သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ တိုင်းရင်းသားပါတီများ ပြိုင်ဘက်ဖြစ်နေလား


ဒေါ်အောင်ဆန်းစုကြည် ပူတာအိုခရီးစဉ်။ (ဓာတ်ပုံ/NLD Chairperson. May 23rd, 2015)
ဒေါ်အောင်ဆန်းစုကြည် ပူတာအိုခရီးစဉ်။ (ဓာတ်ပုံ/NLD Chairperson. May 23rd, 2015)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်အရွေးခံမယ်ဆိုရင် တိုင်းရင်းသားပါတီတွေအတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ခင်များ … အခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားဒေသတွေကို စည်းရုံးရေးဆင်းပါတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတချို့ဆီက အသံတွေ ဘာကြားလာရသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာလာပြီး သူတို့ပါတီတွေနဲ့ ယှဉ်ပြီးအရွေးခံမယ့်ကိစ္စကိုတော့ နည်းနည်း သူတို့ကို ဦးစားပေးသင့်တယ့်သဘောမျိုး ပြောကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွန်းရဲ့ အမြင်ကို ပထမဦးဆုံး ပြောပေးပါ။

ဦးရဲထွန်း ။ ။ ကျနော့်ရဲ့ အမြင်ကတော့ အဲဒီလို ဦးစားပေးတာ၊ ရှောင်ပေးတာဆိုတဲ့ဟာကတော့ နှစ်ပါတီစလုံးရဲ့ သဘောထားနဲ့ ဆိုင်တာပေါ့။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာတော့ ဒီလိုပဲ ပြိုင်ကြရမှာ။ ဘယ်ပါတီက ဘယ်ပုဂ္ဂိုလ်က ပြည်သူလူထု အကျိုးစီးပွားကို တကယ်ဆောင်ရွက်နိုင်မလဲ။ တကယ်ကိုယ်စားပြုနိုင်သလဲ ဆိုတာကို အလုပ်နဲ့သက်သေပြကြရမယ်။ ဒါကြောင့် ဒီလိုပြိုင်ချင်းအတွက်ကို ကျနော့်အနေနဲ့ တဦးချင်းသဘောထားကို ပြောမယ်ဆိုရင်တော့ ဘာမှထင်မြင်ချက် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဦးရဲထွန်းတို့ ပါတီ။ ဟိုတုန်းက နိုင်ခဲ့တဲ့ ALD ရခိုင်၊ SNLD တို့ အဲဒီလို ပါတီတွေကတော့ တိုင်းရင်းသားဒေသမှာ ဘယ်သူယှဉ်လာလာ ခင်များတို့ပါတီတွေက အနိုင်ရနေတယ်။ ထိပ်ဆုံးကနေတယ်ဆိုတဲ့ သဘောမျိုးတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်တယ်လို့ပြောတဲ့ တိုင်းရင်းသားတချို့က သူတို့က ပါတီငယ်တွေဖြစ်တယ်။ ဖွဲ့စပါတီတွေ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ သူတို့အင်အားကို သူတို့ စိတ်မချလို့ စိုးရိမ်စိတ်နဲ့ ပြောတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် စာနာနိုင်ပါလဲ။

ဦးရဲထွန်း ။ ။ ကျနော်ကတော့ အခုပြောတဲ့ သဘောထားတွေကတော့ ကျနော့် တဦးချင်းရဲ့ သဘောထားတွေပါ။ ကျနော်ကတော့ ဒီမိုကရေစီကို ယုံကြည်တယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီတော့ ပြိုင်ဆိုင်မှုစနစ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မှတ်ကျောက်တခုပဲ။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလို ပြိုင်ဆိုင်တာကိုတားတယ်။ မပြိုင်ပါနဲ့လို့ စိုးရိမ်တာကိုက ဒီမိုကရေစီ မဆန်ဘူးလို့ ယူဆတယ်။ ပြိုင်ရမယ်။ ဘယ်သူက ပြည်သူလူထုကို တကယ် ကိုယ်စားပြုသလဲ။ တကယ် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ ကျနော်တို့က ကာလတခု ဖြတ်သန်းပြီးမှ သိမှာ။ တိုင်းရင်းသားပါတီလို့ နံမည်ခံထားလို့လဲ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို တကယ် ကိုယ်စားပြုတဲ့ပါတီ၊ တကယ် ကိုယ်စားပြုတဲ့လူ ဖြစ်ချင်မှလဲဖြစ်မှာပေါ့။ NLD ပါတီကလဲ တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်ပြောပြီး တကယ့်လက်တွေမှာ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတာကို ဖော်ဆောင်နိုင်တဲ့ ပါတီ ဖြစ်ချင်မှဖြစ်မှာပေါ့။ ဆိုလိုချင်တာက ယှဉ်ပြိုင်ပြီးတော့ လက်တွေ့လုပ်တဲ့ ဖြစ်စဉ်တခု ဖြတ်သန်းပြီးမှသာ ဒါကို သိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်တာကို ကျနော်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ စိုးရိမ်တာ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တိုင်းရင်းသားပါတီတွေက လိုလားကြတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားအရေးကိစ္စမှာ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ဦးရဲထွန်းပါတီရဲ့ ခံယူချက်နဲ့ တန်းတူရှိတယ်လို့ ယူဆပါလား။

ဦးရဲထွန်း ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ NLD ပါတီက အခု တိုင်းရင်းသားပါတီတွေ အာရုံစိုက်နေတဲ့ ကျနော်တို့နိုင်ငံကို ဖယ်ဒရယ်စနစ် ပီသအောင်၊ ဖယ်ဒရယ်စနစ်ပီပြင်အောင် ဖော်ဆောင်သွားဖို့ဆိုတဲ့ စိတ်ဝင်စားမှုမျိုး အားနည်းနေတာတော့ တွေ့ရတယ်။ သူတို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ပါတီ ပေါ်လစီတွေမှာ ချပြတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေမှာ မတွေ့ရဘူး။ အဲဒါကို ထောက်ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဆိုတာ ဘာ၊ ဖယ်ဒရယ်စနစ်ဆိုတာ ဘာဆိုတာကို သူတို့ နားလည်မှု အားနည်းတာ၊ စိတ်ဝင်စားမှု အားနည်းတာကို ကျနော် သတိထားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမနန်းခင်ထွေးမြင့် သဘောထားကို သိချင်ပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်စိတ် ရှိကြပါတယ်။ ဒေသခံပါတီတချို့ပေါ့။ ဆရာမကိုယ်တိုင် တိုင်းရင်းသူကိုယ်စားလှယ် တယောက်ဖြစ်တယ်။ NLD မှာ လှုပ်ရှားနေတယ်ဆိုတော့ အဲဒီ တိုင်းရင်းသားတွေရဲ့ စိုရိမ်မှုကို ဆရာမအနေနဲ့ ဘယ်လို သဘောထားပါလဲ။ သူတို့ရဲ့ စိုးရိမ်မှုကို နားလည်နိုင်ပါလား။ ဘာလို့ ဖြစ်ကြတယ် ထင်ပါလဲ။

ဒေါ်နန်းခင်ထွေးမြင့် ။ ။ တိုင်းရင်းသားတွေကို ကျမ နားလည်ပေးနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နဂိုကတည်းက တိုင်းရင်းသားတွေရဲ့အရေးကို စဉ်းစားလာတယ်။ စဉ်းစားလာတယ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေပေါ် ထားရှိတဲ့သဘောထားတွေကို ယုံကြည်လို့၊ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ ကျမတို့ခေါင်းဆောင်တွေရဲ့ သဘောထားကိုလည်း ယုံကြည်တယ်။ ဒီအတွက် ကျမ ပြောချင်တာကတော့ တိုင်းရင်းသားတွေအနေနဲ့ ဒီအတွက် စိုးရိမ်စရာမလိုဘူး။ ကျမက အထဲထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့ လူတယောက်အနေနဲ့ ဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့ ရွေးကောက်ပွဲ မဲအနိုင်အရှုံးအပြင် တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးဆန္ဒ ပြည့်ဝရေးကိစ္စကလည်း ဒီနေရာမှာလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု တိုင်းရင်းသားတွေ တောင်းဆိုတာ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးကို ပြောနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ဘယ်လို ရှိပါလဲ။

ဒေါ်နန်းခင်ထွေး ။ ။ အခုမှ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Manifesto စ ရေးကတည်းက ကျမတို့ တိုင်းရင်းသားပြည်ထောင်စုစစ်စစ်မူ ဆိုပြီးတော့ ဖယ်ဒရယ်ကို ကျမတို့က ဟိုအရင်ကတည်းက ပြောခဲ့တယ်။ ဒီတိုင်းရင်းသားတွေ လိုအပ်တဲ့ ဖယ်ဒရယ်ကို တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ တောင်းဆိုထားတဲ့ဟာတွေက ဟိုအရင် မယ်သရောထမှာ လုပ်တဲ့အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းပြောင်းတင်းတင်း ထောက်ခံပြီးတော့ ဆွေးနွေးခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ခင်များ … ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စကတည်းက ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံထားတဲ့ ဖယ်ဒရယ်မူစစ်စစ်ဟာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ထပ်တူကျတယ်လို့ ပြောနိုင်ပါလား။

စိုင်းညွှန့်လွင် ။ ။ တကယ်လိုသာ သူတို့ ပြောသလို ဖယ်ဒရယ်စစ်စစ်မူကို လက်ခံခဲ့တယ်ဆိုရင် ကျနော်တို့ ကိုယ့်ဘာသာကိုယ်၊ တိုင်းရင်းသားပါတီတွေ ထူထောင်စရာ မလိုတော့ဘူး။ အဲဒီအထဲကို ကျနော်တို့ ခြေဆုန်ပစ် ဝင်သွားမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်အချက်ကို မေးခွန်းထုတ်လိုပါလဲ။ သူတို့ ဖယ်ဒရယ်စစ်စစ်မူဟာ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာနဲ့ အံ့ဝင်ခွင်ကျ မဖြစ်ဘူးဆိုရင်။

စိုင်းညွှန့်လွင် ။ ။ အရှင်းဆုံး ပြောရရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ်ဆွေ အရင်းခေါက်ခေါက်တွေပါ။ အမြဲတမ်းလည်း ဆက်သွယ်နေကြတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆွေးနွေးထားတာ တခါမှ မရှိပါဘူး။ အပြည့်အစုံ ပြောရမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က Commitment ဖြစ်မယ့် ကိစ္စတွေမှာ ရှောင်လွှဲခဲ့တယ်။ တိုင်းရင်းသားတွေဘက်က ဖြစ်စေချင်တယ်။ Commitment တခုခု ရှိစေချင်တယ်။ ဒါပေမဲ့ အဲဒါ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်သွားတာ။ နောက်တချက် ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ ၉၀ ပြည့်နှစ်တုန်းနဲ့ မတူတဲ့အချက် တချက်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်နယ် (၇) ခုမှာ တိုင်းရင်းသားပါတီတွေဆိုတာ (၉၀) တုန်းကလို တခုစီ မဟုတ်တော့ဘဲ၊ အုပ်စု (၂) ခု ဝင်ပြီးပြိုင်နေသလို ဖြစ်နေတယ်။ အဲဒါကို ဦးကျော်ဇံသာ နားလည်မှာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ အုပ်စုတွေ ရှိတယ်။ ပါတီတခုတည်းကို ကိုယ်စားပြုပြီး ပြိုင်တဲ့ဟာ မဟုတ်တော့ဘဲ။ အဲဒီ လူမျိုးထဲမှာပဲ လူမျိုးထဲမှာပဲ ပါတီ (၂) ခုဖြစ်တယ်။ (၃) ခု ဖြစ်တယ်။ (၄) ခုဖြစ်တယ်။ အခု ၂၀၁၅ မှာ ဒါက ထူးခြားမှုဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအကဲခတ်တွေ တော်တော်များများက မဲတွေကွဲပြားသွားမှာကို စိုးရိမ်တယ်။ အဲဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်တွေမှာ ဝင်လိုက်ရင် မဲတွေကွဲပြားသွားမယ်။ အဲဒါကို စိတ်ပူကြတာပါ။ မဟာမိတ်အချင်းချင်းဆိုတော့ ညှိနှိုင်းသင့်တယ်။ အဲဒီ အယူအဆတွေနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ အရိုးသားဆုံ ပြောရရင်တော့ မဲဆန္ဒနယ်မြေတွေ ပတ်သက်လို့ အသေးစိတ် ဘာမှ မဆွေးနွေးနိုင်ကြဘူး။ အဲဒီအတွက်တော့ အခက်အခဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းတို့ရဲ့ NLD ပါတီအပေါ် ဦးရဲထွန်းရဲ့ တဦးတည်းအမြင်ကို ကျနော် တန်းဖိုးထားပါတယ်။ ဒါပေမဲ့ ပါတီအနေနဲ့ အမြင်ကို အမတ်တယောက်အနေနဲ့ ဘယ်လောက် သိပါလဲ။ NLD တိုင်းရင်းသားအရေးအပေါ် ဦးရဲထွန်းတို့ရဲ့ ကျားဖြူပါတီရဲ့ သဘောထား။

ဦးရဲထွန်း ။ ။ ကျနော်တို့ တိုင်းရင်းသားအရေးကိစ္စနဲ့ ကျနော်တို့ပါတီရဲ့ သဘောထားကတော့ ဖယ်ဒရယ်စနစ်ကို သွားဖို့ပါပဲ။ ဖယ်ဒရယ်စနစ်ကို သွားဖို့ရာ ကျနော်တို့က ယခုလက်ရှိ ပြည်နယ် (၇) ခုနဲ့ တိုင်းဒေသကြီး (၇) ခု (၁၄) ခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုင်းခြားထားတဲ့အတိုင်းကို ကျနော်တို့က လက်ခံတယ်။ သို့သော် အဲဒီ ပြည်နယ်နဲ့တိုင်းဒေသကြီးကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေကို ဖယ်ဒရယ်စနစ်တခု ပီပီပြင်ပြင်ဖြစ်အောင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အနေအထားမျိုးအထိရောက်အောင် တိုးချဲ့ပေးသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထားပါတယ်။ အဲဒီတော့ SNLD လို့ခေါ်တဲ့ ကျားခေါင်းပါတီနဲ့ ကွဲလွဲတာကတော့ သူတို့က ပြည်နယ် (၈) ပြည်နယ်။ ဗမာက တိုင်းဒေသကြီး (၇) ခုကို ပေါင်းပြီးတော့ ပြည်နယ် (၁) ခုအနေနဲ့ (၈) ပြည်နယ်။ လူမျိုးအလိုက် ပြည်နယ် (၈) ခုကို သူတို့က အသိအမှတ်ပြုတယ်။ ဖယ်ဒရယ်စနစ်ကို သွားကြတာတော့ အတူတူပါပဲ။ ကွဲပြားခြားနားတာကတော့ (၁၄) ပြည်နယ်လား။ (၈) ပြည်နယ်လား ကိစ္စမှာလား ကွဲပြားခြားနားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရဲ့ သဘောထားကို ဒီကိစ္စ ဖယ်ဒရယ် ဘယ်နှစ်ခု ပါဝင်မယ်ဆိုပြီးတော့ သဘောထားရှိပါလဲ။

ဦးရဲထွန်း ။ ။ NLD က ဖယ်ဒရယ်စနစ်သွားဖို့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူတို့ ချမှတ်ထားတာ ရှိကောင်းရှိမယ်။ သို့သော် လောလောဆယ်အားဖြင့် မကြာခဏ သူတို့ ပြောနေတာက (၄၃၆) ပြင်ဆင်ရေးနဲ့ (၅၉(စ) ပြင်ဆင်ရေးကိစ္စမှာ အာရုံစိုက်နေတဲ့အတွက် ဒီဟာနဲ့ ပတ်သက်လို့ သူတို့ ပေါ်လစီ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တော့ ထပ်ခါတလဲလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့ ဒီနေ့ ပထမဦးဆုံး ဖြေရှင်းရမယ့် ပြဿနာအဖြစ်နဲ့ ရှေ့တန်းမတင်ထားဘူးဆိုတာကို သတိထားမိပါတယ်။

XS
SM
MD
LG