သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်နှစ်ပွင့်ဆိုင် တွေ့ဆုံဖြေရှင်းဖို့လိုအပ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာ လိုအပ်နေပေမဲ့ (၄) ပွင့်ဆိုင် (၆) ပွင့်ဆိုင် (၁၂) ပွင့်ဆိုင် စသည်ဖြင့် ပါဝင်တက်ရောက်ရမယ့် ကိုယ်စားပြုအရေအတွက်ကို ငြင်းခုံရင်း ရှေ့မတိုးနိုင် ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါဟာ တာဝန်ရှိသူတွေအနေနဲ့ ပြဿနာတွေကို အမှန်တကယ် ဆွေးနွေးလိုတဲ့ ဆန္ဒ (Political Will) တကယ် ရှိကြရဲ့လားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး ရန်ုကန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ နိုင်ငံရေးသုံးသပ်နေသူ ဒေါက်တာရန်မျိုးသိမ်းတို့ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေနဲ့ ပတ်သက်ပြီး ပထမဦးဆုံး (၄) ပွင့်ဆိုင် တောင်းသံကြားတယ်။ နောက် (၆) ပွင့်ဆိုင် တောင်းသံကြားတယ်။ အခု (၁၂) ပွင့်ဆိုင်ဆိုပြီးတော့ ပြောတယ်။ ဒီ တွေ့ဆုံဆွေးနွေးမှုတွေဟာ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ လုပ်ကြတာလို့ အကြမ်းမျဉ်း ကျနော် နားလည်ပါတယ်။ ဟုတ်ပါတယ်နော်။

ဒေါက်တာညိုညိုသင်း + ဒေါက်တာရန်မျိုးသိမ်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရှေ့မတိုးနိုင် ဖြစ်နေလို့လားဆိုတာကို ပထမ မေးခွန်းခပ်တိုတို မေးချင်ပါတယ်။ ဆရာမ ဒေါက်တာညိုညိုသင်း သဘောထားကို ပြောပါခင်များ။

ဒေါက်တာညိုညိုသင်း ။ ။ ကျမကတော့ ဒီလိုပဲ ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ လိုအပ်တယ်။ ကျမတို့ နိုင်ငံရေးက ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကျမက မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်းက …

ဒေါက်တာရန်မျိုးသိမ်း ။ ။ လက်ရှိ အခြေအနေမှာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အကြပ်အတည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်တဲ့ အကြပ်အတည်း။ တခြား စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တွေ့ဆုံဆွေးနွေးဖို့ ခေါ်ကြတဲ့အခါမှာ ဒီအကြောင်းအရာကို ဘယ်လိုအကြောင်းအရာကို ဆွေးနွေးဖို့ဆိုပြီးတော့ အဓိက နံမည်တပ်ပြီးတော့ ဖော်ပြတာတော့ မရှိဘူးခင်များ။ ဆိုတော့ တောင်းဆိုတဲ့ လူတိုင်းဟာ အခုန ဒေါက်တာရန်မျိုးသိမ်း ပြောသလို ဖွဲ့စည်းပုံ အကြပ်အတည်း၊ ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး ရှေ့မတိုးမှု။ ဒါတွေကို ဆွေးနွေးကြဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ကြတယ်လို့ ပြောနိုင်ပါသလား။

ဒေါက်တာညိုညိုသင်း ။ ။ ကျမကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ ပထမ တွေ့ကြဖို့ အရေးကြီးတာပေါ့။ မြင်တွေ့ကြဖို့ အရေးကြီးတယ်။ တွေ့ပြီးတဲ့အခါကြတော့ အခုနလို ဘာကို ဆွေးနွေးမယ်ဆိုတာ Agenda – Common ground ကို ရှာပြီးတော့ ဘုံသဘောတူညီချက်ကို ရှာပြီးတော့ ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ အရင် ဆွေးနွေးပွဲ စဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ အိမ်မှာ ဖိတ်ခေါ်ပြီးတော့ တွေ့ရတယ်။ ဒါပေမဲ့ ဘာကိုဆွေးနွေးဖြစ်မယ်ဆိုတာကို မညှိနှိုင်းဖြစ်ကြဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စကို အားမလိုအားမရ အသံထွက်လာတယ်။ အဲဒီကိစ္စကို ဘာပြောချင်ပါသလဲ။

ဒေါက်တာညိုညိုသင်း ။ ။ အဲဒါကတော့ အင်မတန် အလုပ်သဘောဆန်တယ်လို့ ကျမ သုံးသပ်ပါတယ်။ အားမလို အားမရ ပြောတာတွေလည်း မှန်ပါတယ်။ ဒါပေမဲ့ တဖက်ကကြည့်လို့ရှိရင်လဲ ပထမဆုံးအနေနဲ့ တွေ့ဆုံတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလောက်ပဲ လုပ်နိုင်မယ်ဆိုတာ သဘာဝကျပါတယ်။ ဒါကြောင့်မို့ ကျမကတော့ ဒီ ဆွေးနွေးပွဲတွေကို အလုပ်ဖြစ်အောင် ဒုတိယအကြိမ်၊ တတိယအကြိမ် တွေ့ကြဖို့ လိုပါတယ်။ နောက်ပြီးတော့ လောလောဆယ်ဖြစ်နေတဲ့ အပိုင်းမှာ တဖက်ကလဲ (၆) ပွင့်ဆိုင်၊ တဖက်ကလဲ မဟုတ်ဘူး အစုအဖွဲ့ (၅) ဖွဲ့ကို သွားမယ်ဆိုပြီး တဖက်နဲ့တဖက် ကိုယ့်ရဲ့ ပုဂ္ဂိုလ်စွဲတွေကို မစွန့်လွှတ်နိုင်ဘဲနဲ့ လုပ်နေမယ်ဆိုရင်တော့ နိုင်ငံရေးအကြပ်အတည်းကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ တဖက်ကလဲ အစုအဖွဲ့ (၅) ဖွဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒါက ကာချုပ်ကြီးနဲ့ သမ္မတဖက်က အစုအဖွဲ့ (၅) ဖွဲ့ကို အခြေခံပြီး သွားမယ်ဆိုတဲ့ မူကိုလဲ တရေသေ ဆုပ်ကိုင်ထားလို့ မရဘူးပေါ့။ ကျမတို့ ပြည်ထောင်စုလွှတ်တော်ဆိုတာက နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာ အစိုးရဖက်က ဒါကို လိုက်လျောသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က တခဲနက် အတည်ပြုထားတဲ့ (၆) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အစိုးရဖက်က လိုက်လျောစေချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်း ဘယ်လို သဘောရပါလဲ။ အခု သမ္မတဦးသိန်းစိန်အိမ်မှာ တွေ့ခဲ့တဲ့ပွဲကို ကြည့်ရင် ဘယ်ဟာကို ဆက်ဆွေးနွေးမယ်ဆိုတာကို သူတို့ မညှိနှိုင်းနိုင်ခဲ့ကြဘူး။ ဆွေးနွေးပွဲနဲ့ ဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါရဲ့လား။ ပွင့်ပွင့်လင်းလင်း မေးရရင်။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော့်ရဲ့ အမြင်ကတော့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းတွေကို ကျော်လွှာနိုင်ဖို့ဆိုရင် ကျနော်တို့က နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲကို မဖြစ်မနေ ဖြတ်သန်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တကယ်လို့ နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲတွေကို လက်တွေ့ကျကျ စစ်စစ်မှန်မှန် ရေရှည်အမြင်ရှိရှိ၊ အချိန်ဇယားရှိရှိနဲ့ ပုံဖော်နိုင်တာမရှိသေးသရွေ့ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ ပြောဖို့ခက်တယ်လို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုက ဘာဆွေးနွေးမယ်ဆိုတာထက် ဘယ်နှစ်ယောက် ပါရမယ်။ ဘယ်နှစ်ပွင့်ဆိုင်ဆိုတဲ့ ကိစ္စမှာ အတော်လေး အငြင်းပွားနေကြတယ်ဆိုတော့ အဲဒီ အကြောင်းအရာကို တိုင်းပြည်ရဲ့ ပြဿနာကို မှန်မှန်ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ကြမယ့် အခြေအနေ အတော်အလှမ်းဝေးနေကြတယ်လို့ မပြောနိုင်ဘူးလား။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်အမြင်ကတော့ အစိုးရဖက်မှာ အဓိက တာဝန်ရှိတယ်လို့ မြင်တယ်။ အစိုးရနဲ့ တပ်မတော်ဖက်က လိုလိုလားလား တွေ့ချင်တယ်ဆိုရင် ချက်ချင်းဖြစ်နိုင်ပြီးတော့ ဆက်တိုက်ဖြစ်ပေါ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ မြင်တယ်။ နောက်တချက် ကျနော် ပြောချင်တာက ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ ကမ္ဘာ့အဆင့်မှာပဲကြည့်ကြည့်၊ အရှေ့တောင်အာရှနိုင်ငံများအဆင့်မှာ ကြည့်ကြည့် ကျနော်တို့က အနိမ့်ဆုံးအနေအထားကို ရောက်နေတယ်။ အဲဒီတော့ အဲဒီအနေအထားက ဘာနဲ့တူသလဲဆိုတော့ ကျနော်တို့ ICU ထဲကို ရောက်နေတဲ့ လူနာတစ်ယောက်နဲ့ တူပါတယ်။ အဲဒီတော့ ဒီအချိန်မှာ ကျနော်တို့က ဒီလူနာကို အသက်ကယ်ဖို့အတွက် လိုအပ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေကို မဖြစ်မနေ အမြန်ဆုံးပေးဖို့ လိုအပ်ပါတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အရေးကြီးဆုံးဟာ နိုင်ငံရေးအရ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးပြီးတော့ ဒီအကြပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း တနည်းအားဖြင့် ကျနော့်အမြင်က နိုင်ငံရေးလမ်းပြမြေပုံသစ်တခုကို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု အစောပိုင်းမှာ ကွဲနေကြတာက (၄) ပွင့်ဆိုင်၊ (၆) ပွင့်ဆိုင်၊ အခု (၁၂) ပွင့်ဆိုင်ဆိုပြီး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုတင်သွင်းတယ်ဆိုပြီးတော့ ကြားရပြန်ပါတယ်။ အစိုးရပိုင်းကလည်း သမ္မတဦးသိန်းစိန်က သူ့အိမ်မှာ အရင်တွေ့သလိုမျိုးပဲ ဒီပွဲမျိုး မကြာခဏ ဖြစ်မယ်လို့လဲ ပြောနေကြတယ်။ ဆိုတော့ အခုသမ္မတပြောတဲ့ ပွဲမျိုး မကြာခဏဖြစ်ရင်ကော မလုံလောက်ဘူးလား။ ဆရာမ ဒီကိစ္စကို ဘယ်လို သဘောရသလဲ။

ဒေါက်တာညိုညိုသင်း ။ ။ သမ္မတကြီးက သူ စီစဉ်နေတဲ့ပွဲ။ အစုအဖွဲ့ (၅) ဖွဲ့ကို အခြေပြုပြီးတော့ (၁၄) ပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်နေတာကလဲ ဒါက သူ့ရဲ့ အယူအဆနဲ့ သူ့ရဲ့ လမ်းကြောင်းနဲ့ တွေ့ခွင့်ရှိပါတယ်။ သို့သော်လဲ ကျမ အခုနက ပြောသလို ဒါက အုပ်ချုပ်ရေးပိုင်းက တဖက်သတ်ပေါ့။ စီစဉ်နေတဲ့အပိုင်းလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဖက်က ကြည့်မယ်ဆိုရင် ပြည်သူလူထုက သူတို့အားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူ့ရဲ့ (၄) ပွင့်ဆိုင်ပေါ်မှာ မျှော်လင့်ခဲ့ကြတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည်ဖက်က လျှော့ပြီးတော့ (၆) ပွင့်ဆိုင်ဆိုပြီးတော့ လျှော့ပေးလိုက်တဲ့အချိန်မှာ ကျမတို့ ဒီဖက်က အုပ်ချုပ်ရေးဖက်ကလဲ တဆင့်လျှော့ပေးချင်တယ်။ ဒို့ကတော့ (၁၄) ပွင့်ဆိုင်ဆိုပြီးတော့ တင်းခံမနေစေချင်ဘူး။ တဖက်က လျှော့လာတဲ့အချိန်မှာ တဖက်ကလဲ လျှော့သင့်ပါတယ်။ လျှော့ပြီးတော့ (၆) ပွင့်ဆိုင်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်က နားချပြီးတော့ တခဲနက် ဆုံးဖြတ်ထားတာကို လိုက်နာသင့်ပါတယ်။ ဒါဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော်အနေနဲ့လဲ ကျေနပ်သွားမယ်။ နိုင်ငံရေးပါတီအသီးသီးအနေနဲ့လဲ ကျေနပ်သွားမယ်။ သို့သော်လဲ တခုတော့ ပြောစရာရှိတာပေါ့။ တိုင်းရင်းသားတချို့ တောင်းဆိုနေသလို All inclusive တော့ ပထမဦးဆုံးအကြိမ်မှာတော့ မဖြစ်နိုင်သေးဘူးပေါ့။ ပထမ (၆) ပွင့်ဆိုင် တွေ့ဆုံချင်းအားဖြင့် တဖြည်းဖြည်းနဲ့ နောက်တခေါက်ကြရင် ကျနော်တို့ ဘယ်သူတွေကို ခေါ်မယ်။ နောက်တခါကြရင် (၉) ပွင့်ဆိုင် ဖြစ်လာမယ်။ အဲဒီတော့ ကိုယ့်ရဲ့ (၁၄) ပွင့်ဆိုင် မူပေါ်မှာ တရသေ မထားဘဲနဲ့ ပြည်သူမျက်နာကို ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဘယ်သူနဲ့ တွေ့မယ်။ ဘယ်လောက် တွေ့မယ်မတွေ့ဘူးဆိုတာက တကယ့် ပြဿနာ မဟုတ်ဘူးပေါ့။ ကျနော် စောစောက ပြောသလို။ အဓိက ဆွေးနွေးရမှာက နိုင်ငံရေးအခက်အခဲ၊ ဖွဲ့စည်းပုံကိစ္စ။ ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး ဘယ်လိုအရှိန်မြှင့်အောင်လုပ်မယ်ဆိုတာ။ အခု မဟုတ်တဲ့နေရာမှာ ကပ်ပြီးတော့ ငြင်းနေကြတယ်။ ဒီလူတွေမှာ နိုင်ငံရေးအားဖြင့် ပြဿနာကို ဖြေရှင်းချင်တဲ့ဆန္ဒ အမှန်တကယ် Political Will ရှိရဲ့လား။ ဒေါက်တာ ရန်မျိုးသိမ်း ဘယ်လို သုံးသပ်လိုပါလဲ။

ဒေါက်တာရန်မျိုးသိမ်း ။ ။ လက်ရှိ အခြေအနေအထိ အစိုးရပိုင်း၊ တပ်မတော်ပိုင်း။ နောက်ပြီးတော့ အာဏာရပါတီပိုင်း (၃) ပိုင်းကို ကြည့်လို့ရှိရင် Political Will အပိုင်းမှာ အစိုးရအပိုင်းနဲ့ တပ်မတော်ပိုင်းမှာ အားအနည်းဆုံးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အခြေအနေမှာ (၆) ပွင့်ဆိုင်ကို ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတယ်ဆိုတာ တကယ်တော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းပါတဲ Institution တခုပေါ့။ ဒီ ပြည်ထောင်စုလွှတ်တော်ရဲ့ အသံကို အစိုးရ နဲ့ တပ်မတော်ဖက်က လှိုက်လှိုက်လဲှလဲှ တုန့်ပြန်ဖို့လဲ လိုမယ်။ အဲဒီလို တုန့်ပြန်ဖို့ တုံ့ဆိုင်းနေတဲ့အပိုင်းတွေကို တွေ့ရတာဟာ ဆရာ အခုနကပြောတဲ့ Political Will မှာ အားနည်းတယ်ဆိုတာကို သိသာမြင်သာတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် စဉ်းစားမိတာ တကယ်လို့ သူတို့ဖက်က တွန့်ဆုတ်နေရတဲ့အကြောင်းကို တပ်မတော်ဖက်ကနေ စဉ်းစားကြည့်မယ်ဆိုရင် ဆွေးနွေးမယ့် ကိုယ်စားပြုမှုကို ချဲ့လိုက်ရင် လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေလည်း ပါရမယ့် သဘောလည်း ရှိနေတာပေါ့။ ဆိုတော့ သူတို့နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စမှာ တစ်ဆို့နေကြတယ်။ အခု ဖယ်ဒရယ်စစ်တပ်တို့ ဘာတို့မျိုးတွေ။ ဖယ်ဒရယ်တပ်မတော် ဆိုတာမျိုးတွေမှာလဲ အကျအနကောက်ပြီးတော့ သိပ်ပြီးတော့ တင်းမာနေကြတယ်။ ပစ်ခတ်မှုတွေ ဖြစ်နေကြတော့ သူတို့နဲ့ ရောပြီးတော့ တွေ့ရတော့မယ့်သဘော ရှိနေတယ်။ ဒါကိုများ မတွေ့လိုလို့ အဲဒီအဆင့်ကို ကျော်ပြီးတော့ မတွေ့ချင်လို့ တမင်တကာများ သူတို့ ရှောင်နေတယ်လို့ တွေးလို့မရဘူးလား။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားတဲ့ (၆) ပွင့်ဆိုင်ထဲမှာ ကျနော့်အမြင်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖက်က ကိုယ်စားလှယ်ပါတာကိုတော့ မတွေ့ရဘူးပေါ့။ ကျနော့်အမြင်အားဖြင့် (၆) ပွင့်ဆိုင် တွေ့ဆုံမှုကို ဘယ်နှစ်ဦး ပုံဖော်ပြီးတော့ အဲဒီ (၆) ပွင့်ဆိုင် တွေ့ဆုံပွဲမှာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်း၊ စီးပွားရေး အကြပ်အတည်း၊ လူမှုရေး အကြပ်အတည်းတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ ယေဘုယျ အခြေခံအကျဆုံး အမြင်သဘောထားတွေ၊ အယူအဆတွေကို စတင်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ကျနော်က မြင်တယ်။ အဲဒီအဆင့်ကို ကျော်ပြီးပြီဆိုတဲ့အချိန်ကျမှ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ (၉) ပွင့်ဆိုင်ဖြစ်ဖြစ်၊ (၁၀) ပွင့်ဆိုင်ဖြစ်ဖြစ် ဒီလိုပုံစံမျိုးကို ဒုတိယအဆင့် သွားသင့်တယ်လို့ မြင်တယ်။ အဲဒီလို ဒုတိယအဆင့် သွားတဲ့အခါမှာ ကျနော့်အယူအဆအားဖြင့် တိုးလာတဲ့ အပွင့်အများစုဟာ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီအထဲမှာ အခုနပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေ ပါဝင်လာမယ်လို့ ကျနော်က ယူဆတယ်။ အဲဒီအတွက်ကြောင့် လက်ရှိ (၆) ပွင့်ဆိုင် ဆွေးနွေးရေးကို တွန့်ဆုတ်နေရတဲ့ အကြောင်းရင်းမှာ ကျနော်အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပါလာမှာကြောင့် မဟုတ်ဘဲနဲ့ Political Will ကိုက နိုင်ငံရေးကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တဲ့ ဆန္ဒမှာ အားနည်းနေတာလို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမကို မေးချင်တာက စစ်တပ်အနေနဲ့ အပစ်ရပ်စဲရေးကို မလုပ်ဘဲနဲ့ တိုက်ရိုက်နိုင်ငံရေးအားဖြင့် တွေ့ဖို့ဆိုတာကို လက်ခံရမှာကို တွန့်ဆုတ်နေတဲ့ သဘောမျိုး မဖြစ်နိုင်ဘူးလား။

ဒေါက်တာညိုညိုသင်း ။ ။ တွေ့ဆုံဆွေးနွေးရေး လမ်းစကို အကောင်အထည် မဖော်ချင်လို့ ကျမတို့ကို ဒီလို အကြောင်းအရာတွေပေါ်မှာ (၆) ပွင့်တွေ၊ (၁၂) ပွင့်တွေပေါ်မှာ အလုပ်ရှုပ်နေစေတာလားလို့ ကျမ တဖက်က ပြန်တွေးကြည့်တယ်။ အခုနပြောတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မဆွေးနွေးချင်လို့လားဆိုတာမျိုးပေါ့။ ဒါကလဲ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးကို ပြည်သူတရပ်လုံးက လိုချင်တာမှန်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး မလိုချင်တဲ့ အုပ်စုတွေကလည်း ရှိနေအုံးမှာပဲ။ အဲဒီတော့ ငြိမ်းချမ်းရေး မလိုချင်တဲ့ အုပ်စုတွေကလည်း နည်းအမျိုးမျိုးနဲ့ ဒီထဲမှာ ပါဝင်ပြီးတော့ ပတ်သက်ပြီးတော့ လှုပ်ရှားနေကြသလားပေါ့။ ….

XS
SM
MD
LG