သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ပို့စ် သတင်းထောက် အီရန် ဖမ်းဆီး


The Washington Post
The Washington Post

ဝါရှင်တန်ပို့စ် သတင်းစာရဲ့ တီဟီရန် သတင်းထောက်ကို ဖမ်းဆီးထားတဲ့ အကြောင်း အီရန်အစိုးရ တာဝန်ရှိသူ တဦးက အတည်ပြုပါတယ်။ အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ ရှိနေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ သတင်းထောက်နဲ့ သူ့ရဲ့ ဇနီး၊ နောက် တခြား အမေရိကန် သတင်းထောက် ၂ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်း ခံထားရပုံ ရတယ်လို့ ဝါရှင်တန်ပိုစ့် သတင်းစာကြီးက ကြာသပတေးနေ့မှာ ရေးသား ဖော်ပြခဲ့တာပါ။

ဒီလူတွေကို ဘယ်သူတွေက ဖမ်းဆီးတယ်ဆိုတာနဲ့ ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကို မသိတဲ့ အကြောင်း ဒါပေမယ့် ဒီကိစ္စဟာ အတော်လေးနက် တဲ့ ပြဿနာ ဖြစ်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေကို စောင့်ရှောက်ထားရှိမှု အပေါ်မှာလည်း စိုးရိမ်တဲ့ အကြောင်း သတင်းစာကြီးက ဖော်ပြပါတယ်။

အီရန် အစိုးရက အခု ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ် အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု တခု အတွင်းမှာတော့ ဝါရှင်တန်ပို့စ်ရဲ့ သတင်းထောက် Rezaian ကို စစ်ဆေးမေးမြန်းဖို့ အတွက် ထိန်းသိမ်းထားတဲ့ အကြောင်းနဲ့ မကြာခင်မှာ နောက်ထပ် အချက်အလက်တွေ ထပ်ပြီး ထုတ်ပြန်ဖို့လည်း ရှိတဲ့ အကြောင်း တီဟီရန် ခရိုင် တရားရေး ဌာနရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက Gholam- Hossein Esmaili က ပြောဆိုခဲ့တာပါ။

အီရန် လုံခြုံရေး တပ်ဖွဲ့တွေဟာ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေ အားလုံးအပေါ်မှာ နိုးနိုးကြားကြား ရှိနေကြတယ်လို့ မစ္စတာ Esmaili က အီရန် အစိုးရ သတင်း ဌာနကို ပြောဆိုခဲ့ပေမယ့် ဘယ်လို ပြစ်ဒဏ်မျိုး ချမှတ်နိုင်ခြေ ရှိလဲ ဆိုတာကိုတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။ တခြားဖမ်းဆီးခံရသူတို့နဲ့ ပတ်သက်လို့တော့ ဒီသတင်းမှာ မဖော်ပြပါဘူး။

အသက် ၃၈ နှစ် အရွယ် Rezaian ဟာဆိုရင် ၂၀၁၂ ခုနှစ် ကတည်းက ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ တီဟီရန် သတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အီရန်နဲ့ အမေရိကန် နိုင်ငံသားတွေ အဖြစ် ခံယူထားသူလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံသား ဇနီး ဖြစ်သူ Yeganeh Salehi ကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု အခြေစိုက် The National သတင်းစာ အတွက် အလုပ်လုပ်နေသူ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်လွှာတင်ထားပါတယ်။

ကျန်တဲ့ နှစ်ဦးတို့ကတော့ အလွတ် ဓာတ်ပုံသတင်းထာက်တွေ ဖြစ်ကြတယ်လို့ ဝါရှင်တန်ပိုစ့် သတင်းစာကြီးက ဖော်ပြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခု သတင်းထောက်တွေ ဖမ်းဆီးခံထားရတယ်ဆိုတာကို သိရှိထားကြောင်းနဲ့ ဒါပေမယ့်လည်း အတွင်းရေး အချက်အလက်တွေကို စဉ်းစားသုံးသပ်နေချိန် အတွင်းမှာတော့ မှတ်ချက်တစုံတရာ ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်

XS
SM
MD
LG