သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းပြင်ဆင်ဖို့ နောက်ဆုံးရက် ကုန်ဆုံး


မဲဆန္ဒရှင်စာရင်း စစ်ဆေးနေကြစဉ် (မန္တလေး)
မဲဆန္ဒရှင်စာရင်း စစ်ဆေးနေကြစဉ် (မန္တလေး)

၂၀၁၅ ရွေးကောက်ပွဲအတွက် တပြည်လုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်း နောက်ဆုံး ထုတ်ပြန်ထားတဲ့ထဲက မှားယွင်းမှုတွေကို ပြန်လည်ပြင်ဆင်နိုင်တဲ့ သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်လို့ ရက်ထပ်တိုးပေးထားတဲ့ ရေဘေးသင့်ဒေသတွေကလွဲလို့ ပြင်ဆင်ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ကော်မရှင်ဘက်က မဲစာရင်း အမှားပြင်ဆင်မှုလုပ်ငန်းစဉ်တွေမှာ မှန်ကန်တိကျမှု နည်းလွန်းနေပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မဲစာရင်းစိစစ်ရေး ဆောင်ရွက်ပေးနေတဲ့ အတိုက်အခံပါတီ NLD က ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းကို ပြန်လည်ပြင်ဆင်ထားတဲ့ နောက်ဆုံးအကြိမ် မဲစာရင်းကို စက်တင်ဘာလ (၁၄) ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အမည်စာရင်းမှာ မပါဝင်သူတွေ၊ မပါသင့်တဲ့သူတွေပါနေရင် ဒါမှမဟုတ် မဲစာရင်းပါ နာမည်၊ မွေးသက္ကရာဇ် မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာမှားယွင်းမှုတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ရက်ကို စက်တင်ဘာလ ၂၇ ရက်နေ့နောက်ဆုံးထားပြီး သတ်မှတ်ပုံစံတွေ ဖြည့်စွက် အချိန်မီ အမြန်ဆုံး တင်သွင်းကြဖို့ ရွေးကောက်ပွဲကော်မရှင် က နိုးဆော်ခဲ့တာဖြစ်ပါတယ်။

ပြန်လည်ပြင်ဆင်ခွင့်ရှိတဲ့ နောက်ဆုံးရက်ကတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနေ့က ကုန်ဆုံးသွားပြီဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့ ဒီကနေ့မှာတော့ ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်၊ တိုင်းအဆင့်က မဲဆန္ဒရှင်ပြည်သူတွေရဲ့စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က စုစည်းနေပါတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲစာရင်းပြုစုရေးတာဝန်ခံ ဦးဝင်းကြည်က ပြောပါတယ်။

“ဟိုမှာပိတ်တာ စာရင်းမချုပ်ရသေးပါဘူး။ နယ်တွေမှာ စာရင်းတောင်းထားတုန်းပဲ ရှိပါသေးတယ်။ မြို့နယ်အလိုက်တွေချုပ်ပြီးမှ တိုင်းတက်မှ ပြည်ထောင်စုကို တက်မှာပါ။ အခုတော့ မတတ်သေးပါဘူး။ ရေတွေ မြုပ်လို့ ကပ်မရတဲ့နေရာတွေမှာ သူတို့နောက်ကျကပ်တဲ့အတွက် ရပ်တိုးပေးတာ ဒါပဲ။ အောက်တိုဘာထိအောင်တိုးပေးတာ မြို့နယ်အလိုက်လည်းမဟုတ်ဘူး။ ရွာမှာပဲ။ ၄ - ၅ ရက်လောက် နောက်ကျကပ်တာတွေရှိတယ်။ ၂ ရက်တောင် အခွင့်အရေးပေးထားပြီးပြီ၊ အဲဒါမှ မရရင် မဲပေးတဲ့နေ့မှာလာပေးလို့ အဲလိုလုပ်ပေးရင် မဲမသမာမှုတွေလုပ်တယ်လို့ ပြောကြအုန်းမှာပေါ့။”

ဒါကြောင့်မို့လို့ မဲဆန္ဒရှင်စာရင်း နောက်တိုး ထုတ်ပြန်ကြေညာမှာဖြစ်တဲ့ ရေဘေးသင့်ဒေသတွေက လွဲရင် တပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်း ပြန်လည်ပြင်ဆင်ခွင့် ကုန်ဆုံးသွားပြီဖြစ် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပထမအကြိမ် ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေထဲက မှားယွင်းမှုတွေကို ပြင်ဆင်ခဲ့ပေမဲ့လို့ စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိခဲ့တဲ့အတွက် အခုနောက်တိုး ပြင်ဆင်ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်း လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိလို့ မှန်ကန်တိကျမှုရှိပါ့မလားလို့ အတိုက်အခံပါတီ NLD ဘက်က စိုးရိမ်ပါတယ်။ NLD မဲဆန္ဒရှင်စာရင်းပြုစုရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က

“ပြည်သူတွေဘက်ကတော့ ပထမ တခါ ပြင်ထားပြီးပြီ။ ပြင်ထားပြီးတော့ လျှောက်ထားပြီးပြီလို့ သဘောပေါက်နေတာ။ ဒါပေမယ့် အန်ကယ်တို့ ပြန်ကြည့်တဲ့အခါမှာ တချို့ပြင်ထားပြီးပြီလို့ ပြောလိုက်တာတွေက တခါဘာဖြစ်လဲဆိုရင် အန်ကယ်တို့ မပါဘဲ ဖြစ်နေတာတွေ ရှိပါတယ်။ အခု ဒီတခါမှာ အန်ကယ်တို့ရတာ ၁၄ ရက် ပဲ ရပါတယ်။ ၁၄ ရက် ပဲရတဲ့အပြင် မဲစာရင်းတွေကို အန်ကယ်တို့ ကြည့်တဲ့အခါမှာ တချို့ သူတို့ ထုတ်ပေးလာတဲ့ မဲစာရင်းတွေပေါ့နော်၊ ချို့ယွင်းပျက်စီးပြီးတွေ့တဲ့အခါ တခါကော်မရှင်ကို ပြန်ညှိရတဲ့အခါရှိတာပေါ့နော်။ ပြောရရင်တော့ ပြည်သူလူထုအနေနဲ့ ပထမတခါ စစ်တုန်းကတော့ အိမ်ထောင်စု စာရင်းအရ စစ်ထားလိုက်တာပေါ့လေ။ ဒီတခါကျတော့ အိမ်ထောင်စုစာရင်းအရ မဲစာရင်းထုတ်ပြန်တာမဟုတ်ဘဲနဲ့ alphabetical အရ ထုတ်ပြန်တဲ့အတွက်ကြောင့် စစ်ရတဲ့လူရော အန်ကယ်တို့ပါ ပြောမယ်ဆိုရင် တော်တော်ကြီးကို အခက်အခဲတွေ့ပါတယ်။ အဲဒီတော့ အန်ကယ်တို့ပြောချင်တာ ရက်ကလည်းတိုတယ်။ စစ်ရတဲ့ အနေအထားကလည်း ပိုပြီးတော့ ခက်ခဲလာတယ် လို့ပြောရမှာပေါ့လေ။ အခုက အန်ကယ်တို့မြင်နေတာက ဒီမဲစာရင်းမှာ လုပ်ဆောင်တဲ့ process တွေပေါ့ ။ လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်တွေမှာ အန်ကယ်တို့မြင်တာကတော့ ပွင့်လင်းမှု မရှိဘူး။ ရှင်းလင်းခြင်းလည်း မရှိဘူး။ ဒါက ဒုတိယအကြိမ် ထုတ်ပြန်ပေမယ့် ဒီလိုပဲ ဖြစ်နေတာပေါ့လေ။”

မဲဆန္ဒရှင်စာရင်းမှားယွင်းမှုတွေ ရှိနေဦးမယ်ဆိုရင် နောက်ထပ် တရားဝင် မဲပေးနိုင်ခွင့်ရှိမယ့် နည်းလမ်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့မဲစာရင်းတွေကို စိစစ် စောင့်ကြည့်နေတဲ့ အတိုက်အခံပါတီကပြောပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ပြင်ဆင်ခွင့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြီးဆုံးသွားပေမဲ့လို့ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ဒေသတွေမှာတော့ မဲစာရင်းကြေညာရက်တွေကို ထပ်တိုး သတ်မှတ်ပေးထားပါတယ်။ ချင်းပြည်နယ်ထဲက မတူပီ၊ ဟားခါး၊ တွန်းဇံမြို့တွေမှာ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ၊ စစ်ကိုင်းတိုင်း မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင်မှာ အောက်တိုဘာလ ၂ ရက်နေ့ အထိ၊ မကွေးတိုင်း စေတုတ္တရာ၊ မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ဧရာဝတီတိုင်းတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့တွေမှာ အောက်တိုဘာလ ၄ ရက် နေ့ အထိ တိုးထားပြီး ဧရာဝတီတိုင်း အင်္ဂပူမြို့ကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG