သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဝေအောင်လွတ်ပြီ


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
၂၀၁၀ ခုနှစ်က လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သေဒဏ်ချခြင်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို အာဏာ ပိုင်တွေက ပြန်လွှတ်ပေး လိုက်ပါတယ်။ နောက်ထပ် ပြစ်မှုကျုးလွန်ရင် ကျန်နေသေးတဲ့ ပြစ်ဒဏ်နဲ့ အတူ တပေါင်းတည်း ကျခံရမယ် ဆိုတဲ့ ပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီး ထောင် အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အင်းစိန် အကျဉ်းထောင်တွင်းမှာ ကိုယ်အောက်ပိုင်း လှုပ်ရှားလို့ မရတဲ့ ဝေဒနာနဲ့အတူ ကင်ဆာရောဂါ ဝေဒနာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို သြဂုတ်လ ၃ ရက်နေ့ နေ့လည် ပိုင်းမှာ ပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ် ထိုးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူ မဌေးဌေး က ပြောပါတယ်။

“အခု ကျန်းမာရေး အနေအထားအရ ၄၀၁ နဲ့ပဲ လွှတ်တာပါ။ လက်မှတ်တော့ ထိုးရပါ တယ်။ နောက် ပြစ်မှု ဘာညာ ကျူးလွန်ရင် --ဘာ ညာ၊ ကျမတို့လည်း သေချာတောင် မဖတ်ဖြစ်ပါဘူး။ ထိုးဆို ထိုးလိုက်တော့ ပီးရောပေါ့။”

သေဒဏ်ချခံရပြီး ပြန်လည်လွတ်မြောက်လာမှုအပေါ်မှာ ဘာမှ ထွေထွေထူးထူး ခံစားမူမရှိတဲ့ အကြောင်းနဲ့ သူ့အနေနဲ့ ကိုယ်တပိုင်းသေသွားတဲ့အထိ ဖြစ်ရတဲ့ အခြေအနေအပေါ်မှာ နစ်နာ မှုတွေ ဖြစ်ခဲ့ရတယ်လို့ ကိုဖြိုးဝေအောင်က ပြောပါတယ်။

“ထူးထူးခြားခြားတော့ မရှိပါဘူး ခင်ဗျ။ အဖမ်းခံထားရတာ တရက်ရက်တော့ လွတ်မယ်လို့တော့ ထင်ထားပါတယ်။ လောလောဆယ်တော့ လမ်းလျှောက်လို့မရအောင် ခြေထောက်က ထိထားတယ်။”

ကိုဖြိုးဝေအောင်ရဲ့ ရှေ့နေကြီး ဦးကျော်ဟိုးကတော့ ပုဒ်မ ၄၀၁ အရ ပြန်လွတ်ခြင်းဟာ ပြစ်မှု ကျုးလွန်တယ်လို့ သတ်မှတ်ထားတဲ့အတွက် လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ကျရင် နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ ကိုဖြိုးဝေအောင် အနေနဲ့ အပြစ်မရှိကြောင်း ဥပဒေကြောင်းအရ အယူခံကို လျှောက်လဲ တင်ပြသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အပြစ်ဒဏ်ကို နိုင်ငံတော် သမ္မတကနေပြီးတော့ လွတ်ငြိမ်းခွင့်ပေးတယ်။ လွတ်ငြိမ်းခွင့် ပေးနိုင် တယ်၊ လျှော့ပေါ့ပေးနိုင်တယ်။ အဲဒီ သဘောနဲ့ ပေးတယ်။ သဘောကတော့ ကိုဖြိုးဝေအောင် က ပြစ်မှုကျူးလွန်တယ်ပေါ့ဗျာ။ ပြစ်မှုကျူးလွန်တဲ့ဒဏ်ကို သမ္မတ ကနေပြီးတော့ လျှော့ပေါ့ပေး တယ်ပေါ့။ ကျနော်တို့ဘက်က အစဉ်အဆက် တင်ပြနေတာက ကိုဖြိုးဝေအောင်ဟာ ဒီအမှုနဲ့ ပတ်သက်လို့ ငြိစွန်းခြင်း မရှိဘူး။ ပြစ်မှု ကျူးလွန်ခြင်းလည်း မရှိဘူး။ အဲဒီအတိုင်းပဲ ကျနော်တို့ တင်ပြမှာပါ။ အခု လာမယ့် ၁၄ ရက်နေ့မှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ အပြီး သတ် လျှောက်လဲချက်ရှိတယ်။

ကျနော်တို့တင်မယ့် အယူခံမှုရယ်၊ တဘက်က အစိုးရဘက်က သေဒဏ် အတည်ပြုမှုရယ်၊ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး လျှောက်လဲချက် ပေးဖို့ ရှိတယ်။ လျှောက်လဲချက် ပေးတဲ့နေရာမှာလည်း ကိုဖြိုးဝေအောင်ဟာ ဒီပြစ်မှုကို မကျူးလွန်ဘူးဆိုတဲ့ အနေအထားကို တင်ပြသွားမှာ ဖြစ်ပါတယ်။”

ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူမဌေးဌေးကတော့ ၂ နှစ်တာအတွင်း သူတို့ မိသားစုဘ၀ ပြောင်းလဲ သွားတာတွေ အသက် အန္တရာယ် ထိခိုက်ရမယ့် အခြေအနေထိ နစ်နာခဲ့တာတွေကြောင့် ပြန်လွတ် လာတာ တခုတည်းနဲ့ အစားထိုးလို့ မရနိုင်ကြောင်း ပြောသွားပါတယ်။

“နှစ်နှစ်ကျော် ကာလအတွင်းမှာ ကျမတို့မှာ နစ်နာမှုတွေ အများကြီး ရှိတယ်။ သာမန်လူ တယောက် က ဘာမှမဟုတ်ဘဲနဲ့ အဖမ်းခံရတယ်၊ နှိပ်စက်ညှင်းပန်းမှု ခံရတယ်။ ပြီးလို့ ရှိရင် နှစ် နှစ် ကျော်ကြာအောင် တရားစွဲခံရပြီးတော့ နောက်ဆုံး သေဒဏ်အပါအဝင် ပြစ်ဒဏ်တွေ အများကြီး အချခံရတယ်။ အဲဒီအပြင်ကို ကျမ အမျိုးသားက ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် အကျဉ်းထောင် ဆရာဝန်တွေ၊ အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် သူတို့ရဲ့ တာဝန် မကျေပွန် မှုကြောင့် နောက်ဆုံး အသည်းကင်ဆာဆိုတဲ့ ဝေဒနာကို ခံစားရတယ်။ အဲဒီ ကင်ဆာရဲ့ နောက်ဆက် တွဲ ကျောရိုးထိပြီးတော့ အောက်ပိုင်းသေတဲ့ ဝေဒနာကို ခံစားရတယ်ဆိုတော့ ကျမတို့မိသားစု အနေနဲ့တော့ ခံလိုက်ရတာတွေက အများကြီးပါပဲ။ အဲဒါတွေအတွက် ကျမအမျိုးသား လွတ်သွားတာလေးတခုတည်းနဲ့တော့ ကျမ ဘယ်လိုမှ ဖြေလို့ မရတာ အမှန်ပဲ။”

ကိုဖြိုးဝေအောင်ရဲ့ လက်ရှိ ကျန်းမာရေးအရ အိမ်မှာ ပြန်နေထိုင်ဖို့အတွက် မဖြစ်နိုင်သေးသလို သူရဲ့ ကျန်းမာရေးအတွက် ဆေးရုံမှာပဲ ကုသဖို့ လိုအပ်နေသေးတယ်လို့ မိသားစုက ပြောပါတယ်။
မကြာသေးခင် ရက်ပိုင်းကပဲ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနာက မြန်မာနိုင်ငံကို လာရောက်ချိန် နိုင်ငံရေးအကျဉ်သား တချိုနဲ့အတူ ကိုဖြိုးဝေအောင်ကို လည်း သီးခြား တွေ့ဆုံသွားခဲ့ပြီး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားမယ့် အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၄၄၀ ကျော် ကျန်နေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကလည်း ပြောဆိုထားပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကလည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ မြန်မာအစိုးရကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG