သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြီးစား ရေအား လျှပ်စစ် ပြဿနာ


သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်ပြီး တရုတ်နဲ့ ထိုင်းကို ဓါတ်အားရောင်းဖို့ ရည်ရွယ်တဲ့ စီမံကိန်းကို ရပ်ဆိုင်းပြီး အသေအချာဆန်းစစ်ဖို့ တရုတ်နဲ့ မြန်မာအစိုးရကို မြန်မာ့မြစ်ချောင်းကွန်ရက်အဖွဲ့က ဇန်နဝါရီ (၁၉) ရက်နေ့က ပန်ကြားထားပါတယ်။ ပန်ကြားလွှာကို ဒေသခံပြည်သူ (၆) သောင်းကျော်နဲ့ အရပ်သားအဖွဲ့အစည်း (၁၃၀) ကျော်က လက်မှတ်ထိုးပါတယ်။ ရှမ်းပြည်နယ်မှာ ရေအားလျှပ်စစ် (၅) ခု၊ ကရင်နီမှာ (၁) ခု၊ ကရင်ပြည်နယ်မှာတခု တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားပေမယ့် ချီဗွေ၊ ဝူဆောက်၊ ဖိဇောခေါင်လန်ဖူး နဲ့ ယီနန်မှာ ရေအားလျှပ်စစ်ထုတ်ယူဖို့ တရုတ်စွမ်းအင်ကုမ္ပဏီနဲ့ ဘိန်းဘုရင် ဦးလော်စစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္ပဏီကို လုပ်ခွင့်ပေးထားပါတယ်။ ရွှေလီမြစ်က နောင်ဖနဲ့ ကရင်ပြည်နယ်က ဟတ်ကြီးဆည်ကိုတော့ တရုတ်နဲ့ ထိုင်းကဆောက်ဖို့ ရည်ရွယ်ပါတယ်။ ရွာသစ်နဲ့ တာပိန် (၂) အပါအဝင် အကြီးစား ရေအားလျှပ်စစ်စက်ရုံ (၂၀) ကျော် တည်ဆောက်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

သံလွင်မြစ်အထက်ပိုင်း ကွန်းလုံမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ Hanergy တရုတ်ကုမ္ပဏီနဲ့ ဦးလော်စစ်ဟန်ရဲ့ Asia World ကုမ္ပဏီကို လွန်ခဲ့တဲ့ မေလက လုပ်ခွင့်ပေးပါတယ်။ မဲဂါဝပ် (၁၄၀၀) ရှိတဲ့ ရေအားလျှပ်စစ်တည်ဆောက်ပြီး အနှစ် (၄၀) သုံးပြီးမှ ဗမာအစိုးရလက်ကို လွှဲပြောင်းမယ့် စီမံကိန်း ဖြစ်ပါတယ်။ ကွန်းလုံကထုတ်တဲ့ လျှပ်စစ်ဓါတ်အား (၁၀) ရာခိုင်နှုန်းကို ဗမာအစိုးရ အလကားရရှိပြီး (၉၀) ရာခိုင်နှုန်းကို Hanergy နဲ့ Asia World ကုမ္ပဏီတွေက ရရှိမှာ ဖြစ်ပါတယ်။ (၁၀) ရာခိုင်နှုန်းထက်ပိုပြီး လိုချင်ရင် ကုမ္ပဏီတွေဆီက ဝယ်ယူရပါလိမ့်မယ်။ Asia World နဲ့ တရုတ်ကုမ္ပဏီတွေ ဖက်စပ်လုပ်ခွင့်ရတဲ့ ရေအားလျှပ်စစ် စီမံကိန်းပေါင်း (၉) ခုလောက် ရှိပါတယ်။ Asia World ပိုင်တဲ့ သောက်ရေခတ် (၂) က လျှပ်စစ်ဓါတ်အားကို အစိုးရက ပြန်ဝယ်နေရပါတယ်။ ငွေမဲခဝါချရာမှာ ထင်ရှားတဲ့ ဦးအိုက်ထွန်းရဲ့ ရွှေတောင်ကုမ္ပဏီကိုလည်း ရေအားလျှပ်စစ် ထုတ်လုပ်ခွင့်ပေးထားပါတယ်။

ဦးအောင်သောင်းရဲ့သားတွေပိုင်တဲ့ IGE ကုမ္ပဏီကလည်း တရုတ်ကုမ္ပဏီနဲ့တွဲပြီး ရေအားလျှပ်စစ် တည်ဆောက်ခွင့် ရထားပါတယ်။ ငွေရင်းတောင့်တင်းမှသာ ရေအားလျှပ်စစ်မှာ ပါဝင်နိုင်တာမို့ မြန်မာဘက်က ကုမ္ပဏီတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းနိုင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးတွေရဲ့ ကောင်းမှုကြောင့် ဘိန်းမှောင်ခိုတဖြစ်လဲ ကိုးကန့်တရုတ် ဦးလောစစ်ဟန်နဲ့ ဦးအိုက်ထွန်းတို့ဟာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အခုတော့ Asia World ကုမ္ပဏီကို ဦးလော်စစ်ဟန်ရဲ့သား Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ဦးဆောင်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးမှာ စကားပြန်လုပ်ပေးရတဲ့အထိ ဦးထွန်းမြင့်နိုင်ဟာ အစိုးရယုံကြည်မှုကို ရထားသူ ဖြစ်ပါတယ်။ ဝင်ငွေခွန် ဒုတိယအများဆုံး ပေးဆာင်သူဟာ Asia World ဖြစ်ပြီး ဦးအိုက်ထွန်းရဲ့ ရွှေတောင်ကုမ္ပဏီက တတိယ အများဆုံးပေးဆောင်သူ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (၂၀၁၃) ဇူလိုင်မှာ ထုတ်ဝေတဲ့စာတမ်းအရ မြန်မာပြည်မှာ ရေအားလျှပ်စစ်စက်ရုံ (၂၀) ဓါတ်ငွေ့သုံးစက်ရုံ (၁၀) ခုနဲ့ ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံ (၁) ခု စုစုပေါင်း (၃၁) ခု ရှိပါတယ်။ ဒီဓါတ်အားစက်ရုံ (၃၁) ခုဟာ မဲဂါဝပ် (၃၉၀၀) သာ ထုတ်နိုင်ပါတယ်။ မိသားစု (၂) သန်းကျော် (သို့မဟုတ်) လူဦးရေရဲ့ (၃၀) ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်သုံးနိုင်တဲ့သဘော ဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ် စွမ်းအင်သုံးစွဲမှုနှုန်းဟာ အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် မဲဂါဝပ် တိုးမြှင့်တဲ့ စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ် (သို့မဟုတ်) ထိုင်းနဲ့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားကို တရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းစားဖို့သာ ရည်ရွယ်ကြပါတယ်။ ဒါကြောင့် အကြီးစား ရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်တဲ့စီမံကိန်းဟာ ပြည်တွင်းစွမ်းအင် ဖူလုံရေးနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။

အကြီးစား ရေအားလျှပ်စစ်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ သဘာဝဓါတ်ငွေ့ကိုလည်း ထိုင်းနဲ့တရုတ်ကို ရောင်းစားနေတဲ့အတွက် ပြည်တွင်းမှာ မလောက်မင ဖြစ်နေပါတယ်။ ထုတ်တဲ့ဓါတ်ငွေ့ (၁၄) ရာခိုင်နှုန်းသာ ပြည်တွင်းမှာ သုံးနိုင်ပါတယ်။ တကယ် လိုအပ်တာက (၃၀) ရာခိုင်နှုန်းပါ။ ဓါတ်ငွေ့ကို နိုင်ငံခြားပို့ပြီး ရေအားလျှပ်စစ်ကိုလည်း နိုင်ငံခြားရောင်းစားမယ့် သဘော ဖြစ်ပါတယ်။ ပြည်တွင်းဖူလုံရေးကို ရည်ရွယ်တယ်ဆိုရင် အသေးစား ရေအားလျှပ်စစ် တည်ဆောက်တာက အကျိုးရှိကြောင်း ကုလသမဂ္ဂ စက်မှုတိုးတက်ရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အသေးစား ရေအားလျှပ်စစ်အဖွဲ့တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓါတ်အား မရသေးတဲ့ နေရာတွေဟာ မဟာဓါတ်အားလိုင်းစနစ်မှာ မပါသေးတဲ့ ဒေသတွေဖြစ်လို့ ပြည်တွင်းစားသုံးသူတွေကို မီးပေးချင်တယ်ဆိုရင် ရေအားလျှပ်စစ် အသေးစား တည်ဆာက်သင့်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက မြင်ကြပါတယ်။ တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား ချို့တဲ့နေတုန်းမှာ အကြီးစား ရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို နိုင်ငံခြား ရောင်းစားဖို့ ရည်ရွယ်တာဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုရာ ရောက်ပါတယ်။

XS
SM
MD
LG