သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်နောက်ဆုံးစာရင်း စက်တင်ဘာ ထုတ်ပြန်မည်


မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ
မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ

အပြီးသတ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် စက်တင်ဘာလထဲမှာ ထုတ်ပြန်နိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ပြောဆိုပါတယ်။ မူလက သြဂုတ်လကုန်ပိုင်းမှာ အတည်ပြု မဲစာရင်းတွေကို ထုတ်ပြန်ဖို့ လျာထားပေမဲ့ မဲစာရင်း ပြုစုမှုတွေ မပြီးပြတ်သေးတာကြောင့် ထုတ်ပြန်မယ့်ရက် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ရေဘေးကြောင့် မဲစာရင်း ပြုစုမှုတွေမှာရော မဲစာရင်း စိစစ်မှုတွေပါ ပိုပြီး အချိန်ယူ လုပ်ဆောင်နေကြရတဲ့ အခြေအနေတွေကိုတော့ မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု မဲစာရင်းတွေကို မူလက သြဂုတ်လ ကုန်ပိုင်းမှာ အသိပေး ထုတ်ပြန်မယ်လု့ိ ဒီလ ၄ ရက်နေ့က ကြေညာခဲ့ပေမဲ့ အခုတော့ နောက်လ စက်တင်ဘာလထဲမှာမှ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပါတယ်။ နိုင်ငံတဝှမ်း ရေဘေးသင့်ခဲ့ကြသူ အတော်များများက မဲပေးခွင့် ရဖို့ အတွက် အရေးကြီးတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေနဲ့ အိမ်ထောင်စု စာရင်းတွေ ပျောက်ဆုံး ပျက်ဆီးခဲ့ကြရသလို ရေဘေးဆိုးဆိုးရွားရွား သင့်ခဲ့ပြီး အရေးပေါ် ကြေညာခဲ့ရတဲ့ စစ်ကိုင်းတိုင်း အတွင်းမှာလည်း မဲစာရင်း စိစစ်မှုတွေမှာ အခက်အခဲ တချို့ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နေရာကတော့ စောစောပိုင်းကတော့ ယင်းမာပင်ခရိုင်ထဲမှာ ကနီ တို့ဘာတို့မှာ ကျေးရွာအုပ်စု ၅ အုပ်စုလောက် နည်းနည်း အခက်အခဲ ရှိတာပေါ့။ ကလေးမှာလည်း ၈ အုပ်စု၊ ၁၀ အုပ်စုလောက်တော့ အခက်အခဲရှိတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ၊ စာရင်းတွေ အားလုံးရပါတယ်။ ကျနော်တို့က ပထမတော့ လကုန်အပြီး၊ ပစ်မှတ်ထားပြီး လုပ်နေတာပေါ့နော်။ လုပ်နေတော့ ခုနပြောတဲ့ ကလေးတို့၊ ဘာတို့တော့ နည်းနည်းလေး အခက်အခဲရှိတော့ သူတို့ကတော့ ပထမတော့ နည်းနည်းလေး နောက်ကျမယ်။ ဒါပေမဲ့ ကျနော်ထင်ပါတယ်၊ လကုန်ရက်ပိုင်းလောက်တော့ ပြီးကောင်းပြီးသွားပါလိမ့်မယ်။ ကျနော်တို့ စာရင်းယူထားတာက စောစောပိုင်းကတည်းက ယူထားတာလေ။ မဲဆန္ဒအခြေခံစာရင်းကလည်း စောစောရထားတယ်။ နောက်ထပ် အဲဒီမှာ ကျန်ခဲ့တဲ့ စာရင်းတွေကလည်း စောစောပိုင်းက ယူထားတာဆိုတော့၊ ရေမကြီးခင်က ယူထားတဲ့ စာရင်းတွေဆိုတော့ ပြဿနာ မရှိပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းမှာလည်း ဆိုးဆိုးရွားရွား မှားယွင်းမှုတွေကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လုပ်ဆောင်နေတဲ့ နိုင်ငံတဝှမ်း မဲစာရင်းစိစစ်ရေး လုပ်ငန်းတွေဟာလည်း ရေဘေးကြောင့် နှောင့်နှေးခဲ့ရပေမဲ့ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

“ဟုတ်တယ်၊ ကျနော်တို့ မဲစာရင်း စိစစ်တာတော့ လုပ်ပါတယ်ခင်ဗျ၊ လုပ်နေတုန်းပါပဲ။ သဘာဝဘေးအန္တရာယ် ဖြစ်လာတဲ့အခါကျတော့ အဲဒီနေရာတွေမှာက မဲစာရင်းတွေက ကျနော်တို့က တချို့စစ်ဆေးပြီးသား နယ်တွေပေါ့ခင်ဗျာ။ စစ်ဆေးပြီးသား နယ်တွေမှာပဲ ရေကြီးတာတွေ၊ ဘာတွေ ဖြစ်သွားတော့ သူတို့က ဘာဖြစ်သွားလဲဆိုတော့ ဒုက္ခသည်စခန်းတွေ ရောက်သွားကြတာပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျနော်တို့ အဆင်ပြေပါတယ်ခင်ဗျ၊ တတ်နိုင်သလောက်ပေါ့လေ၊ သူတို့လည်း တတ်နိုင်သလောက်တော့ ကူညီပါတယ်ခင်ဗျ၊ မဲစာရင်းစိစစ်တာကို။”

နိုင်ငံတဝှမ်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုတို့မှာ ၂ လ နီးပါးကြာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးကြောင့် မှတ်ပုံတင် အထောက်အထားတွေ ပျောက်ဆုံး ပျက်စီးခဲ့ရသူ ဘေးသင့်ပြည်သူ ၁ သန်းခွဲကျော်အတွက် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းတပတ် အလိုလောက်မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်တွေထံက ထုတ်ယူပြီး မဲပေးနိုင်တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားပါတယ်ရှင်။

XS
SM
MD
LG