သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ဗွီအိုအေနဲ့ တွေ့ဆုံနှုတ်ဆက်


ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်
ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်

လက်ရှိသမ္မတ ဦးသိန်းစိန် တာဝန်တွေလွဲှပြောင်းပြီးတဲ့အခါ သူဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းတွေကို ဆောင်ရွက် သွားဖို့ ရည်ရွယ်တဲ့အကြောင်း ဒီကနေ့ မနက်ပိုင်း နေပြည်တော်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေက သီးသန့်တွေ့ဆုံမေးမြန်းခွင့်တောင်းခံ ခဲ့ပေမဲ့ နှုတ်ခွန်းဆက် ပြောဆိုတဲ့အဆင့်နဲ့သာ လက်ခံတွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က သမ္မတသက်တမ်းအတွင်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ နိုင်ငံရေး အနာဂတ်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တွေ့ဆုံရာမှာ ရှင်းလင်းပြောကြားခဲ့တာပါ။ ဒီကနေ့ နေပြည်တော်မှာ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဦးသန်းလွင်ထွန်းကို ကျမတို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သီးသန့်တေ့ွဆုံခွင့် မရတဲ့ အခြေအနေကို သူကအခုလို စရှင်းပြပါတယ်။

“ဦးသန်းလွင်ထွန်း။ ။ အခုလောလောဆယ် နိုင်ငံရေးအခြေအနေ အထူးသဖြင့်ပေါ့နော် အစိုးရအတွက်၊ သူတို့အတွက် ပြောင်းလဲဖို့ပြင်ဆင်နေတဲ့အချိန် ပြီးတော့ ဒီနေ့မနက်ဆိုရင်လည်း ကျနော်တို့ တွေ့ဆုံနေတဲ့အချိန်မှာ ဒုတိယသမ္မတတွေ ရွေးဖို့အတွက် လွှတ်တော်ထဲမှာလည်း သေချာတကျမရှိသေးတဲ့အခြေအနေဆိုတော့ သမ္မတကြီးအနေနဲ့လည်း သူ သီးသန့်တွေ့ဆုံမေးမြန်းခန်း ဆိုတာထက် သူရိုးရိုးလက်ရှိအခြေအနေထဲမှာပေါ့နော် တွေ့ဆုံနှုတ်ဆက်ပြီးတော့ စကားစမြီပြောတဲ့အနေအထားနဲ့ပဲ တွေ့ချင်ပါတယ်လို့ လက်ခံလာတယ်လေ။

မ ခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ဒီလိုတွေ့ဆုံနှုတ်ဆက်ခွင့်လောက်ပဲရတဲ့ အခြေအနေမှာရော ထူးထူးခြားခြားဘာတွေများပြောဖြစ်ပါသလဲရှင့်။

ဦးသန်းလွင်ထွန်း။ ။ နှုတ်ဆက်ခွင့်ရတယ်ဆိုတာ နှုတ်ဆက်ရုံ သက်သက်တော့ မဟုတ်ဘူးပေါ့လေ။ ဘာပဲပြောပြော အခြေအနေနောက်ခံ အကြောင်းအရာလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုမေးမြန်းခွင့်ရတော့ ရခဲ့တာပေါ့။ ဒါပေမယ့်လည်း ဒါတွေက ကျနော်တို့ သတင်းကျင့်ဝတ် အရဆိုရင်လည်း သီးသန့်မေးမြန်းခွင့်မပေးပဲနဲ့ ဒါကြောင့်ကျနော်တို့ ပြောဖြစ်တဲ့အကြောင်းအရာလေးတွေကို နောက်ခံသဘောမျိုးရှင်းပြတဲ့အခြေအနေလေးတွေဆိုတော့ ထုတ်ဖော်ပြောလို့ရမယ့်ဟာလေးတွေကိုပဲ ပြောသွားရမယ့် အနေအထားရှိတာပေါ့။ အဲတော့ အဓိကအားဖြင့်တော့ သူ့အနေနဲ့တော့ သူ့ရဲ့ သမ္မတ သက်တမ်း ၅ နှစ် ကာလအတွင်းမှာ ဘာတွေများဆောင်ရွက်နိုင်ခဲ့တာရှိလဲ ၊ ဘယ်အချက်တွေကို ကျေနပ်မှုရှိသလဲ။ ဒါမျိုးလေးတွေတော့ သူ့ဘက်က ပြောတာလေးတွေရှိပါတယ်။

မ ခင်ဖြူထွေး။ ။ ဟုတ်ကဲ့ အခုဆိုရင် မကြာခင်မှာ အစိုးရသစ်လည်း လာတော့မယ်ဆိုတော့ သူ့ရဲ့ အစိုးရ သက်တမ်းလည်း ကုန်တော့မယ်ဆိုတဲ့အချိန်မှာ သူ့အနေနဲ့ရော နောက်အစိုးရ တက်လာတဲ့အချိန်မှာ သူရှေ့ဆက် ဘာတွေလုပ်သွားမယ်ဆိုတာမျိုးတွေရော ပြောဖြစ်တာရှိပါသလားရှင့်။

ဦးသန်းလွင်ထွန်း။ ။ အဓိကကတော့ အခုလောလောဆယ် သူတို့အနေနဲ့ ပြင်ဆင်နေတဲ့ အကြောင်းလေးတွေပြောပါတယ်။ ပြီးလို့ရှိရင် ဒါက အခု မြန်မာပြည်မှာပေါ့နော် တခြားအရှေ့အလယ်ပိုင်းဒေသတွေမှာဖြစ်ခဲ့သလို ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ သွေးထွက်သံယိုမဖြစ်ပဲနဲ့ ဒီအစိုးရအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကနေတဆင့် တဖက်ပါတီပေါ့နော် လူထုကိုယ်စားပြုတဲ့ပါတီ နိုင်သွားတယ်ဆိုတာကို သူတို့အနေနဲ့လက်ခံပြီးတော့ အစိုးရတာဝန်အလွှဲအပြောင်းလေးမှာ အစဉ်အလာတခုအနေနဲ့ သူတို့ဖြည့်ပြီးတော့ ခမ်းခမ်းနားနား သူတို့ကြိုးစားနေတဲ့အကြောင်းပြောပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ ဒီကိစ္စအပေါ်ကို ဂုဏ်ယူတယ်ဆိုတာလည်းပြောပါတယ်။ ဒါပေမယ့် ဒီမိုကရေစီရွေးကောက်ပွဲမှာဆိုလို့ရှိရင် တဘက်က နိုင်သွားတယ်။ သူ့ရဲ့ ကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့နော် တချိန်တုန်းက နိုင်ခဲ့တုန်းက သူ့အနေနဲ့သမ္မတဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း ရှုံးနိမ့်သွားတဲ့အခါကျတော့ ဒီပါတီရဲ့ အခြေအနေလေးတွေကို ပြန်လည်တည့်မှတ်ထိန်းကျောင်းပေးဖို့ သူ့အနေနဲ့ အဲဒီဟာကို လုပ်ကိုင်ပေးသွားဦးမယ်ဆိုတဲ့ အလားအလာရှိတာကိုပြောပါတယ်။

မ ခင်ဖြူထွေး။ ။ သူ့လက်ထက်တုန်းကဖြစ်ခဲ့တဲ့ ဥပမာ-ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံလိုကိစ္စမျိုးတွေ ၊ နောက်အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးတို့ အနေအထားမျိုးတွေနဲ့ ပတ်သက်ပြီးတော့ရော ဒီအစိုးရသစ်လက်ထက်မှာ ဘယ်လိုအနေအထားမျိုးတွေ ဖြစ်လာမယ်ဆိုတာမျိုးသူ့အနေနဲ့ပြောဖြစ်ခဲ့တာ ရှိပါသလား။

ဦးသန်းလွင်ထွန်း။ ။ မြစ်ဆုံလိုကိစ္စမျိုးတွေမှာတော့ သူ့အနေနဲ့ သူ့အစိုးရမှာ ရပ်ဆိုင်းထားတယ်ဆိုတော့ ဒီကိစ္စကို ဆက်လက်လုပ်ဆောင်ဖို့ကိစ္စကို နောက်အစိုးရအနေနဲ့ ပြေလည်အောင် ညှိနှိုင်းရမယ့် ပုံစံပဲ ဆိုတာကို သူပြောပါတယ်။

မ ခင်ဖြူထွေး။ ။ တခြားကော ထူးထူးခြားခြားပေါ့နော် အခုပြောခဲ့တဲ့ ကိစ္စတွေအပြင် ထူးထူးခြားခြားဘာတွေရော ပြောဆိုဖြစ်ခဲ့သလဲရှင့်။

ဦးသန်းလွင်ထွန်း။ ။ ထူးထူးခြားခြားရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ကတော့ တွေ့ဆုံမေးမြန်းခန်းရယ်လို့ မဟုတ်ပဲနဲ့ ဒါ တွေ့ဆုံနှတ်ဆက်တဲ့သဘောမျိုးပဲ လက်ခံ စကားပြောခဲ့တယ်ဆိုတော့ ဒီအချက်ဒီအချက်လေးတွေကိုပဲ ကျနော့်အနေနဲ့ နောက်ပိုင်းမှာ လူတွေကလည်း သိချင်ကြမယ်လေ တွေ့ဆုံခဲ့တယ်ဆိုတော့ ဘာတွေများမေးမြန်းခဲ့သလဲဆိုတော့ ဒီအချက်လေးကိုပဲ အကြမ်းဖျင်းပြောပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့လည်း တကယ်တမ်းကျရင်တော့ ဖြစ်နိုင်လို့ရှိရင်တော့ တွေ့ဆုံမေးမြန်းခန်းကို အစီအစဉ်လေးနဲ့ လုပ်ချင်တာပေါ့ အချိန်ယူပြီးတော့။ အဲဒီတော့ ဒီအချက်တွေကို နောက်ပိုင်းမှာ ထူးထူးခြားခြားပြောနိုင်ဖို့အတွက် သမ္မတကြီးအနေနဲ့ သူ့ရဲ့တာဝန်တွေလွှဲမှာဖြစ်တဲ့အတွက်ကြောင့် အလွှဲအပြောင်းပြီးသွားရင် ၊ ဒါမှမဟုတ်လို့ရှိရင်လည်း ပါတီဘက်မှာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပြီဆိုရင် နောက်ထပ် သမ္မတ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့အခြေအနေ ၊ ရှေ့ဆက်လုပ်မယ့်အနေအထားလေးတွေကို သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပြုပါဆိုပြီးတော့ပဲ ကျနော်တို့အနေနဲ့ ထပ်ပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။”

XS
SM
MD
LG