သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဓါတ်ပုံ- ကို ထက်အောင် )
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဓါတ်ပုံ- ကို ထက်အောင် )

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တယောက်အနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ ငြိမ်းချမ်းရေးနဲ့ သယံဇာတတွေကို ထိထိရောက်ရောက် ခွဲဝေသုံးစွဲရေးတို့ကို အဓိကဦးစားပေးလုပ်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးနေရာတွေကို လျှော့ချသွားပြီး အစိုးရကို ကျစ်လစ် ထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်း ခန်းမှာ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာ ဒေါက်တာဇော်မြင့်မောင်ကို ကိုထက်အောင်က သွားရောက်တေ့ွဆုံ မေးမြန်းထားတာဖြစ်ပါတယ်။

“ကိုထက်အောင်။ ။ဒီကနေ့မှာပဲ ဆရာ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တဲ့အတွက် ဆရာ့အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဘယ်လို ကဏ္ဍ တွေကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့ရှိပါသလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ မြန်မာနိုင်ငံမှာ ကနေ့ ကျနော်တို့အရင်အစိုးရကလည်း ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာလုပ်ခဲ့တယ်။ နောက်ပြီးတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီ ၂ ခုက တွဲလျက်ပေါ့နော်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရုံမကဘူး ပြည်သူတွေ ကိုယ်ရောစိတ်ရော ၊ စိတ်နှလုံး လုံခြုံစိတ်ချမှုရှိစေဖို့ မှုတည်တာပေါ့နော်။အဲတော့ ဘယ်ကဏ္ဍတွေကိုလည်းဆိုတော့ ကျနော်တို့နိုင်ငံက စိုက်ပျိုးမွေးမြူရေး နိုင်ငံလေ။ လူ ၇၀ ရာခိုင်နှုန်းက ကျနော်တို့ ကျေးလက်တွေမှာနေတယ်။ ကျနော်တို့မှာ Heavy Industry ဆိုတဲ့ စက်မှုလုပ်ငန်း သိပ်မဖွံ့ဖြိုးသေးဘူး။ ဆင်းရဲမွဲတေမှုလျှော့ချရေးလို့လည်းပြောနေသေးတယ် လယ်တွေမြေတွေသိမ်းပြီးတော့ တောင်သူလယ်သမားတွေဘဝက ပိုပြီးတော့တောင် အခက်တွေ့နေသေးတယ်။ ဆိုတော့ ဒီကဏ္ဍကတော့ ပိုပြီးတော့ ဦးစားပေးရမယ့်အထဲမှာတော့ ပါမှာပေ့ါနော်။ နောက်တခုပြောချင်တာဘာလဲဆိုတော့ တိုင်းပြည်မှာ သေနတ်သံတွေ ကြားနေရတုန်းရှိသေးတယ်။ စစ်မတ်တွေဖြစ်နေတာရှိသေးတယ် ဒါ ဘာလဲဆိုရင်မကောင်းတဲ့အလားအလာ။ နုနယ်သေးတဲ့ ဒီမိုကရေစီက နောက်ကြောင်းပြန်သွားနိုင်တဲ့အထဲမှာ ဒီတခုပါတယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမယ့် လုပ်ငန်းတွေက ငြိမ်းချမ်းရေးရအောင်လည်းလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တွေရှိနေသေးတယ်။ ငြိမ်းချမ်းရေး နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးရေးကို တွဲလုပ်ရမယ်။ တခုပြီးမှ တခု လုပ်လို့မရတော့တဲ့အခြေအနေ။ အဲတော့ စိုက်ပျိုးမွေးမြူရေးကိုလည်းလုပ်ရမယ်။ အလားတူဘာလဲဆိုရင် ကျနော်တို့နိုင်ငံမှာ သံယံဇာတတွေတော်တော်ကုန်နေတယ်။ သံယံဇာတဆိုတာဘာပဲပြောပြော စက်မှုကဏ္ဍမှာလည်း အကျုံးဝင်တယ်။ သတ္တုကဏ္ဍမှာလည်း အကျုံးဝင်တယ်။ ကျနော်တို့နိုင်ငံမှာ သံယံဇာတကို အရှိအရှိအတိုင်းထုတ်ပြီး ရောင်းစားနေတာ။ Value Added လုပ်နိုင်တဲ့ နည်းပညာမရှိခဲ့ဘူး။ဆိုတော့ ဒီကဏ္ဍကိုလည်း ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမှာ။ ပြောရရင်တော့ပေါ့နော် ဒီ ၃ ခုကို ဦးစားပေးလုပ်ရမယ်အထဲမှာလည်း ဗဟိုအစိုးရမှာလည်း ပါမှာပေါ့နော်။ ဗဟိုအစိုးရရဲ့ Policy အတိုင်း တိုင်းဒေသကြီးက ဆက်လုပ်ရမှာပေါ့။

ကိုထက်အောင်။ ။ဟုတ်ကဲ့။ပြီးခဲ့တဲ့အစိုးရ သက်တမ်း၅ နှစ်အတွင်းမှာ တိုင်းဒေသကြီးလွှတ်တော် အပါအဝင် ဒီဝန်ကြီးချုပ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဝေဖန်သံတွေဆူညံခဲ့ပါတယ်။ အဲတော့ ဆရာ့အနေနဲ့ လာမယ့် ဧပြီလဆန်းမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်တော့မယ်ဆိုတော့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါသလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ သတိထားမိမှာပေါ့နော်။ ဝန်ကြီးဌာန ၂၁ ဌာန လုပ်လိုက်တယ်။ ဝန်ကြီးအရေအတွက်လျှော့ချတယ်။ တိုင်းဒေသကြီးမှာလည်း အလားတူ ဝန်ကြီးအရေအတွက်လည်းလျှော့ချမယ်။ ဝန်ကြီးဌာနတွေလည်း လျှော့ချမယ်။ ပြောရရင်တော့ ကျနော်တို့က ကျစ်လစ်တဲ့အစိုးရတခုဖွဲ့မယ်။ ပြည်သူကိုတာဝန်ခံနိုင်အောင်လုပ်မယ်။ အစိုးရရဲ့ အသုံးစားရိတ်တွေကို လျှော့ချအောင်လုပ်နိုင်မယ်။ကျနော်တို့ခေါင်းဆောင်ကိုက အမြဲတမ်းမှာထားတာနော် ဒီ ဝန်ကြီးချုပ်ဆိုလို့ ဝန်ကြီးချုပ်အာဏာ ၊ ဝန်ကြီးဆိုလို့ ဝန်ကြီးအာဏာ ဒီဟာ အာဏာမဟုတ်ဘူး။ ဒါ လုပ်ပိုင်ခွင့်ပဲ ကျနော်တို့ရတာ။ ပြည်သူက လွှဲပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာ ။ ဒီလုပ်ပိုင်ခွင့် အာဏာဘောင်ထက်မကျော်ရဘူး (၁) အချက်က ။ (၂) ကဘာလဲဆိုတော့ အလွဲသုံးစားမလုပ်ရဘူး။ အာဏာကို အလွဲသုံးစားမလုပ်ရဘူး။ ကျနော်တို့ကြိုးစားရမှာ စေတနာထားပြီး စေတနာ သန့်သန့်လုပ်မယ်။ ရိုးရိုးသားသားလုပ်မယ် ကြိုးကြိုးစားစားလုပ်မယ်။ အဂတိကင်းစင်တဲ့ အစိုးရဖြစ်အောင်လုပ်မယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်တဲ့ အစိုးရဖြစ်အောင်ကျနော်တို့ကြိုးစားရမယ်။ ဒီအတိုင်းပဲကျနော်တို့လုပ်မှာပါ။

ကိုထက်အောင်။ ။မန္တလေးတိုင်း မှာဆိုရင်လည်း ဝန်ကြီးတွေကို ဆရာ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင်တော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ မန္တလေးတိုင်း ဝန်ကြီးအနေနဲ့ ဘယ်သူ့ကို ရာထားတာရှိပါသလဲ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ ရာထားတာ ကျနော်တို့က အခုအချိန်မှာတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောမယ်နော် ကျနော်တို့ ရာထားပြီးပြီ။ဒါကို သမ္မတဆီတင်ရတယ်။ ကျနော့်ကိုမေးတယ်။ ဝန်ကြီးဌာန ဘယ်နှစ်ဌာနရှိသလဲဆိုတော့ အရင်ကဟာထက်နည်းတယ်။ အရင်က ၉ ခုရှိတယ်။ အဲဒီတော့ ဝန်ကြီးဌာန အရေအတွက် နည်းတယ်ဆိုရင် ဝန်ကြီးအရေအတွက်လည်း နည်းမှာပါနော်။ အလားတူ ကျနော်တို့တွေကဘာလဲဆိုတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိပါတယ်။ ဘယ်ဝန်ကြီးကိုရွေးရွေး ၊ ဘာပဲရွေးရွေးပေါ့နော် ကျနော်တို့က ကျနော်တို့ ဥက္ကဋ္ဌ ဆီကို CV form နဲ့ တင်ပြီးတော့မှ အားလုံးညှိပြီးတော့မှ ဥက္ကဋ္ဌက အတည်ပြုချက်ယူပြီးတော့ ရွေးတယ်ဆိုတဲ့သဘောကို ကျနော်တို့ ပြောချင်တာပေါ့နော် ။ ဒါဘာလဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ၊ ဝန်ကြီးတွေပဲဖြစ်ဖြစ် အားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ ၊ ပါတီရဲ့ ကြေညာစာတန်းတွေအောက်မှာပဲ ကျနော်တို့ နေထိုင်ကြရမှာပါ။ လိုက်နာကြရမှာပါ။

ကိုထက်အောင်။ ။ဆိုတော့ ဆရာ့အနေနဲ့ရွေးတဲ့အထဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ထဲကပဲလား ။ ဒါမှမဟုတ်တခြားပါတီတွေကရောပါမလား။ ဒါမှမဟုတ် တခြားပေါ့နော် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့သူတွေပါမလား။

ဒေါက်တာ ဇော်မြင့်မောင်။ ။ကျနော်တို့ပေါ့ တချို့နေရာတွေမှာ ပြင်ပ ပညာရှင်တွေ ပါမှကို ဖြစ်မှာပါ။ ပါမယ် နောက်လွှတ်တော်ကိုယ်စားလှယ်ထဲက ကျန်တဲ့ဝန်ကြီးတွေရှိပါတယ်။ တခြားပါတီကဆိုတော့ ဘာပဲပြောပြော အနိုင်ရများတဲ့အခါမှာ ဒီကိစ္စက ကျနော်တို့ စဉ်းစားရမယ့် ကိစ္စပဲလေ။ အခုလောလောလပ်လပ်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကရွေးထားတယ်။ ပါတီတွေဘာတွေ specific မပြောချင်ပါဘူးနော်။

ကိုထက်အောင်။ ။ ပြင်ပပညာရှင်တွေရော ဘယ်လိုဝန်ကြီးဌာနတွေကို အဓိက ကိုင်သွားမလဲခင်ဗျ။

ဒေါက်တာ ဇော်မြင့်မောင်။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့နေရာတွေက ပြင်ပက ပုဂ္ဂိုလ် မှရမှာ။ ဘာဖြစ်လို့လဲဆိုတော့ NLD က ဖိနိုပ်ခံရတဲ့ကာလတွေအများကြီးပဲ ။ ဖိနိုပ်တာကို ခံနိုင်ရည်ရှိတယ်။ ဆင်းရဲဒဏ်ကို ကောင်းကောင်းခံနိုင်တာရှိတယ်။ ကျနော်တို့မှာဘာလဲဆိုတော့ capacity building ဆိုတာမျိုးကို ကျနော်တို့ ကောင်းကောင်းမရခဲ့ဘူးခင်ဗျ။ ဆိုတော့ ကျနော်တို့မှာ အုပ်ချုပ်ရေးအတွေ့အကြုံမှာ နည်းတာတွေရှိတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တာ၊ ဘဏ်နာရေးတွေနဲ့ ။ ဒါ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့။ အဲလို field တွေမှာ အဲလိုနယ်ပယ်တွေမှာဆိုရင်တော့ ကျနော်တို့ ပညာရှင်ကို သုံးမယ်။”

XS
SM
MD
LG