သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် ကယ်ဆယ်ရေး အခက်အခဲကြုံနေ


ခတ္တမန္ဓူ ကိုရောက်နေတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်နဲ့ ဗွီအိုအေ သတင်းထောက် Steven Herman။
ခတ္တမန္ဓူ ကိုရောက်နေတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်နဲ့ ဗွီအိုအေ သတင်းထောက် Steven Herman။

ကြီးမားတဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ နီပေါလ်နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ ကပ်ဘေးဒုက္ခသည်တွေ အတွက် ရေနဲ့ အခြေခံ အစားအစာ လိုအပ်မှုတွေ အတော့်ကို ကြီးမားနေပြီး နိုင်ငံတကာ အကူအညီပေးရေး အတွက် လည်း လေဆိပ်အပါအဝင် လမ်းပမ်း ဆက်သွယ်ရေး ကြုံနေရတယ်လို့ နီပေါလ်နိုင်ငံ ခတ္တမန္ဓူ မြို့ ကို ဒီကနေ့ ရောက်သွားတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်က ပြောပါတယ်။ ခတ္တမန္ဓူမြို့အခြေအနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ခတ္တမန္ဓူ ကိုရောက်နေတဲ့ ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

"ကျနော်တို့က ဒီကနေ့ နေ့လည်ကမှ ခတ္တမန္ဓူ မြို့ ကို ရောက်တာပေါ့။ အခုနေ့လည် ဒီမြို့ထဲကို ပတ်ကြည့်တာတော့ ရှေးဟောင်း အဆောက်အဦး တော်တော် များများကတော့ တော်တော်ကို ပြိုကျသွားတာတွေ့ရတယ်။ ပြီးတော့ ခတ္တမန္ဓူ မြို့ ထဲက အိမ်တွေကျတော့ လူနေသိပ်သည်းတော့ လူနေအိမ်တွေက တလုံးနဲ့ တလုံး ဆက်နေတော့ ဆက်နေတဲ့ အိမ်တွေကတော့ မပြိုဘူး။ ဒါပေမဲ့ အဲ့လို သီးခြားရှိနေတဲ့ အိမ်တွေ မခိုင်တဲ့ အိမ်တွေကတော့ လုံးဝကို ပြိုကျသွားတယ်။ ဒီနေ့အထိတော့ မြို့ထဲမှာတော့ လူသေအလောင်းတွေက ဒီနေ့ အထိတော့ ဖော်နေ တာတွေ့နေတုန်းပဲ။

နောက်တခုက လျှပ်စစ်မီးမရဘူး။ သောက်သုံးရေတွေ ရှားတယ်။ ရေလုံးဝ မရှိတော့ဘူး။ အဲ့ဒီ့အတွက် သူတို့အခက်အခဲဖြစ်နေတာတော့ တွေ့ရတယ်။ ကျနော် မနက်က လေယာဉ်ကွင်းရောက်တုန်းကတော့ အမေရိကန် USAID လေယာဉ် တစ်စီး တွေ့တယ်။ ပြီးတော့ ကျနော်တို့ အခုလေယာဉ်နဲ့အတူတူ ဂျပန် ကယ်ဆယ်ရေး အဖွဲ့တွေ ပါလာတယ်။ အခု ညနေ မြို့ထဲမှာ တွေ့တာတော့ ဂျာမနီက ကယ်ဆယ်ရေးအဖွဲ့တွေ တွေ့တယ်။

ခက်တာက ဒီမှာ လေယာဉ်ကွင်းက သေးတော့ လေယာဉ်တွေ ဆိုက်လို့မရဘူး။ မနေ့က ကျနော်တို့ လေယာဉ်နဲ့ လာတာဆိုရင် လေယာဉ်နဲ့လာတာ ၁၅နာရီလောက် ပတ်ပြီးမှ ပြန်ဆင်းလိုက် ကလ္ကကတ္တားမှာပြန်ဆင်းပြီးတော့ လေယာဉ် ဆီဖြည့်လိုက် ပြန်ပြီးတော့ ခတ္တမန္ဓူ ကို ဆင်းဖို့အတွက် စောင့်ပြီးတော့ အပေါ်မှာ ပတ်ပျံလိုက်နဲ့ ၁၅နာရီလောက် လေထဲမှာ နေပြီးတော့ လေယာဉ်ဆင်းလို့မရလို့ ကျနော်တို့ ဘန်ကောက်အထိ ပြန်သွားရတယ်။ ဒီနေ့မနက်မှာ နောက်တခေါက် ကျနော်တို့ ဘန်ကောက်ကနေ ပြန်လာတာ။

မေး။ ။ ဘာကြောင့် လေယာဉ် မဆင်းနိုင်ရတာလဲ။ လေယာဉ်ကျပ်နေ လို့လား။ လေယာဉ်မဆင်းနိုင်လို့လား။ အောက်က အခြေအနေကြောင့်လား။

" ဟုတ်ကဲ့။ လေယာဉ်မဆင်းနိုင်တာက ခတ္တမန္ဓူ မှာ ရှိတဲ့ လေယာဉ်ကွင်းက One Way တလိုင်းပဲဗျ။ လေယာဉ်တွေ ပတ်ကင်ထိုးဖို့အတွက် နေရာလည်း အလုံအလောက်မရှိဘူး။ လေယာဉ်ကွင်းက အရမ်းသေးတယ်ပေါ့။ လေယာဉ်ကွင်း ရဲ့ တချို့ Facility ကလည်း အကုန်လုံး Full Functions မ Run နိုင်ဘူးပေါ့နော်။ အဲ့ဒီ့တော့ လေယာဉ်တွေ အဆင်းအတက်က များများ လုပ်လို့မရဘူး။ လေယာဉ်တွေ ထားဖို့လည်း အခက်အခဲရှိတယ်။ အဲ့ဒီ့တော့ နိုင်ငံတကာ အကူအညီလာတဲ့ လေယာဉ်တွေကလည်း အရမ်းကြီးတယ်ပေါ့။ လေယာဉ်ကွင်းက သူက ဘယ်လိုမှကို Handle မလုပ်နိုင်ဘူးဖြစ်နေတာပေါ့။ "

မေး။ ။ ခုနက ကိုဇင်လတ်ပြောသွားတဲ့အထဲမှာ ရေတို့ လျှပ်စစ်မီးတို့ အတော်လေး အခက်အခဲဖြစ်နေတယ်ဆိုတော့ အဲ့ဒီ့အတွက်ကို ဘာတွေများ အထောက်အပံ့ပေးဖို့ လုပ်နေကြတာ တွေ့ရလဲ။

"အချင်းချင်း ကူညီနေကြတာများတယ်။ ဘောလုံးကွင်းထဲမှာ ကမ့်ထဲမှာ ရွက်ဖျင်တဲတွေ နဲ့ နေကြတယ်။ အဲ့ဒီ့မှာ သောက်သုံးရေတို့ အိမ်သာကအစ ဘာမှ မရှိဘူး။ အဲ့ဒီ့တော့ ရေလာလှူတဲ့သူရှိရင် အလုအယက် အဲ့လိုယူရတာမျိုး ရှိတယ်။ ပြီးတော့ လမ်းဘေးမှာ ကျနော်တွေ့ခဲ့ရတာက ရေပိုက် လိုင်းတွေ ပေါက်ပြီးတော့ ရေလိုင်းတွေ ပေါက်ပြီး ရေတွေ လျှံထွက်နေတယ်။ အဲ့ဒီ့နေရာကနေ အလုအယက် သွားခပ်ရတာမျိုးတွေတော့ ရှိတယ်။ စနစ်တကျ စီမံပေးတာမျိုးတော့ အခုလောလောဆယ်မှာ မရှိဘူး။"

မေး။ ။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်တဲ့အချိန်မှာ ငလျင်ထပ်လှုပ်တာ အထိအခိုက်ရှိတယ်ဆိုတော့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေရော စိုးရိမ်ကြောင့်ကြမှု ဖြစ်နေကြလား။

" ငလျင်နဲ့ပတ်သက်လို့ ဒီနေ့တောင်မှ နည်းနည်း aftershock လှုပ်သွားသေးတယ်ပြောတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးသမားတွေကတော့ အများကြီးလည်း မရောက်သေးဘူး။ ဥပမာ အယောက်ခြောက်ဆယ် ခုနှစ်ဆယ် အသုတ်လိုက်လေးတော့ ရောက်နေတယ်။ သူတို့က လောလောဆယ်တော့ ဒီမြို့တော်ခတ္တမန္ဓူ မှာပဲ နေကြတာပေါ့။ အခြားရွာတွေမှာဖြစ်တာကတော့ ပိုများတယ်ပြောတယ်။ ရွာတွေ ခတ္တမန္ဓူ ရဲ့အပြင်ဘက်မှာ ရှိတဲ့ ရွာတွေကျတော့ အိမ်တွေ အဆောက်အဦးတွေ ဆောက်ထားတာလည်း မခိုင်တော့ တချို့ဆို ရွာလုံးကျွတ်ပြိုသွားတာမျိုးတွေ ရှိတယ်ပြောတယ်။

အဲ့ဒီ့နေရာတွေတော့ ကျနော်လည်း မနက်ဖြန်မှ ရောက်မှာဆိုတော့ သေချာ အတိအကျတော့ ပြောလို့မရသေးဘူး။ "

မေး။ ။ ခတ္တမန္ဓူ မြို့ထဲမှာရော ပုံမှန်အစိုးရလုပ်ငန်း တွေ စီးပွားရေး အခြေအနေတွေရော အခု အဲ့ဒီ့အခြေအနေ ဘယ်လိုရှိလဲ။

"စီးပွားရေးလုပ်ငန်းတွေကတော့ အကုန်ပိတ်ထားတယ်။ ဘာဆိုင်မှ မဖွင့်ဘူး။ ကယ်ဆယ်ရေး စစ်တပ်အဖွဲ့တွေတော့ တွေ့တယ်။ အများကြီးတော့ သေချာ စနစ်တကျ အများကြီးတော့ မတွေ့သေးဘူး။ ပုံမှန်အနေအထားတော့ မရှိသေးဘူး။ ဒီမှာ ရှိတဲ့ ပြည်သူတွေတော်တော်များများကလည်း နောက်ထပ် ငလျင်အကြီးကြီးများ ထပ်လှုပ်ဦးမလားဆိုတဲ့ဟာမျိုးတွေ စိုးရိမ်နေတော့ အိမ်တွေမှာ မနေကြဘူး။ လမ်းမပေါ်မှာ ရွက်ဖျင်တဲလေးတွေ ထိုးပြီးတော့ နေကြတာ များတယ်။ နောက်ပြီးတော့ ဒီမှာက ရာသီဥတုက နည်းနည်း ဆိုးနေတယ်။ ညဘက် အရမ်းအေးတယ်။ ပြီးတော့ မိုးလည်းရွာနေတယ်။"

မေး။ ။ အခုသေဆုံးတဲ့သူတွေရဲ့စာရင်းထုတ်ပြန်ပေးတာတို့ မိသားစုတွေ တွေ့နိုင်အောင် လုပ်ပေးနေတာတို့ အဲ့ဒီ့အခြေအနေတွေရော ရောက်ပြီလား။

"လောလောဆယ်တော့ အဲ့လိုမျိုးစင်တာတော့ မတွေ့ဘူး။ နေ့လည်က ကျနော်တို့ရောက်တဲ့ ခတ္တမန္ဓူ မှာအကြီးဆုံးဆိုတဲ့ ကမ့်ထဲကို ရောက်တယ်။"

မေး။ ။ ကိုဇင်လတ်တို့ မနက်ဖြန်လောက်ဆိုရင်တော့ ခတ္တမန္ဓူ မြို့ပြင်က ထိခိုက်တဲ့အခြေအနေ သွားကြည့်မယ်ဆိုတော့ အဲ့ဒီ့သွားဖို့ရော ခရီးသွားလာရေးအခက်အခဲတွေ ဘာတွေရှိလား။

" ခရီးသွားလာရေးက လောလောဆယ် ကျနော်ကြားတာကတော့ ကားနဲ့တော့ သွားလို့မရဘူး။ လမ်းတွေကလည်း ပျက်နေတယ်။ အဲ့လို အဆောက်အဦးပြိုတာတွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ ဆိုင်ကယ်နဲ့တော့ စမ်းပြီးသွားကြည့်မယ်ပေါ့။ အခက်အခဲကတော့ မနက်ဖြန်လောက်မှ သိရမယ်။ လောလောဆယ် ဒီကမြို့ခံတွေ ပြောတာကတော့ ကားနဲ့တော့ သွားလို့မရဘူး။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ဆိုရင်တော့ သွားလို့ရနိုင်တယ်ပြောတယ်။"

နီပေါလ်နိုင်င့ ခတ္တမန္ဓူ ကိုရောက်နေတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG