဖို့ဆိုလို့ရှိရင် Pivot မူဝါဒဆိုပြီး အာဆီယံအဖွဲ့ဝင်တွေ၊ နိုင်ငံတွေနဲ့ သင့်တင့်အောင် ဆက်ဆံပြီးတော့ ချိန်ခွင်လျှာ ညှိထားဖို့ ဆိုတဲ့ မူဝါဒအသစ်လည်း ရှိနေတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံက တော်တော်လေး အရေးပါလာပါတယ်။ အဲဒီ အချက်တွေနဲ့ပတ်သက်လို့ရော တပ်မတော်အနေနဲ့ ဘယ်လိုများ သုံးသပ်သလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်တို့-နိုင်ငံခြားရေးမူဝါဒမှာ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးဆိုတာရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒကလည်း ကျနော်တို့ရဲ့နိုင်ငံကို အခြေပြုပြီးတော့မှ အိမ်နီးနား ချင်းနိုင်ငံ၊ တခြားနိုင်ငံတခုကို စစ်ရေးအရ ပြဿနာရှာမယ့်ဟာမျိုး ကျနော်တို့ ခွင့်မပြုဘူးပေါ့၊ ကျနော်တို့နိုင်ငံကိုလည်း လာပြီးလုပ်တာမျိုးကိုလည်း ကျနော်တို့ လက်မခံပါဘူး။ ဆိုတော့ intension ပေါ် လည်း အများကြီး မူတည်တာပေါ့။ intension ပေါ့။ စစ်ရေးအရ intension ဖြစ်ရင်တော့ ဘယ်လိုမှ မဖြစ်နိုင် ဘူး။ ဒါပေမယ့်လည်း ချစ်ခင်ရင်းနှီးမှုအရ မဟာမိတ်ဖွဲ့တယ်၊ ပြုထားမယ်ဆိုလို့ရှိရင် ဒါကတော့ နိုင်ငံအားလုံးနဲ့ ဆက်ဆံရတဲ့အတွက်ကြောင့် အကုန်လုံး ဒီအတိုင်းပဲ ပေးတာကျတော့ မဖြစ်နိုင်စရာအကြောင်းတော့ မရှိပါဘူး။ စစ်ရေးအရဆိုလို့ရှိရင်တော့ အစမှာ စောစောက ကျနော်ရှင်းပြခဲ့တယ်။ သမိုင်းကြောင်းပေါ့။ သမိုင်းကြောင်း တော်တော်ရှုပ်ထွေးပါတယ်။ ကျနော်တို့သမိုင်းကြောင်းကလည်း တော်တော်သတိထားရမှာပါ။ အမှားမခံ တဲ့သမိုင်းကြောင်းဖြစ်ပါတယ်။ နောက်တခါ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အနေအထားကလည်း တော်တော်ကြီး ကို ကျနော်တို့က သတိထားပြီးတော့မှ မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံပါတယ်။ ကံကောင်းတာကတော့ဗျာ၊ သူတို့အားလုံးကလည်း ကျနော်တို့အပေါ်မှာ ကောင်းသောကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အကုန်လုံး ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့လည်း ဒီလိုအခြေအနေမျိုးတွေ ရှိနေတယ်လို့ ကျနော်တို့ ပြောနိုင်တာပေါ့။ နို့မဟုတ်ရင်လည်း ကျနော်တို့ ရင်တမမနဲ့နေရမှာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါ တယ်။ တော်တော်လည်း ပြည့်စုံသွားပါပြီ။ အဲဒီတော့ တဆက်တည်းမှာပဲ ဗိုလ်ချုပ်မှူးကြီးအနေနဲ့က အခုဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ကြီးလေးတဲ့တာဝန် တွေကို ထမ်းဆောင်ခဲ့ပြီးပြီ။ အစဉ်အဆက်ကို လွဲှပြောင်းပေးဖို့အချိန်လည်း တချိန်တော့ ရောက်လာမှာပါ။ အဲဒီ အခါကျလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးရဲ့နိုင်ငံရေး ရည်မှန်းချက်ပေါ့နော်၊ တခြားနိုင်ငံရေးတာဝန်တွေ ဆက်လက်ပြီး ထမ်းဆောင်ဖို့ အနေအထားရော လူအများက စိတ်ဝင်စားပါတယ်။ ဒါလေးကို တခုလောက် ပြောပေးပါလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်က အခု ကျနော်တို့တပ်မတော်ပေါ့၊ တပ်မတော်က အမျိုးသား နိုင်ငံရေးလုပ်တာပေါ့။ ကျနော်ကိုယ်တိုင်လည်း တကယ်ကို တပ်မတော်ကို ဦးဆောင်တဲ့အခါမှာ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော် ပါဝင်ထမ်းဆောင်ရေးဆိုတဲ့မူအရ ကျနော်လုပ်တာပါ။ (၁) အချက် တပ်ကို၊ ကျနော့်ကို၊ နံပါတ်တစ်အချက် ကိုယ့်ကိုယ်ကိုပေါ့ဗျာ၊ များများကောင်းအောင် ထိန်းသိမ်းနေတာပေါ့။ ကိုယ့်အောက်ကလူတွေကိုလည်း ထိန်းသိမ်းရင်းနဲ့ ဖြစ်အောင်လုပ်တာပေါ့။ တပ်ကိုလည်း ကောင်းအောင် လုပ်တာပေါ့။ တပ်ဆိုတာကလည်း နိုင်ငံမှာ အားကိုးရတဲ့တပ်ဖြစ်မှ ဖြစ်မှာ၊ နိုင်ငံ အားထားရတဲ့တပ်ဖြစ်မှ ဖြစ်မှာ။ အားကိုးရတယ်ဆိုတော့ အောက်ကလူတွေက အားကိုးရတာပေါ့။ ဟာ ဒီတပ်နဲ့၊ ဒီလူနဲ့ ဒီခေါင်းဆောင်တွေနဲ့ လုပ်လို့ရှိရင် အလုပ်ဖြစ်တယ်ပေါ့၊ အောင်မြင်တယ်ပေါ့၊ ယုံကြည်မှုရှိတာပေါ့။ အထူးသဖြင့် နိုင်ငံဘက်က ပြန်ကြည့်ရင်လည်း ဒီတပ်မတော်က တိုင်းပြည်အတွက်လုံခြုံရေးမှာ ကာကွယ်ရေးမှာ အားထားရတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းပေးနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ ဒါက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း ဒီအတိုင်းပဲရှိပါတယ်။ အဲဒီလိုမျိုးတပ်ဖြစ်အောင် ကျနော်က လုပ်တာပါ။ လုပ်နေတာပါ။ ကျနော်လုပ်ရမယ့် လုပ်ငန်းတွေက တော်တော်ကြီးကို ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဘက်ကို သွားပြီး အာရုံစိုက်လိုက်မယ်ဆိုလို့ရှိရင် ကျနော့် ဒီက တပ်ပိုင်းဆိုင်ရာတွေက အများကြီး အားလျော့သွားစရာတွေရှိတယ်။ ဒါကတော့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ပဲ လုပ်သင့်ရင်လည်း လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း ဆုံးဖြတ်ရမယ့် အခြေအနေရှိပါတယ်။ ဒီအချိန်မှာတော့ ပြောဖို့တော့ စောသေးတယ်လို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒီလောက်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျေးဇူးတင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ကျနော်လည်း ဒီလိုအခြေအနေမျိုးမှာ ဒီလိုပြောရတာ၊ ဒါ ပြောရရင်တော့ ကျနော့်အတွက် First time ပေါ့လေ၊ စိတ်ထဲမှာရှိတဲ့အတိုင်း ပြောတာပါ။

ဦးသန်းလွင်ထွန်း။ ။ မှန်ပါတယ်ခင်ဗျ။ ကျနော် ကျေနပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ နံပါတ်(၁) အချက် ကျနော့်ရဲ့ဆန္ဒပေါ့။ ဆန္ဒက တိုင်းပြည် တည်ငြိမ် အေးချမ်းစေချင်တာပါ။ နံပါတ် (၂) က ဘာလဲဆိုတော့ ရှိနေတဲ့လူတွေအားလုံး စည်းစည်းလုံးလုံး ရှိစေချင် တယ်။ နောက်တခုက ကျနော်တို့ တိုးတက်ဖို့ သွားရမှာပေါ့။ ကျနော်တို့လုပ်နိုင်တဲ့ အချိန်အတွင်းမှာ တိုင်းပြည် တိုးတက်အောင်လုပ်သွားမယ်၊ သမိုင်းကို ကျနော်တို့ရေးနေကြတာပါ။ ကိုယ့်သမိုင်း၊ ကိုယ့်တိုင်းပြည် တိုးတက်ဖို့ အတွက် ဘယ်လောက်လုပ်နိုင်မလဲ၊ လုပ်နိုင်ရင်လုပ်သွားမှာပေါ့၊ မလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူကို ကျနော်တို့ က တည်ဆောက်ပေးခဲ့ရမှာပေါ့။ ဒီလို သွားရမှာဖြစ်ပါတယ်။ ကျနော်တို့က တကယ်တန်းပြောရင် လူကြီးပိုင်းလို့ ပြောပေမယ့်လည်း လူလတ်ပိုင်းရဲ့အမြင်ပိုင်းမှာ ရှိတာကိုး။ တိုင်းပြည်အတွက် အများကြီး လုပ်ပေးချင်ပါတယ်။ တကယ်ဆန္ဒရှိတယ်။ တခြားလူတွေကိုလည်း ဒီလိုပဲ ဖြစ်စေချင်တာပေါ့။ တယောက်တပေါက် အငြင်းပွားနေမယ့်အစား တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စိတ်ပေါ့လေ။ ကိုယ့်ကျတဲ့တာဝန်ကနေ လုပ်ကြပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG