သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျိုးစီးပွားချင်း ကွဲပြားခြားနားမှု


စစ်အစိုးရတဖြစ်လဲ အရပ်သားတပိုင်းအစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ရေး လုပ်ဖို့ ကြိုးပမ်းနေတုန်း အာဏာရပါတီဥက္ကဋ္ဌ ဦးရွှေမန်းကို ဖယ်ရှားလိုက်တာဟာ အသွင်ကူးပြောင်းရေးအတွက် အလားအလာနည်းသွားတယ်လို့ ယူဆကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်အောင် လမ်းခင်းပေးတဲ့ ဦးသိန်းစိန် ကိုလည်း ပြုပြင်ရေးသမားအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးဟာ အကန့်အသတ် ရှိလာတဲ့အတွက် စနစ်ဟောင်းရဲ့ လောင်းရိပ်က မထွက်နိုင် သလို ဖြစ်နေပါတယ်။ အခြေခံ အပြောင်းအလဲလုပ်ဖို့ ပြည်ခိုင်ဖြိုးပါတီက စိတ်မဝင် စားကြောင်း ပြသလိုက်တာလို့ သုံးသပ်ကြပါတယ်။

နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်မဖြစ်အောင် ကြိုးပမ်းချိန်ကစပြီး အခက်အခဲတွေ ရင်ဆိုင်လာရတဲ့ အတွက် အန္တရာယ်ါဖြစ်နိုင်တယ်လို့ ကြိုတင်သုံးသပ်မိကြောင်း ဦးရွှေမန်းက သူ့ Facebook မှာ သြဂုတ်လ ၁၅ ရက်နေ့က ရေးထားပါတယ်။ အစိုးရခေါင်းဆောင်ပြီး အသွင်ပြောင်းတဲ့အစီအစဉ် အောင်မြင်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လိုလားသူတွေ အားကောင်းဖို့လိုပါတယ်။ အခုလို ပြောင်းလဲလိုသူတွေ ကို ဖယ်ရှားလိုက်တာဟာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီဟာ မူလအခြေအနေ ကို ပြောင်းလဲဖို့ စိတ်မဝင်စားကြောင်း အထင်အရှားပြတာ ဖြစ်ပါတယ်။

လူထုအကျိုးစီးပွားဘက်က ရပ်တည်တဲ့ အရပ်သားပါတီတွေနဲ့ စစ်အုပ်စု အကြား ပေါင်းကူးတံတားသဖွယ် ဦးရွှေမန်း ဆောင်ရွက်နေတာကို စစ်အုပ်စုက လက်မခံနိုင်တဲ့သဘောလို့လည်း သုံးသပ်ကြပါတယ်။ ဦးရွှေမန်းဟာ အခွင့်ထူးခံ စစ်ဗိုလ်ခရိုနီဘဝက လာသူဖြစ်လို့ ဒီမိုကရေစီ ယုံကြည်လို့ အရေးယူခံရတာလား၊ လူပေါင်းမှားလို့ ဖယ်ရှားခံရတာလားဆိုတာ စဉ်းစားစရာပဲလို့ သတင်းစာဆရာ Bertil Lintner က ဆိုပါတယ်။ ဦးရွှေမန်းရဲ့ သားနှစ်ယောက်မှာ ဝန်ထမ်း ၅,၀၀၀ ရှိတဲ့ လုပ်ငန်းတွေရှိပြီး တာဝန်သိလုပ်ငန်းရှင် ဖြစ်အောင် ကြိုးပမ်းတယ်လို့ ဦးတိုးနိုင်မန်းက မဇ္စိ ျမသတင်းစာကို ပြောပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဇေကမ္ဘာ ဦးခင်ရွှေ ရဲ့သမီးနဲ့ အိမ်ထောင်ကျနေသူ ဖြစ်ပါတယ်။ အားလုံးဟာ စစ်ဗိုလ်ခရိုနီဘဝက လာသူတွေချည်းဖြစ်ပေမယ့် ပြည်သူ့အကျိုးစီးပွား အဓိကထားမှုမှာ ကွဲပြားခြားနား သွားတာ ဖြစ်နိုင်ပါတယ်။

ဦးသန်းရွှေမိသားစုနဲ့ ဦးအောင်သောင်း မိသားစုဟာ ဒေါ်လာသန်းပေါင်း သောင်းချီ ပြီး ချမ်းသာနေတယ်လို့ Facebook မှာ ရေးကြပါတယ်။ ဒါပေမဲ့ မတရားတဲ့နည်းနဲ့ ချမ်းသာတာဟာ ရေရှည်မခံပါဘူး။ အင်ဒိုနီးရှားနိုင်ငံ အာဏာရှင်မိသားစု ကို ဒေါ်လာသန်း ၃၀၀ ကျော် လျော်ကြေးပေးဖို့ တရားလွှတ်တော်ချုပ်က လွန်ခဲ့တဲ့ လက ဆုံးဖြတ်တာကို သြဂုတ်လ ၁၁ ရက်နေ့ကမှ သတင်းမီဒီယာကို အသိပေး ပါတယ်။ အနှစ် ၃၀ ကျော် ကြီးစိုးစဉ်မှာ ဆူဟာတိုမိသားစုဟာ ဒေါ်လာသန်းပေါင်း ၃၅,၀၀၀ အထိ မတရားတဲ့နည်းနဲ့ ယူခဲ့တယ်လို့ Transparency International က ကြေညာဖူးပါတယ်။ ဦးသန်းရွှေမိသားစုရဲ့ ဓနဥစ္စာပမာဏကို ခန့်မှန်းတာမျိုး မလုပ်သေးပါဘူး။ ဦးသန်းရွှေဟာ မိသားစုလုံခြုံရေးကိုသာ အဓိကထားတာမို့ လက်ရှိ နိုင်ငံရေးကစားကွက်နဲ့ ကင်းရှင်းကြောင်း ဟန်ဆောင်နေတာလည်း ဖြစ်နိုင် ပါတယ်။

နိုင်ငံရေးအာဏာနဲ့ မသမာငွေကြေးအရသာကို စစ်ဗိုလ်တွေသိနေတာဟာလည်း ဒီမိုကရေစီပြုပြင်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ခေတ်ကိုလိုက်ပြီး စစ်ဗိုလ် လူတန်းစားအမျိုးမျိုး ပေါ်ထွက်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာ အနစ်နာခံတဲ့ ပြည်ချစ်စစ်ဗိုလ်တွေ ပေါ်ထွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းခေတ် ရောက်တော့ အဆောင်အယောင်နဲ့ အခွင့်ထူးမက်တဲ့ စစ်ဗိုလ်လူတန်းစား ပေါ်ပေါက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြီးစိုးတဲ့ခေတ်မှာ ဒေါ်လာငွေ ကုဋေကဋာ ချမ်းသာတဲ့ စစ်ဗိုလ်လူတန်းစား ရှိလာပါတယ်။ ဦးသန်းရွှေအတွက် အရေးအကြီးဆုံးက သူ့မိသားစု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သူတွေ အာဏာရဖို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေအောင် ဦးသန်းရွှေက နည်းမျိုးစုံ သုံးနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကင်းရှင်းကြောင်း ငြင်းဆိုထားပါတယ်။

နေပြည်တော်အစိုးရကို အနောက်တိုင်းက လက်ခံအောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲရမယ်ဆိုတာကို သဘောပေါက်တဲ့အတွက် ဦးသိန်းစိန်က အသင့်အတင့် လိုက်လျောခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဦးသန်းရွှေရဲ့ နိုင်ငံရေးစီမံကိန်းကို ပြင်ဆင်ဖို့ကိစ္စမှာ သဘောမတူနိုင် ဘဲ ဖြစ်နေပါတယ်။ မြန်မာ့အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ လွှတ်တော်၊ အစိုးရနဲ့ စစ်တပ်လို အာဏာပိုင်အဖွဲ့အစည်းတွေထဲမှာ ဒီမိုကရေစီစနစ်ကို ယုံကြည်သူတွေ ကြီးစိုးဖို့ လိုပါတယ်။ ဒီလိုလူမျိုးတွေကသာ ပြည်သူ့အကျိုးစီးပွား အတွက် ဆောင်ရွက်သူ အရပ်သားအဖွဲ့အစည်းတွေနဲ့ လက်တွဲနိုင်ပါလိမ့်မယ်။

လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုကို NLD ပါတီက ရမယ်ဆိုရင် သမ္မတ ရွေးကောက်ပွဲဝင်မယ့် ဒု-သမ္မတကို ရွေးချယ် တင်မြှောက်နိုင်ပါလိမ့်မယ်။ NLD ဟာ စစ်တပ်နဲ့ဆက်ဆံရေး ပြေလည်အောင် ကြိုးပမ်းရပါလိမ့်မယ်။ စစ်အုပ်စုဟာ မိမိအကျိုးစီးပွား ထိခိုက်တယ်လို့ယူဆရင် အပြည်ပြည်ဆိုင်ရာ သဘောထားကို ဂရုမစိုက်ဘဲ လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်နိုင်ကြောင်း မျက်မှောက်ခေတ်သမိုင်းက သက်သေပြနေပါတယ်။ စစ်အာဏာရှင်အမိန့်နဲ့ တည်ဆောက်ထားတဲ့ အခြေခံဥပဒေနဲ့ နေပြည်တော်ဟာ စစ်အာဏာသိမ်းဖို့ လွယ်ကူအောင် ပုံစံချထားသလို ဖြစ်နေပါတယ်။

XS
SM
MD
LG