သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အလယ်ပိုင်းဒေသ အချို့ ရေပြတ်လပ်မှုကြုံ


ရေပြတ်လပ်မှုကြုံနေတဲ့ ဒေသခံတွေကို ရေပေးဝေနေစဉ်။ သတင်းဓာတ်ပုံ- (ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရေပြတ်လပ်မှုကြုံနေတဲ့ ဒေသခံတွေကို ရေပေးဝေနေစဉ်။ သတင်းဓာတ်ပုံ- (ပြန်ကြားရေးဝန်ကြီးဌာန MOI)

ရာသီဥတု ပိုပြီးပြင်းထန်လာတဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်းက အချို့ဒေသတွေမှာ ရေရှားပါးမှု ပြသနာနဲ့ ကြုံနေကြရပါတယ်။ လမ်းပမ်း အဆက်အသွယ်ကောင်းတဲ့ အချို့ရွာတွေကို ရေပေးဝေရေး အကူအညီတွေ ရောက်ပေမယ့် လည်း အချို့ ရွာတွေမှာတော့ အကူအညီ လုံး၀ မရပဲဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောင်ဝ် ကတင်ပြထားပါတယ်။

ကမ္ဘာ့ရာသီဥတု ပူပြင်းလာတဲ့အပြင် အယ်လ်နီညိုလို့ခေါ်တဲ့ အပူလှိုင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသမှာ မိုးခေါင်ရေရှားမှုတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ လွင်တီးခေါင်ဆန်ပြီး သစ်ပင်ကြီးတွေသိပ်မရှိတဲ့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရေထွက်ကြီးကျေးရွာမှာတော့ လူတွေအတွက်သာမက ကျွဲ၊ နွား၊ တိရိစ္ဆာန် အတွက်ပါ သောက်သုံးရေပြတ် လပ်မှုနဲ့ကြုံနေရတာပါ။

တောင်တွင်းကြီးမြို့အနီး၊ အိမ်ခြေ ၁၅၀ ရှိတဲ့ ရေထွက်ကြီးကျေးရွာမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်း တခုမှ မရှိတာကြောင့် အရေးတကြီး အကူအညီ လိုအပ်နေတဲ့ အခြေအနေကို လှည်းပွဲကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှုး ကိုခင်ဇော်လင်းက VOA ကိုခုလိုပြောပါတယ်။

"ရေထွက်ကြီးက လှည်းပွဲကြီးထက် ပိုဆိုးတယ်ခင်ဗျ။ ကျနော်တို့ အခု ရေထွက်ကြီးကပဲ ပြန်လာတယ်။ ရေထွက်ကြီးမှာ လိုက်စစ်ဆေးနေတယ် ခင်ဗျ။ ရေထွက်ကြီးက အခုသောက်သုံးရေကို မလွယ်တော့ဘူး။ ရေတွေက အကုန်လုံး ခမ်းခြောက် လိုက်နေပြီ။ ရွာနဲ့ဝေးတဲ့ ချောင်းတွေထဲမှာ လက်ယက်တွင်းလေးတွေ ယက်ပြီးတော့ ခပ်နေရတယ်ပေါ့နော်။ အဲ့လိုပုံစံမျိုးနဲ့နေကြရတယ်။ သောက်ရေနဲ့သုံးရေကျတော့ နည်းနည်းမျှ သုံးရတာပေါ့။ ခြွေတာသုံးရတာပေါ့။ ကျွဲနွားတိရိစ္ဆာန်အတွက်ကျတော့လည်း ရွာနဲ့ နှစ်မိုင်လောက် ဝေးတဲ့ ကန်လေးတကန်ရှိတယ် အဲ့ဒီ့ကန်ကို သွားမှီခိုနေရတယ်။ "

ပခုက္ကူနဲ့ မြိုင်ဘက်မှာလည်း ရေရှားပါးမှုနဲ့ကြုံနေရပေမယ့် လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် က တူးပေးခဲ့တဲ့စက်ရေတွင်းအချို့မှာ သုံးလို့ ရနိုင်လောက် တဲ့ ရေပမာဏ အနည်းငယ် ဆက်ရှိနေပေမယ့် လုံလောက်မှုမရှိပါဘူး။

လက်ရှိမှာတော့ ဒေသတွင်းက ရေအလှုရှင်တွေက အဓိက အကူအညီပေးနေတယ် လို့ မန္တလေးမြို့ ဦးမင်းဆွေ၊ ဒေါ်ခင်ဌေး ဖောင်ဒေးရှင်းက ရေရရှိရေး အထူးတာန်ခံ ဦးအောင်ဆွေဟိန်းက ပြောပါတယ်။

"အဓိက ကတော့ ကျနော်တို့ မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ မြိုင်မြို့နယ် ဒီဒေသတွေဟာ နှစ်တိုင်းပဲ ရှားတယ်ဗျ။ အပူချိန်က တအားများတဲ့အခါကျတော့ ကျနော်တို့လည်း ကိုယ်တိုင်သွားရောက်ပြီး ရွာစဉ်တွေကို လိုက်ကြည့်တဲ့အခါမှာ သူတို့သောက်သုံးရေကန်တွေ ရေကန်တွေက တော်တော်လေးကို ရေနည်းနေတယ်။ လုံလောက်နေတဲ့သဘောတော့ မရှိဘူးဗျ။ အဲ့ဒီ့မှာ အခြေအနေ တစုံတရာကြောင့် လိုအပ်သွားတယ်ဆိုရင် ကျေးလက်ဒေသရုံးရှိတယ်ဗျ။ ကျနော်တို့ မြိုင်နယ်မှာရော မြိုင်မြို့မှာလည်း တွေ့ခဲ့တယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးတဲ့ဗျ အဲ့ရုံးတွေက သောက်ရေတွေကို ကားတွေနဲ့ပို့ပေးတယ်။"

ပခုက္ကူနဲ့ မြိုင်ဘက်မှာတော့ သစ်ပလွေကုန်း၊ ရွာတန်းရှည်၊ လက်ဆည်ကန် အနောက်ရွာ၊ မင်းကျမြောက်ရွာဆိုတဲ့ ရွာတွေက ကန်တချို့မှာတွေ ရှိနေသေးတာကြောင့် တခြားရွာတွေက လာသယ်ရတယ်လို့ဆိုပါတယ်။မြိုင်မြို့နယ် အနောက်မြောက်ဘက်က မင်းသကျ မြောက်ရွာ၊ အင်ရောင်းကျေးရွာနဲ့ ကန်ကြီးတောကျေးရွာတွေမှာတော့ သောက်သုံးရေတွေ ခန်းခြောက်ပြီး လိုအပ်ချက် အတော်လေးရှိနေတယ်လို့ ဦးအောင်ဆွေဟိန်းကပြောပါတယ်။

ရွာတွေက တောင်းဆိုလာရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးကနေ အလှုရှင်တွေ၊ အစိုးရပေးတဲ့ ဘတ်ဂျက်နဲ့၊ ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေ နဲ့ပေါင်းပြီးတော့ သောက်သုံးရေကို ကားတွေနဲ့ ရွာအရောက် သွားလှုပေးတယ် လို့ဆိုပါတယ်။ ဒါပေမယ့်လည်း သွားလာရေး အလွန်ခက်ခဲတဲ့ ဒေသအဖို့တော့ ဒီအကူအညီတွေ ရဖို့ အခက်ကြုံနေရပါတယ်။

တောင်တွင်းကြီးမြို့ပေါ်က အချို့အပိုင်းတွေမှလည်း ရေရှားပါးနေသလို၊အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ လှည်းပွဲကြီးကျေးရွာမှာ လည်း သောက်သုံးရေ ရှားပါးမှုကြုံနေရ တာပါ။ တောင်တွင်းကြီးမြို့ပေါ်မှာလည်း ရေရှားနေတဲ့အခြေအနေနဲ့ ကြုံရတယ် လို့ ဒေသခံ မမာမာစိမ်းက ပြောပါတယ်။

" (၃) ရပ်ကွက်လောက်မှာ ရေရှားပါးမှုဖြစ်တယ်။ မြို့ပေါ်ကတော့ ရွာတွေလောက်တော့ မဆိုးဘူးပေါ့ အမရယ်။ အဲ့လိုမျိုး ကျေးရွာတွေက အရမ်းအရေးကြီးသလိုမျိုး ရွာတွေမှာကျတော့ မြို့ပေါ်မှာကျတော့ ဘာပဲဖြစ်ဖြစ် မီးသတ်ကားတွေနဲ့ လိုက်ပြီး ရေဝေတဲ့ဥစ္စာ မြို့ပေါ်မှာ ရှိနေတဲ့ ဌာနဆိုင်ရာတွေ လုပ်တဲ့အချိန်ကျ အဆင်ပြေတယ်။ ကျေးရွာတွေအဆင့်ကျတော့ လက်လှမ်းမမှီဘူးဖြစ်နေတာ အမရဲ့ ။ "

အယ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှုတွေ ကြုံတွေ့လာရနိုင်တဲ့အတွက် အခုကျရောက်တဲ့ သင်္ကြန်ကာလအတွင်း ရေချွေတာသုံးကြဖို့ဆိုပြီး အာဏာပိုင်တွေဘက်က တိုက်တွန်းမှုတွေရှိနေပါတယ်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နှစ်စဉ်နွေရာသီ တိုင်း ရေပြတ်လပ်မှုကြုံရလေ့ ရှိပေမယ့်၊ ဒီနှစ်မှာတော့ အရင်ကာလထက် စောပြီး အခုလို ရေရှားမှု ကြုံလာရတာဖြစ်ပါတယ်။ အခုနှစ်မှာဖြစ်တဲ့ ပြင်းထန်တဲ့ အယ်နီညို ရာသီဥတုကြောင့် ပြီးခဲ့တဲ့ လကတည်းက မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ရေပြတ်လပ်မှုတွေ စတင် ဖြစ်ပွားနေပြီလို့ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက ဗွီအိုအေက ပြောခဲ့ပါတယ်။

ပြင်းထန်တဲ့ အယ်နီညိုရာသီကြောင့် ၂၀၁၆ နွေရာသီအတွင်း တနိုင်ငံလုံး ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်နိုင်ခြေရှိတယ် လို့လည်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG