သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ စောင့်ကြည့်ခွင့်ရမယ့် ၂၀၁၅ ရွေးကောက်ပွဲ


အီဂျစ်နိုင်ငံ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ Carter Center နဲ့ သမ္မတဟောင်း ဂျင်မီကာတာ (မေ ၂၃၊ ၂၀၁၂)
အီဂျစ်နိုင်ငံ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ Carter Center နဲ့ သမ္မတဟောင်း ဂျင်မီကာတာ (မေ ၂၃၊ ၂၀၁၂)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ မြန်မာအာဏာပိုင်တွေက ဥရောပသမဂ္ဂ နဲ့ Carter Center တို့ကို ဖိတ်ကြားလိုက်တာဟာ အပြုသဘောဆောင်တယ်။ ကြိုဆိုတယ်လို့ ဖိတ်ကြားခံရသူ၊ သုံးသပ်သူတချို့က ဆိုကြပါတယ်။ မြန်မာအစိုးရကတော့ ဒီလိုဖိတ်ကြားတာဟာ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသခြင်းပဲဖြစ်တယ်ဆိုတဲ့ သဘောနဲ့ နိုင်ငံတကာ ရှေ့မှောက်မျက်နှာပန်းလှစေဖို့ ရည်ရွယ်တာလဲ ပါပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အမေရိကန် နဲ့ ဥရောပအဖွဲ့တွေ လာရောက်စောင့်ကြည့်ရုံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလားဆိုတာ အမေရိကန်အခြေစိုက် Jimmy Carter Center ဒီမိုကရေစီရေးရာဌာန တွဲဘက်ညွှန်ကြားရေးမှူး Jonathan Stonestreet နဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Jonathan Stonestreet တို့ Carter Center နဲ့ EU ဥရောပသမဂ္ဂတို့ကို ၂၀၁၅ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဖိတ်ကြားထားတယ်ဆိုတာကို ကျနော်တို့ သတင်းတွေ ကြားသိရပါပြီ။ အင်မတန်ကောင်းတဲ့ သတင်းလို့ ယူဆစရာ ဖြစ်နေပါတယ်။ ဟုတ်ပါတယ်နော်။

Jonathan Stonestreet ။ ။ ဒီသတင်းကြားရတာ သိပ်ဝမ်းသာပါတယ်။ တရားဝင်ဖိတ်စာကို လက်ဝယ်ရဖို့တော့ စောင့်နေတုန်းပါ။ တကယ်တော့ ကျနော်တို့ Carter Center ဟာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရုံးတရုံးဖွင့်လှစ်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။ ၂၀၁၄ ဒီဇင်ဘာလကစပြီး ကျနော်တို့ရဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာပြည်ဒေသတချို့၊ ပြည်နယ်တချို့ကို သွားရောက်နိုင်ခဲ့ပါတယ်။ အခုအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ရဖို့အတွက် ဖိတ်ကြားခံခဲ့ရတာကို အထူးဝမ်းသာနေပါတယ်။

ဦးကျော်ဇံသာ ။ ။ Carter Center ကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့အဖြစ်နဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ဖိတ်လိုက်တဲ့အတွက် ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အခိုင်အမာ ပြောနိုင်မယ် ထင်ပါလား။

Jonathan Stonestreet ။ ။ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲရဲ့ အရည်အသွေးကို အာမမခံနိုင်ပါဘူး။ ဒီကိစ္စဟာ နိုင်ငံအာဏာပိုင်တွေ၊ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်တွေအပေါ်မှာသာ မူတည်ပါတယ်။ စောင့်ကြည့်မှုအဖွဲ့တွေ အနေနဲ့တော့ အစီရင်ခံစာတွေကိုကြည့်မယ်။ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာ စံချိန်စံနှုန်းတွေကို ကြည့်မယ်။ ဖြစ်နေတာတွေကို ထုတ်ပြန်မယ်။ တိုးတက်ကောင်းမွန်ဖို့အတွက် ထောက်ခံတင်ပြသင့်တာကို တင်ပြမယ်။ Carter Center အနေနဲ့ မကြာခင်မှာပဲ အခုအချိန်အထိ လေ့လာတွေ့ရှိနေတာကို အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ Carter Center အပါအဝင် ဥရောပသမဂ္ဂတို့ အာဆီယံတို့ကို စောင့်ကြည့်လေ့လာဖို့ မြန်မာနိုင်ငံ အစိုးရက ဖိတ်ခေါ်တဲ့ကိစ္စကို မြန်မာအာဏာပိုင်တွေက နိုင်ငံတကာအလယ်မှာ မျက်နှာပန်းလှအောင် လုပ်မှာ သေချာပါတယ်။ ကျုပ်တို့က နိုင်ငံတကာရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဟော့ဒီမှာ လာကြည့်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဓိက ဒါကို သူတို့ ပြောမှာပဲ။ ဒါပေမဲ့ တကယ်တမ်း ပွင့်လင်းမြင်သာမှုရှိတယ်လို့ ခင်များတို့ အာမခံပြီး ပြောနိုင်မလား။ ဆိုလိုတဲ့သဘောက ဒီအစိုးရရဲ့ ရည်ရွယ်ချက်ကို ခင်များတို့က ပံ့ပိုးပေးရာ ရောက်နေမလား။ တကယ်တမ်း ပွင့်လင်းမြင်သာမှုရှိအောင် မလုပ်နိုင်ခဲ့ဘူးဆိုရင်။

Jonathan Stonestreet ။ ။ ဒါဟာ အပေါ်ယံ မျက်နှာပန်းလှရုံလောက် လုပ်တယ်လို့တော့ ကျနော် မထင်ပါဘူး။ နှစ်ပေါင်းများစွာကြာမှ ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို လေ့လာစောင့်ကြည့်ဖို့ ဖိတ်ကြားလာတယ်ဆိုတာ ခင်များတို့ သိတဲ့အတိုင်း Carter Center တို့၊ EU တို့မှာ ခိုင်မာတဲ့ နည်းစနစ်တွေ ရှိပါတယ်။ ရွေးကောက်ပွဲ နေ့လောက်သာမက ရွေးကောက်ပွဲ အကြိုကာလကစပြီး ရေရှည်စောင့်ကြည့် အကဲခတ်မှာ ဖြစ်ပါတယ်။ မြန်မာရွေးကောက်ပွဲ ကော်မရှင်ကလည်း ကျနော်တို့ကို စောင့်ကြည့်ရေးအဖွဲ့တွေ လိုက်နာရမယ့် ကျင့်ထုံးကျင့်ဝတ်တွေကို မကြာခင်က ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စအတွက် မြန်မာအရပ်သား အဖွဲ့အစည်းတွေကိုလည်း ဆွေးနွေးနေပါတယ်။ ဒါတွေအားလုံးဟာ အပြုသဘောဆောင်တဲ့ အချက်တွေပါ။ ဆိုတော့ အရည်အချင်းပြည့်ဝတဲ့ ရွေးကောက်ပွဲရယ်လို့ အပြည့်အဝ အာမမခံနိုင်ပေးမယ့် ကောင်းဖက်ကိုတော့ ပြနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲမှာ တခု ဘာပါလဲဆိုတော့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေဟာ Political Bias နိုင်ငံရေးအရ တဖက်ဖက်ကို တိမ်းညွှတ်မှု မရှိစေရဘူးလို့ ဆိုထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စစ်တပ်တပိုင်း ကြီးစိုးထားတဲ့ အာဏာရ အစိုးရနဲ့ လူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ နိုင်ငံရေးတိမ်းညွှတ် မရှိစေရဘူးဆိုတာကို ခင်များတို့ ဘယ်လို မြင်ပါလဲ။ ဒါဟာ ထိန်းချုပ်ကန့်သတ်ထားတဲ့ ကိစ္စတရပ် ဖြစ်မနေဘူးလား။

Jonathan Stonestreet ။ ။ ဒါကို ထိန်းချုပ်ကန့်သတ်မှုလို့ မထင်ပါဘူး။ ကျနော်တို့ Carter Center အနေနဲ့ ရွေးကောက်ပွဲတရပ်ကို စောင့်ကြည့်တဲ့နေရာမှာ ကျနော်တို့ဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ကြည့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ လုပ်ဆောင်ချက်တွေကို ဒီ စံတွေနဲ့ ကိုက်မကိုက် ကြည့်ပါတယ်။ ဘယ်ပါတီ အမတ်နေရာ အများစုရတယ်ဆိုတာ ကျနော်တို့အတွက် အရေးမကြီးပါဘူး။ အရည်အသွေးကို ကြည့်ပါတယ်။ ရွေးကောက်ပွဲ ဘယ်လောက် အရည်အသွေး ကောင်းသလဲဆိုတာကို ဖြစ်စဉ်နဲ့တကွ ကြည့်ပါတယ်။ ပြဿနာတွေ ရှိလာမယ်ဆိုတာကတော့ သေချာပါတယ်။ အရေးကြီးတာက အစိုးရက ဒီပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ဟာ ရှည်လျားတဲ့ဖြစ်စဉ်ပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာကလဲ ရှည်လျားတဲ့ ဖြစ်စဉ်ပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဒီဖြစ်စဉ်တွေ အောင်မြင်ရေးအတွက် အာဏာပိုင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ကူညီဖို့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခါ စောင့်ကြည့်လေ့လာမှု ပြုတဲ့လူတွေဟာ သူတို့ရဲ့ ထင်မြင်ချက်ကို မီဒီယာကို မပြောရဘူးလို့ ဆိုထားပါတယ်။

Jonathan Stonestreet ။ ။ ဒီမှာလဲ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေကို ပုဂ္ဂိုလ်ရေး ထင်မြင်ချက်တွေ တစုံတရာ မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။ Carter Center အနေနဲ့ ထုတ်ပြန်မှာပါ။ ခင်များပြောတဲ့ ကန့်သတ်ချက်တွေက အဖွဲ့ဝင် တဦးချင်းအမြင်ကို လူသိရှင်ကြား မပြောဖို့ တားမြစ်တာ ထင်ပါတယ်။ ကျနော်တို့ရဲ့ စည်းကမ်းတွေကလဲ ဒီအတိုင်းပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုရင် အခုမြန်မာနိုင်ငံ အစိုးရထုတ်ပြန်ထားတဲ့ Codes of Conduct လို့ခေါ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို Carter Center အနေနဲ့ ချွင်းချက်မရှိ ထောက်ခံတယ်ဆိုတဲ့ သဘောလား။ တကယ်လို့ ခင်များတို့ ပြောခွင့်ရမယ်ဆိုရင် ဒီကန့်သတ်ချက်ကိုတော့ ပြင်ပေးပါလို့ တောင်းဆိုချင်တာများ တစုံတရာ မရှိဘူးလားခင်များ။

Jonathan Stonestreet ။ ။ ဒီ Codes of Conduct တွေက အခုမှ ထွက်လာတာပါ။ ကျနော်တို့အနေနဲ့ ဒါတွေကို လေ့လာကြည့်ဖို့ လိုပါသေးတယ်။ ဒါပေမဲ့ Codes of Conduct ကို ပြည်တွင်းပြည်ပ အဖွဲ့တွေကို လေ့လာခိုင်းတယ်။ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကတည်းက အပြုသဘောဆောင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ ရွေးကောက်ပွဲကို တကယ့် လက်တွေ့သွားပြီး စောင့်ကြည့်လေ့လာရတဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားပါလဲ။ ခင်များ Carter Center ဟာ ကမ္ဘာပေါ်မှာ တခြားအခက်အခဲရှိတဲ့ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲကိုလည်း ကြီးကြပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Jonathan Stonestreet ။ ။ အဓိက စိန်ခေါ်မှုအနေနဲ့တော့ ကျနော်တို့ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး သွားရောက်လေ့လာမှာဆိုတော့ နိုင်ငံအခြေအနေကို သိကျွမ်းအောင် လုပ်ရတာ။ သွားရေးလာရေး အခက်အခဲတွေ။ ပြီးတော့ ကြီးမားပြီးတော့ မတူကွဲပြားတဲ့ အုပ်စုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ နိုင်ငံတခုလုံး လွှမ်းခြုံရှုမြင်ရမယ့် အခက်အခဲ။ ပဋိပက္ခတွေ ရှိနေတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေတွေကိုလဲ ပဋိပက္ခတွေက ရွေးကောက်ပွဲကို ဘယ်လောက် ထိခိုက်နိုင်မလဲဆိုတဲ့ စိုးရိမ်စရာတွေပါ။ ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့အတွက် အဖွဲ့တွေခွဲပြီး စေလွှတ်တဲ့အခါကြတော့ တကယ့်လက်တွေ့ စိန်ခေါ်မှုတွေလဲ တွေ့လာရအုံးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခင်များ ပြောတဲ့အတိုင်း တိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေ ရှိနေတယ်။ အလုပ်သမား၊ ကျောင်းသား ပြဿနာတွေ မပြေလည်တာတွေ တိုင်းပြည်အတွင်းမှာ ရှိနေတယ်။ သတင်းလွတ်လပ်ခွင့်ကလဲ ပိုပြီးတော့ ကျဉ်းကျုတ်လာတယ်၊ ကျဉ်းကျပ်လာတယ်။ ဆိုရင် ဒီလိုအခြေအနေအားလုံးဟာ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ ဖြစ်လာနိုင်မယ့် အခြေအနေကောင်းလို့ ဆိုနိုင်မလား။

Jonathan Stonestreet ။ ။ ဒီအခြေအနေတွေကို သုံးသပ်ပြောဆိုဖို့အတွက် ကျနော်တို့အတွက် အချိန်သိပ်စောနေပါသေးတယ်။ နောက်တပတ်လောက်ကြာမှာ ကျနော်တို့အဖွဲ့ ပထမလေ့လာချက် ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်က ရှည်လျားပါတယ်။ လောလောဆယ် ဒါကို သုံးသပ်ဖို့ သိပ်စောလွန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ David Steinberg ကတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ပြောဆိုတာကတော့။

David Steinberg ။ ။ သူတို့ကို လွတ်လပ်စွာ သွားလာခွင့် ပေးရပါမယ်။ သွားချင်တဲ့နေရာကို အထိန်းအချုပ် အကန့်အသတ်မရှိ သွားခွင့်ပြုဖို့ လိုပါတယ်။ အခုလို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်တာဟာ အပြုသဘောဆောင်ပါတယ်။ ဒီအတွက် ကျနော်တို့အားလုံး ဝမ်းမြောက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့ဝင်တွေအနေနဲ့ တိုင်းရင်းသားဘာသာစကားကို မပြောနဲ့ မြန်မာစကားကို ဘယ်နှစ်ယောက် နားလည်ကြသလဲဆိုတာက မေးစရာဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံ ဥပဒေကို မပြင်ဘဲနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲ။ ဒီရွေးကောက်ပွဲမှာ စစ်တပ်သြဇာလွှမ်းထားတဲ့၊ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ အာဏာလက်ရှိပါတီကတဘက်။ တခါ အာဏာမဲ့ ဒီမိုကရေစီ အင်အားစုတွေ ပြိုင်ရမယ်ဆိုတော့ ဒီယှဉ်ပြိုင်မှုက တန်တူရည်တူ ပြိုင်ရတာမျိုး မဟုတ်ဘဲနဲ့ အာဏာရအဖွဲ့က အသာစီးရပြီးပြိုင်နေတာ ဖြစ်မနေဘူးလား။ ဒီအချိန်မှာ နိုင်ငံရေးအရ Political Bias မဖြစ်ရဘူး။ နိုင်ငံရေးအရ တဖက်ဖက်ကို မတိမ်းညွှတ်ရဘူးဆိုပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘယ်လောက် မျှတတယ် ထင်ပါလဲ။

David Steinberg ။ ။ ဘယ်အာဏာရ အစိုးရမဆို အတိုက်အခံထက်ပိုပြီး အခွင့်သာတဲ့ အနေအထားမှာရှိနေတာ ဖြစ်ပါတယ်။ သူတို့ အရင်းအမြစ်အင်အား ပိုကောင်းတယ်။ မီဒီယာကို ပိုအသုံးချနိုင်တယ်။ အဖက်ဖက်မှာ သူတို့ ပိုလုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ဘယ်မှာမှ အခွင့်အရေးတန်တူ ယှဉ်ပြိုင်ရတာ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာလဲ အစိုးရက အပေါ်စီးက ပြိုင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မေလ ရွေးကောက်ပွဲတုန်းကလဲ ဒီလိုမမျှမတ အခြေအနေတွေမှာပဲ အတိုက်အခံဖက်က အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာပါ။ ဆိုတော့ အစိုးရဘက် ဘယ်လောက် အသာစီးယူထားယူထား၊ ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အရေးကြီးပါတယ်။ အခုလဲ ဒီလို ဖြစ်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု တိုင်းပြည်ထဲမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ အနံှအပြား ဖြစ်နေပါတယ်။ နိုင်ငံရေးအားဖြင့် မကျေနပ်မှုတွေ၊ ဆန္ဒပြဆူပူမှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေ၊ သတင်းလွတ်လပ်ခွင့် ထိန်းချုပ်မှုတွေ ရှိနေတယ်ဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ရွေးကောက်ပွဲ ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက် ရှိပါလဲ။ အဲဒီ အခြေအနေက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတနိုင်စေလိမ့်မယ်လို့ ထင်ပါသလား။

David Steinberg ။ ။ မှန်ပါတယ် တိုက်ပွဲဖြစ်တယ်ဆိုတာ ဘယ်လောက်အတိုင်းအတာနဲ့ပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မကောင်းပါဘူး။ တိုက်ပွဲတွေ ရပ်ဆိုင်းတာကို လူတိုင်း မြင်ကြချင်ပါတယ်။ တချိန်တည်းမှာ အခုတိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာ၊ ပါဝင်ပတ်သက်နေမှု ပမာဏဟာ တနိုင်ငံလုံးနဲ့စာရင် သိပ်မများလှပါဘူး။ ကျန်တဲ့နေရာတွေမှာ ကျင်းပလို့ ရပါတယ်။ တခါ ဒီပဋိပက္ခတွေကို အစိုးရက ဘယ်လို ကိုင်တွယ်သလဲဆိုတာလဲ မဲဆန္ဒရှင်တွေ သုံးသပ်ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုကတော့ ခပ်ကြောင်ကြောင် မေးခွန်းလို့ပဲ ပြောရမလား မသိဘူး။ အခု ရွေးကောက်ပွဲကို ဆရာကြီး ပညာရှင် သုံးသပ်သူတယောက်အနေနဲ့ လှမ်းကြည့်တော့ ဘယ်လို ရလဒ်မျိုး ထွက်လာနိုင်မယ် ထင်ပါလဲ။ ဘယ်ဖက်က အားသာနိုင်မယ်လို့ ဆရာကြီး ထင်ပါလဲ။

David Steinberg ။ ။ ရွေးကောက်ပွဲရလဒ်ကို လောင်းတယ်ဆိုတာ သိပ်ခက်ခဲပါတယ်။ ကျနော် ဘယ်တော့မှ ဒီလို မခန့်မှန်းပါဘူး။ တကယ်တမ်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲစစ်စစ် ဆိုရင်တော့ အတိုက်အခံက အားသာပါလိမ့်မယ်။ တချို့ အစိုးရက သာတဲ့နေရာတွေလည်း ရှိမှာပါ။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ နိုင်မှာပါ။ ဒါပေမဲ့ တကယ့်ရွေးကောက်ပွဲအချိန် ရောက်လာတဲ့အခါ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာတော့ မသိရသေးပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ စောင့်ကြည့်နေကြမှာပါ။

XS
SM
MD
LG