သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး ပြည်သူပူးပေါင်းဖို့ ကော်မရှင်တိုက်တွန်း


လာမယ့် ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာသာမက မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေမှာပါ တာဝန်ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ လောလောဆည်မှာ အခြေခံ မဲဆန္ဒရှင်စာရင်း အမှားပြင်ဆင်ရမယ့် သတ်မှတ်ရက် ကျော်လွန်လာပေမဲ့ ရက်တိုးပြီး ဆောင်ရွက်ပေးနေကြောင်းနဲ့ နောက်ဆုံး အကြိမ်ထုတ်ပြန်ချိန်မှာလည်း ထပ်မံပြင်ဆင်ဖြည့်စွက် ကန့်ကွက်ဖို့ အခွင့်အရေးရဦးမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ အထွေထွေရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ အဖြစ်သုံးသပ်ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

အခြေခံမဲစာရင်းတွေ စတင်ထုတ်ပြန်ချိန်မှာတော့ မဲဆန္ဒရှင်အမည်ကျန်နေတာ၊ ဒါမှမဟုတ် သူ့နံမည်နဲ့ မိဘနံမည်စာလုံးပေါင်းမှားတာ၊ မွေးနေ့ရက်စွဲ မှားယွင်းတာ၊ နိုင်ငံသားစိစစ်ရေးကဒ် နံပတ်မှားတာ၊ မဲစာရင်းမှာ သေဆုံးသူ၊ ထောင်ကျနေသူနဲ့ တိုင်းတပါးသားခံယူသွားသူစတဲ့ မပါသင့်သူတွေ ပါဝင်နေတဲ့ အမှားအယွင်းတွေ ပါဝင်နေတာကြောင့် ဝေဖန်ကန့်ကွက်တာတွေလည်း ရှိခဲ့သလို မှန်ကန်တဲ့ မဲစာရင်းတွေ ရရှိဖို့အတွက် အကြံပြုဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက မဲစာရင်းမှန်ကန်ဖို့ဆိုရင် ကော်မရှင်၊ ပြည်သူနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။
“မဲစာရင်းပြည့်စုံမှန်ကန်ဖို့က ကော်မရှင်တခုတည်းနဲ့ မပြီးဘူး။ ကော်မရှင်လည်းပါတယ်၊ နိုင်ငံရေး ပါတီတွေလည်းပါတယ်၊ နောက် မဲဆန္ဒရှင်တွေလည်းပါတယ်။ ကျနော်တို့ ဒီ ၃ ခုက ကိုယ့်တာဝန် ကိုယ်ကျေမှ perfect voter list ကို ရမှာပါ။ မီဒီယာတွေက ဘယ်လောက်ပဲ လှုံ့ဆော်လှုံ့ဆော်၊ သူတို့သွားမကြည့်ဘူးဆိုရင် သူတို့ကိုစည်းရုံးထားတဲ့ ပါတီတွေကတခါ drive လုပ်ရမှာပေ့ါနော်။”

အခြေခံမဲဆန္ဒရှင် စာရင်းကို မတ်လ ၃၀ ရက်နေ့က စတင်ထုတ်ပြန်ပြီး ကျန်ရှိပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဇွန်လ ၂၂ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မဲစာရင်း ပြင်ဆင်တာကို ၁၄ ရက်အတွင်း ဆောင်ရွက်ဖို့ သတ်မှတ်ထားပေမဲ့ ရန်ကုန်တိုင်း အတွင်းမှာ ၅ ရက် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ ဦးကိုကိုက ဆက်ပြောပါတယ်။
“ကျနော်တို့တိုင်းက ၂၁ မြို့နယ်မှာ မဲစာရင်းတွေ မခွာနဲ့ဦး၊ ၅ ရက်နေ့ ပြီးပေမဲ့ ၁၀ ရက်နေ့အထိထား၊ ဆက်ပြီးပုံစံတွေလက်ခံ၊ ကျနော်တို့ extension ပေးထားပါတယ်။ ”

အခြေခံမဲဆန္ဒရှင် စာရင်းကို သွားရောက် မကြည့်ဖြစ်တာကြောင့် မပြင်ဆင်နိုင်သူတွေအတွက် ရွေးကောက်ပွဲရက် ကြေညာပြီး နောက်ဆုံးအကြိမ် အတည်ပြုမဲစာရင်း ထုတ်ပြန်ချိန်မှာ မပျက်မကွက် သွားရောက်ကြည့်ရှုပြီး ပြင်ဆင်သင့်ကြောင်းလည်း ဦးကိုကိုက တိုက်တွန်းပါတယ်။
“အပြီးသတ်မဲစာရင်းကျမှ ရွေးကောက်ပွဲမှာ သုံးမှာပါ။ အခု display လုပ်ထားတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းကြီးက ဒါကို ကျနော်တို့က အခြေခံပြီးတော့မှ ထပ်မံပြုစုမှာပါ။ ”

New Myanmar Foundation လူမှုအဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေးဖြစ်သူ မမြနန္ဒာသင်း ကတော့ တချို့မဲဆန္ဒရှင်တွေက မဲစာရင်းကို တက်တက်ကြွကြွ သွားရောက်ကြည့်ရှုသလို လိုအပ်ချက်တွေကိုလည်း ချက်ခြင်းပြင်ဆင်ကြတာတွေ ရှိကြောင်းနဲ့ တချို့တွေကတော့ ပြင်ဆင်ရေးအတွက် အခက်အခဲတွေ ရှိကြောင်း ပြောပါတယ်။
“ဘယ်လိုဟာမျိုးလဲဆိုရင် ဥပမာ သူတို့က သက်သေအထောက်အထားတွေ ပေးရမယ်၊ မှတ်ပုံတင်မိတ္ထူတွေ၊ သန်းခေါင်စာရင်းမိတ္ထူတွေကို ပေးရမယ်ဆိုတဲ့အခါမှာ ဘာပြဿနာ ဖြစ်သလဲဆိုတော့ တချို့ရွာတွေ ဘာတွေမှာဆိုရင် မိတ္ထူကူးစက်တွေ ဘာတွေ မရှိဘူးပေါ့နော်”
တခြားအခက်အခဲကတော့ မဲဆန္ဒရှင်တွေ နေထိုင်ရာနဲ့ မဲစာရင်းကပ်ရာ နေရာဝေးကွာတာကြောင့် အခက်အခဲတွေ ရှိနေကြောင်း၊ ဒီလိုအခက်အခဲရှိသူတွေအတွက် မိတ္ထူပွားပြီး ထုတ်ပြန်ပေးရင် အဆင်ပြေနိုင်ကြောင်း ပြောပါတယ်။

မဲစာရင်းမှန်ကန်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရှင်းလင်းချက်မှာတော့ မဲစာရင်းမှားယွင်းမှုမှာ မဲပေးခွင့်ရှိသူတွေ ကျန်ရှိနေခြင်းအားဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှာဖြစ်သလို၊ မပါသင့်သူတွေ ပါခြင်းဖြင့်လည်း မဲပေးခွင့်ကို အသုံးချသွားနိုင်ကြောင်းဖော်ပြပြီး မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပန်ကြားထားပါတယ်။

XS
SM
MD
LG