သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA အစီအစဉ်များ Sky Net က ထုတ်လွှင့်မည်


VOA အမေရိကန်အသံ ဒါရိုက်တာ David Ensor၊ အမေရိကန်အစိုးရက ခန့်အပ်ထားတဲ့ အသံလွှင့်ဌာနတွေ အတွက် အုပ်ချုပ်ရေးဆိုင်ရာ BBG Broadcasting Board of Governer အဖွဲ့ဝင်တွေ၊ Sky Net ရုပ်သံ က တာဝန်ရှိသူတွေ သဘောတူ စာချွန်လွှာ လက်မှတ်ထိုးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
VOA အမေရိကန်အသံ ဒါရိုက်တာ David Ensor၊ အမေရိကန်အစိုးရက ခန့်အပ်ထားတဲ့ အသံလွှင့်ဌာနတွေ အတွက် အုပ်ချုပ်ရေးဆိုင်ရာ BBG Broadcasting Board of Governer အဖွဲ့ဝင်တွေ၊ Sky Net ရုပ်သံ က တာဝန်ရှိသူတွေ သဘောတူ စာချွန်လွှာ လက်မှတ်ထိုးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
VOA အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအဝင် VOA ရဲ့ ရုပ်သံ အစီအစဉ်တွေကို မြန်မာနိုင်ငံအတွင်းမှာ ပြန်လည် ထုတ်လွှင့်နိုင်ဖို့အတွက် VOA နဲ့ မြန်မာနိုင်ငံအတွင်းက အဓိက ရုပ်သံဌာန ဖြစ်တဲ့ SkyNet ရုပ်သံတို့ ဒီနေ့ သဘောတူလက်မှတ် ရေးထိုးကြပါတယ်။ ရန်ကုန်မြို့ Park Royal Hotel မှာ ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲအကြောင်း VOAဝိုင်းတော်သား ကိုသိန်းထိုက်ဦးက အခုလို သတင်းပေးပို့ထားပါတယ်။

ဒီနေ့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ VOA အမေရိကန်အသံ ဒါရိုက်တာ David Ensor၊ အမေရိကန်အစိုးရက ခန့်အပ်ထားတဲ့ အသံလွှင့်ဌာနတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာ BBG Broadcasting Board of Governers အဖွဲ့ဝင်တွေ၊ နောက် Sky Net ရုပ်သံ က တာဝန်ရှိသူတွေ အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell လည်း အခမ်းအနားကို တက်ရောက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်း မြန်မာ့အလင်းသတင်းစာရဲ့ ကျောဖုံးမှာ အမြဲတစေ ဝေဖန်တိုက်ခိုက်ခံခဲ့ရတဲ့ VOA လို သတင်းဌာနရဲ့ ထုတ်လွှင့်ချက်တွေ၊ အခု Sky Net က ပြန်ပြီးထုတ်လွှင့်ဖို့ သဘောတူညီချက် ရလိုက်တာကို သူက ထူးခြားတဲ့ မှတ်တိုင်တခုအဖြစ် ထည့်သွင်း ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာက ဒါဟာ ထူးခြားပြီး အသိအမှတ်ပြုရမယ့် အခါသမယတခုလို့ ပြောရမှာပါ။ သတင်းလွတ်လပ်ခွင့်တွေ ပြည့်ဝတဲ့ ယဉ်ကျေးမှုတခေတ်ဆီ ဦးတည်တဲ့ တိုးတက်မှုတွေလို့ ပြောရမှာပါ။ ဒီလိုအခမ်းအနားမျိုးကို တက်ရောက်ခွင့်ရတဲ့အတွက်လည်း ကျနော့အနေနဲ့ အထူးပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်”လို့ ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် သတင်းလွတ်လပ်ခွင့်တွေ မရှိမဖြစ် လိုအပ်ပြီး VOA အမေရိကန်အသံနဲ့ SkyNet ရုပ်သံတို့ သဘောတူညီထားတဲ့ ထုတ်လွှင့်ချက်တွေ ဟာ မြန်မာပြည်သူတွေ အတွက် အကျိုးရှိမယ့်၊ ဒီမိုကရေစီရေးဖြစ်ထွန်းမှုတွေ အတွက် အရေးပါမယ့် သတင်းတွေ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားခဲ့တာပါ။

အမေရိကန်အစိုးရက ခန့်အပ်ထားတဲ့ အသံလွှင့်ဌာနတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာ BBG Broadcasting Board of Governor အဖွဲ့ဝင်တဦးဖြစ်တဲ့ မစ္စတာ Victor Ashe ကလည်း

“ဒီလို SkyNet ရုပ်သံနဲ့ VOA အမေရိကန်အသံအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရခဲ့တဲ့ အခမ်းအနားမှာ အခုလို ရန်ကုန်မြို့ကို ကိုယ်တိုင် လာရောက်ပြီး အခမ်းအနား တက်ရောက်ခွင့်ရတာကို အထူးပဲ ဝမ်းမြောက်မိတဲ့အကြောင်း" VOA အမေရိကန်အသံ ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ကို ပြောဆိုသွားခဲ့တာပါ။

VOA ညွန်ကြားရေးမှူးချုပ် David Ensor ကတော့ ဒါဟာ ပထမအဆင့် ခြေလှမ်း သဘောဆောင်ပေမယ့်လည်း VOA နဲ့ Sky Net အကြား ကြီးမားတဲ့ ဆက်ဆံရေးတရပ်အဖြစ် ထူထောင်လာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

“ဒီတိုင်းပြည်ကို ပြုပြင်ပြောင်းလဲပြီး သတင်းလွတ်လပ်ခွင့် တွေ ပေါ်ပေါက်လာဖို့ ကျနော်တို့ဘက်က တစိုက်မတ်မတ် ဆောင်ရွက်ရေး သန္ဒိဌာန်ခိုင်မာမှုကို အဓိက ပြလိုက်တာလို့ ကျနော်ထင်ပါတယ်။ ဒီနိုင်ငံပြုပြင်ပြောင်းရေး ဖြစ်စဉ် အတွင်းမှာ Sky Net ရုပ်သံကလည်း ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သန္ဒိဌာန်ခိုင်ခိုင်မာမာ ချထားတာကို တွေ့ရပါတယ်။ ကျနော်တို့ရဲ့ ထုတ်လွှင့်ချက်တွေ ဟာ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေ ပါဝင်သလို၊ သတင်းအချက်အလက်တွေနဲ့ စိတ်ဝင်စားစရာတွေကို တင်ပြပေးနိုင်မယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်။”

VOA ညွန်ကြားရေးမှူးချုပ် David Ensorကပြောဆိုသွားခဲ့တာပါ။

Sky Net ရုပ်သံက စီစဉ်ညွန်ကြားရေးမှူး ဦးဝင်းနိုင်ကလည်း VOA နဲ့ သဘောတူညီချက်အပေါ် အခုလို ပြောဆိုပါတယ်။

“ကျနော်တို့တိုင်းပြည်အတွက်ပေါ့လေ၊ ကျနော်တို့ အများကြီး အကျိုးရှိမယ်လို့ ယူဆပါတယ်။ ကျနော်တို့ Sky Net သည် ပြည်သူတွေအတွက် Sky Net ဆိုတဲ့အတိုင်း ကျနော်တို့ မြန်မာပြည်သူတွေအတွက် ကောင်းကျိုးပေါ့လေ။ VOA ပရိုဂရမ်ထဲမှာဆိုရင် အင်္ဂလိပ်စာသင်ကြားတဲ့ အစီအစဉ်တွေပါတယ်။ အမေရိကန်မှာရှိတဲ့ လူနေမှုစရိုက်တွေရော၊ လူနေမှုယဉ်ကျေးမှုတွေရော၊ သင်ကြားတာရှိတယ်။ သူတို့ရဲ့ ဂီတနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ၊ ဟောလိဝုဒ်က မင်းသားမင်းသမီးတွေရဲ့အကြောင်းတွေ၊ အများကြီးပါပါတယ်ခင်ဗျာ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မြန်မာပြည်သူလူထု အကျိုးရှိမယ်လို့ ယူဆပါတယ်ခင်ဗျာ။”

ဒီလိုသဘောတူ တူညီချက် ချမှတ်နိုင်ခဲ့တဲ့အတွက် သတင်းထောက်တစ်ယောက်အနေနဲ့ ဘဝမှာ အပျော်ဆုံးနေ့တနေ့ပါ ဆိုပြီး ပြောခဲ့သူ ကတော့ VOA မြန်မာပိုင်းအစီအစဉ်ရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်းပါ။

“သဘောတူညီချက်က လွယ်လွယ်တော့ ဖြစ်တာမဟုတ်ဘူးပေါ့။ ကျနော်တို့ကြိုးစားခဲ့ ရတာ တော်တော်ကြာပါတယ်။ ဒါပေမယ့်လည်း အခုလိုအောင်မြင်သွားတယ် ဆိုတော့ ကျနော်အနေနဲ့ အတော်လေး ဝမ်းသာပါတယ်။ ကျနော်အနေနဲ့ ဒီမှာ သတင်းထောက်တစ်ယောက်နဲ့ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်း၂၀ကျော် ရှိပါတယ်။ ဒါ ကျနော်အနေနဲ့ ဝမ်းအသာရဆုံးနေ့လို့ပြောရမှာပါပဲ။ ဘာကြောင့်လည်းဆိုတော့ တချိန်တုန်းက မြန်မာနိုင်ငံကို သတင်းလွှင့်တယ်ဆိုရင် မြန်မာနိုင်ငံပြင်ပကပဲ သတင်းတွေကို နည်းမျိုးစုံနဲ့ ရောက်အောင် လွှင့်ပေးနေခဲ့ရတဲ့ အခြေအနေကနေပြီးတော့ အခု မြန်မာပြည်မှာ ရှိတဲ့ အခြေစိုက်တဲ့ သတင်းဌာနတစ်ခုက ကျနော် သတင်းတွေကို ပြည်တွင်းကနေ ပြန်လွှင့်ပေးနိုင်တဲ့ အနေအထားမျိုးရောက်အောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်။ အဲ့တော့ ဒီအခြေအနေအထိ ရောက်လာတာကိုတော့ ဒီနေ့ကတော့ တော်တော်လေး ဝမ်းသာရမယ့်နေ့လို့ ပြောရမှာပေါ့။

နောက် အထူးသဖြင့် ကျနော်တို့ရဲ့ မြန်မာသတင်းဌာနကနေ ထုတ်လွှင့်ပေးမယ့် သတင်းတွေကို မတည်းမဖြတ်ပေါ့၊ အကုန်လုံး မြန်မာပြည်သူတွေဆီကို လွယ်လွယ်ရောက်အောင် လုပ်ပေးနိုင်မယ့် အနေအထားမျိုး ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့အတွက် ဝမ်းသာရပါတယ်။ အဲ့တာအပြင်ကို နောက်ပိုင်းမှာ ပရိတ်သတ်ရဲ့ တောင်းဆိုချက်အရပေါ့နော်။ အစီအစဉ်တွေ လိုအပ်ရင် လိုအပ်သလို တိုးချဲ့သွားဖို့လည်း ကျနော်တို့ စီစဉ်နေပါတယ်။ အဲ့တာလေးကိုလည်း ကျနော်ပြောချင်ပါတယ်။”

အခုသဘောတူညီချက်မှာရော ကန့်သတ်ချက်တွေ ရှိပါသလားဆိုတဲ့ ကိုသိန်းထိုက်ဦးရဲ့မေးခွန်းကို ဌာနမှူး ဦးသန်းလွင်ထွန်းက အခုလိုဖြေပါတယ်။

“တစုံတရာ ကန့်သတ်ချက် မရှိပါဘူး။ လောလောဆယ်မှာတော့ ကျနော်တို့မှာ ရှိနေတဲ့ တစ်နေ့ကို နာရီဝက်စာ မြန်မာသတင်းအစီအစဉ်မှာ အဲ့တာအပြင်ကို တခြား VOA ကနေ အာရှကို ထုတ်လွှင့်နေတဲ့ အင်္ဂလိပ်စာပို့ချချက်နဲ့ တခြားစိတ်ဝင်စားစရာတွေနဲ့ ဆက်စပ်ပြီးတော့ ၂၄နာရီ ပတ်လုံး ထုတ်လွှင့်ပေးသွားမှာပါ။ အဲ့ဒီ့ထုတ်လွှင့်မှုတွေကို မိနစ်အနည်းငယ်လေးကို ဆိုင်းငံ့ပြီးတော့ လွှင့်ပေးတာကနေလွဲလို့ တခြားဘာအကန့်အသတ်မှ မရှိပါဘူး။”

VOA အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအဝင် VOA ရဲ့ ရုပ်သံ အစီအစဉ်တွေကို မြန်မာနိုင်ငံအတွင်းမှာ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး ထုတ်လွှင့်ဖို့ Sky Net ရုပ်သံနဲ့ သဘောတူလိုက်တာနဲ့ ပတ်သက်ပြီး VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်း ပြောပြသွားတာပါ။

တခါတုန်းက သတင်းစာနောက်ကျောမှာ နေ့စဉ်လိုလို ဝေဖန်ထိုးနှက်ခံခဲ့ရတဲ့ အသံလွှင့်ဌာနတခုက ထုတ်လွှင့်ချက်တွေ ပြည်တွင်းမှာ လွယ်လွယ်ကူကူ ဖမ်းယူကြည့်ရှု့နိုင်ဖို့ Sky Net ရုပ်သံက သဘောတူလိုက်ပါပြီ။ ဒါဟာ သတင်းလောကအကြား အရင်က ရှိခဲ့တဲ့ ပြည်တွင်းပြည်ပ ဆိုတဲ့ ခွဲခြားသတ်မှတ်ချက် စည်းတွေ အရောင်မှိန်လာတဲ့ လက္ခဏာ၊ သတင်းလွတ်လပ်ခွင့် အတွက် မြန်မာပြည်ရဲ့ ရွေ့လျားမှုတွေကြားက ထူးခြားတိုးတက်တဲ့ လက္ခဏာတရပ် အဖြစ်လည်း လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
XS
SM
MD
LG