သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအလွန် အခက်အခဲ ပြဿနာများ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲလွန်ကာလမှာ အခက်အခဲ ပြသနာတွေ ရှိနေအုံးမှာဖြစ်ပေမယ့် NLD ခေါင်းဆောင်ပိုင်းဟာ လက်ရှိအာဏာလက်ရှိတွေနဲ့ ညှိနှိုင်းဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီးတန်းသံတမန်ဟောင်း Priscilla Clapp က ပြောဆိုလိုက်ပါတယ်။ Priscilla Clapp နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Priscilla မြန်မာနိုင်ငံမှာ သံတမန်အဖြစ် တာဝန်ကျနေတုန်းက အိပ်မက်တောင် မမက်နိုင်တဲ့ ဖြစ်ရပ်တွေ အခုဖြစ်လာခဲ့ပြီပေါ့။

Priscilla ။ ။ ဟုတ်ကဲ့ အံ့မခန်းလိလိပါပဲ။ ဒီအခြေအနေမျိုး ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ (၅) နှစ်ကတောင်မှ ၂၀၁၀ ရွေးကောက်ပွဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်နဲ့ ရှိနေခဲ့သေးတာပါ။ NLD လည်း ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ပါဘူး။ အခု (၅) နှစ်အကြာမှာ NLD ဟာ အံ့မခန်းကို အောင်ပွဲရနေပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ဗိုလ်ချုပ်တွေ ဒီလိုလုပ်လာစေတာ၊ ပြောင်းလဲလာစေတာ ဘာကြောင့်လို့ ထင်ပါလဲ။

Priscilla ။ ။ သူတို့ အထူးသဖြင့်ပေါ့လေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီးတော့ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမယ်လို့ လူသိရှင်ကြား ကတိပေးလာခဲ့ပါတယ်။ တကယ်လဲ လိုက်နာပါလိမ့်မယ်။ ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ သူတို့ စိတ်တိုင်းကျ လုပ်ထားတဲ့ ဥပဒေပါ။ ဒီလိုမျိုး NLD ဘက်၊ အတိုက်အခံဘက်က နိုင်လာခဲ့ရင် စစ်တပ်ဟာ အစိုးရရဲ့ အဆုံးအဖြတ် ချမှတ်ရမှာ ပါဝင်နိုင်အောင် စီစဉ်ထားတာပါ။ ဆိုတော့ အခုအခါ စစ်တပ်အနေနဲ့ အုပ်ချုပ်ရေးမှာ အရေးပါဆဲဆိုတာ စိတ်ချလက်ချ ဖြစ်နေပါတယ်။ အခုဖြစ်သွားတာဟာ NLD ဟာ တိုင်းပြည်အနာဂတ်အတွက် စစ်တပ်နဲ့ အကျေအလည် ဆွေးနွေးညှိနှိုင်းရမယ့် အခြေအနေပါ။ ဒါဟာ သိပ်ကောင်းတဲ့ရလဒ်ပါ။ ဒီမိုကရေစီအတွက် အလားအလာကောင်းတရပ်ပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီအခြေအနေတွေကို မရောက်ခင်မှာ စဉ်းစားစရာတွေက အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဥပမာ တရားဝင်ရလဒ် အခုထိ ထွက်မလာသေးဘူး။ တခါ အဲဒီရလဒ် ပေါ်ထွက်လာရင်ကော အတိအကျ လေးစားလိုက်နာလေမလားဆိုတာတွေလဲ စိုးရိမ်စရာ ရှိနေပါသေးတယ်လို့ ထင်ပါတယ်။

Priscilla ။ ။ ဟုတ်ပါတယ်။ အဲဒီအဆင့် မရောက်ခင် မေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ စောင့်ကြည့်ရအုံးမယ်ဆိုတာကို ကျမ သဘောတူပါတယ်။ နောက်ဆုံးရလဒ် မထွက်သေးပါဘူး။ ကျမတို့က အစောပိုင်းရလဒ်တွေကို အခြေခံပြီးတော့ ပြောနေကြတာပါ။ NLD အားကောင်းတဲ့ မြို့ပေါ်ကရလဒ်တွေပါ။ ကျေးလက်တွေ၊ အဝေးဒေသက ရလဒ်တွေကိုလည်း စောင့်ကြည့်ရအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်း လျော့ကျသွားရမယ်ဆိုတာ NLD ကော၊ ပြည်သူတရပ်လုံးက မျှော်မှန်းထားတဲ့ ကိစ္စပါ။ ဆိုရင် ဒီကိစ္စကို NLD အနေနဲ့ တချိန်ချိန်မှာ ကိုင်တွယ်နိုင်ပါ့မလား။

Priscilla ။ ။ ဒါဟာ ညှိနှိုင်းယူရမယ့် ကိစ္စပါ။ စစ်တပ်ရဲ့ အဓိက စိုးရိမ်ချက်က တည်ငြိမ်ရေးနဲ့ တိုင်းပြည်မပြိုကွဲရေးပါ။ နှစ်ပေါင်း (၅၀) ဒါကို အဓိက ထားလာခဲ့တာပါ။ ဒါကို ကျမ လက်ခံပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောထားပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အဓိကကျတယ်လို့။ နောက် (၅) နှစ် (၁၀) နှစ်မှာ ငြိမ်းချမ်းရေး ရပြီးတော့ Institution တွေ ခိုင်မာလာမယ်လို့ ယူဆရပါတယ်။ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်အောင်လုပ်ရမှာတော့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုကတော့ လူတချို့က စိုးရိမ်ကြတယ်။ အခုလောလောဆယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူဟာ သမ္မတအထက်မှာနေမယ်။ သမ္မတဟာ သူတို့ ဆုံးဖြတ်ချက်အတိုင်းသာ လုပ်သွားရမယ် ဖြစ်တယ်လို့ ပြောနေတဲ့ကိစ္စပါ။ ဒီကိစ္စဟာ ဘယ်လောက်အထိ ဂယက်ရိုက်နိုင်သလဲ။ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတဲ့အချက်လို့ ထင်ပါလဲ။

Priscilla ။ ။ ဒါကတော့ ကျမနဲ့ မဆိုင်ပါဘူး။ ဘာတွေကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာ ခေါင်းဆောင်ပိုင်းက လုပ်ကြမှာပါ။ ဒီမိုကရေစီနိုင်ငံ တော်တော်များများမှာတော့ အနိုင်ရတဲ့ပါတီရဲ့ ခေါင်းဆောင်ဟာ သိပ်အင်အားကောင်းတဲ့ အနေအထားမှာ ရှိကြပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ အပြီးသတ်ပြီးတဲ့နောက်၊ လာမယ့်အစိုးရ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေ အကြာကြီး လုပ်ကြရအုံးမှာပါ။ စောင့်ကြည့်ရမှာပါ။ ကျမ ဒါကို ကြိုပြီးတော့ အဆုံးအဖြတ် မပေးချင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ ရှေ့ကိုလှမ်းပြီးတော့ ကြည့်ကြရအောင်ပါ။ တချို့က NLD ကို ဝေဖန်ကြတယ်။ NLD အစိုးရ တက်လာရင် သူတို့က စီမံခန့်ခွဲအုပ်ချုပ်တဲ့ အတွေ့အကြုံ မရှိခဲ့ဘူး။ အဲဒီအတွက် အခက်အခဲတွေ အများကြီး ကြုံလာနိုင်တယ်။ အဲဒီလိုလဲ စိုးရိမ်နေကြသူတွေ ရှိကြပါတယ်။

Priscilla ။ ။ NLD အနေနဲ့ ဘာမှတောင် မလုပ်ရသေးဘဲ၊ သူတို့ရဲ့ အရည်အချင်းတွေကို ဘယ်သူက သိနိုင်မှာလဲ။ သူတို့ကို လုပ်ခွင့်ပေးလိုက်ပါအုံး။ စစ်တပ်အနေနဲ့လဲ စစ်တပ်ယန္တရားကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျမ မထင်ခဲ့ပါဘူး။ လူထုက စစ်အစိုးရကို ကောင်းတယ်လို့ ထင်ခဲ့လို့လား။ မထင်ပါဘူး။ လူထုက စစ်တပ်အုပ်ချုပ်တာ ကောင်းတယ်လို့ ထင်ကြရင် ဘယ်ဖြုတ်ချပါ့မလဲ။ ဆိုတော့ မဖြစ်သေးတဲ့ ကိစ္စတခုကို ကျမ အငြင်းမပွားလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ အမှားအယွင်းတွေ ရှိလာရင်လဲ အခြေအနေက ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်မလာဆိုတာကို လူတွေက စိုးရိမ်ကြဟန် တူပါတယ်။

Priscilla ။ ။ NLD ခေါင်းဆောင်ပိုင်းအနေနဲ့ အစိုးရရာထူးတာဝန်တွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေအဖြစ် အရည်အချင်း ပြည့်ဝတဲ့သူတွေကို ရနိုင်သမျှ ရှာဖွေ့လိမ့်မယ်လို့ ကျမကတော့ ယုံကြည်မှု ရှိပါတယ်။ ဒီလိုနဲ့ လမ်းကြောင်းသစ်ကို ထွင်သွားနိုင်မှာပါ။ ပြီးခဲ့တဲ့ (၅) နှစ်က ရှိခဲ့တဲ့ ပြဿနာတရပ်က ဘာလဲဆိုရင် သမ္မတဦးသိန်းစိန်အနေနဲ့ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ချမှတ်ဆောင်ရွက်ချင်ပေမယ့် အထူးသဖြင့် စီးပွားရေးမှာ အုပ်ချုပ်ရေးယန္တရားက လိုက်ပါမလာခဲ့ဘူး။ အစိုးရက လိုက်ပါမလာခဲ့ဘူး။ မရွေ့လိုကြပါဘူး။ အထူးသဖြင့် ခရိုနီတွေက စီးပွုားရေးအကျိုးစီးပွားကို မစွန့်လိုကြပါဘူး။ ခရိုနီ လက်တဆုပ်စာကပဲ တိုင်းပြည်ကို ချုပ်ကိုင်ခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ လိုက်ပါမလာတဲ့အပြင် အဖျက်အမှောင့်တောင် လုပ်ခဲ့ကြပါသေးတယ်။ ဒီ ခရိုနီ အကျိုးစီးပွား ပြဿနာဟာ ရင်ဆိုင်ရမယ့် စိန်ခေါ်ရမယ့် ပြဿနာတရပ်လည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် လူတွေ ဝေဖန်ကြတဲ့ ပြဿနာတရပ်လဲ ရှိပါသေးတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုပုံစံ Style of Leadership သူဟာ သူတယောက်တည်း သဘောနဲ့ လုပ်တတ်တယ်။ အများနဲ့ ညှိနှိုင်းခြင်း မရှိဘူး။ အကြံပေးတာကို လက်မခံဘူး ဆိုတာမျိုးတွေ ပြောဆိုနေကြတာလဲ ရှိပါတယ်။

Priscilla ။ ။ ဒါဟာ ရှင့်ရဲ့ ယူဆချက်ပါ။ ကျမရဲ့ ယူဆချက် မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျမ ထင်ကြေးမပေးလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ တယောက်တည်း အကျယ်ချုပ်နဲ့ အချိန်အကြာကြီး နေခဲ့ရတယ်။ စိတ်ဓါတ်တင်းကြပ်မှုတွေ အဆမတန် ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ လူတိုင်းဟာ ဒီလိုအခြေအနေကို ဖြတ်သန်းခဲ့ရပြီး ပုံမှန် ဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူဟာ အင်မတန် ပြောင်မြောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစုကို ကြီးမားတဲ့ အောင်မြင်မှုရအောင် ဦးစီးနိုင်ခဲ့တယ်။ ဒါကိုပဲ ကျမတို့က ဂုဏ်ယူပြီး ပြောကြာားခဲ့ရမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ အပြစ်ရှာမနေသင့်ပါဘူး။

ဦးကျော်ဇံသာ ။ ။ Priscilla ကို ကျနော် မေးချင်တဲ့ မေးခွန်း (၂) ခု ကျန်ပါသေးတယ်။ တခုက မြန်မာနိုင်ငံမှာ ဘာသာရေး ကွဲလွဲတဲ့ လူအုပ်စုချင်း သဟဇာတ မဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေတောင် ဖြစ်ခဲ့ရတယ်။ ဒီ ပြဿနာကို လူတစုကို ဆက်လက်ပြီးတော့ ကိုင်စွဲပြီးတော့ ပြဿနာ ဖန်တီးချင်သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီကိစ္စမှာ နိုင်ငံတကာက ပေးတဲ့ဖိအား။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ဖိအားနဲ့ ပြည်သူလူထုအများစုရဲ့ ဆန္ဒ နှစ်ခုကြားမှာ ဒေါ်အောင်ဆန်းစုကြည်က အတော်လေး လုပ်ရကိုင်ရခက်မယ့် အနေအထား ရှိနိုင်တယ်လို့ ထင်ပါတယ်။

Priscilla ။ ။ ဒါဟာ အင်မတန် ခက်ခဲတဲ့ ပြဿနာပါ။ တိုင်းပြည်ရဲ့ နက်ရှိုင်းတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း တနည်းအားဖြင့် လူထုကို လွယ်လွယ်ကူကူ ပြောင်းလွှဲလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ စိတ်ဓါတ်ကို ပြောင်းရမယ်။ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းအောင် လုပ်ရမယ်။ ဒါဟာ အချိန်အကြာကြီး ယူရပါမယ်။ အခု သူ့ရဲ့ တရားဥပဒေ စိုးမိုးရေးအပေါ် အလေးထားမှုက ကောင်းမွန်တဲ့ ပထမခြေလှမ်းလို့ ကျမ ထင်ပါတယ်။ ဒီပြဿနာကို စတင်စေခဲ့တာဟာ တရားဥပဒေစနစ် ဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ နဲ့ မူစလင်ကိစ္စတွေ ဒါကြောင့် ဖြစ်ခဲ့ရတာပါ။ ရှင်းလင်းပြတ်သားတဲ့ ဥပဒေနဲ့ တရားဥပဒေ စိုးမိုးမှု တကယ်ရှိလာရင် ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တဲ့ကိစ္စကတော့ နိုင်ငံခြားဆက်ဆံရေးကိစ္စ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ NLD အောင်ပွဲရတော့ အရှေ့ဘက်ကရော၊ အနောက်ဘက်ကရော ချီးကျူးဂုဏ်ပြုနေကြပါတယ်။ အမေရိကန်ဟာ NLD အစိုးရတက်လာရင် Sanctions တွေ တားဆီးအရေးယူမှုတွေကို ရုတ်သိမ်းမယ်။ အထူးသဖြင့် စစ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုပြီးတော့ တွက်စရာရှိပါတယ်။ တကယ်လို့ အဲဒီလို ဖြစ်လာရင် အမေရိကန်ဟာ မြန်မာအစိုးရနဲ့ ပိုမိုပြီးတော့ အရှိန်မြှင့် ဆောင်ရွက်လာရင် ဒါကို တရုတ် ကြိုက်ပါ့မလား။

Priscilla ။ ။ ရှင်ဟာ သိပ်ကိုရှေ့ကို ရောက်နေတယ်လို့ ထင်တယ်။ အမေရိကန်အစိုးရအနေနဲ့ sanctions တွေကို ပြန်ရုတ်သိမ်းဖို့ အဝေးကြီး လိုပါသေးတယ်။ အရေးကြီးဆုံး sanction က SDL စာရင်းလို့ခေါ်တဲ့ ပစ်မှတ်ထား အရေးယူတဲ့လူတွေအပေါ် ထားရှိတဲ့ကိစ္စပါ။ ဒါဟာ ခရိုနီလူတန်းစားကို ပစ်မှတ်ထားတာပါ။ ခရိုနီတွေ ကြီးစိုးမှုဟာလဲ ချက်ချင်းပပျောက်သွားလိမ့်မယ်လို့တော့ မယူဆပါဘူး။ ဒါကြောင့် ဒီ sanction ကိုလဲ လွယ်လင့်တကူ ရုတ်သိမ်းအုံးမယ် မဟုတ်ပါဘူး။ သူတို့ဘက်က ပြုပြင်မှု၊ ကြိုးပမ်းမှုတချို့ ရှိပေမယ့် ပြဿနာတွေ အများကြီး ရှိနေပါသေးတယ်။ ချက်ချင်းမဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တဘက်မှာ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်တပ်အဆင့်အတန်းကို သိပ်မြှင့်နေချင်ကြတာပါ။ သူတို့ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လာခြင်းအားဖြင့် အမေရိကန်က စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လာမှုတွေ ပိုလုပ်လာမယ်။ အကူအညီတွေပေးလာမယ်။ စစ်တပ်အဆင့်အတန်း မြှင့်မားလာမယ်။ ဒီလို မျှော်လင့်ချက်မျိုးဟာလဲ စစ်တပ်ထဲမှာ ရှိနေမယ်လို့ ယူဆပါလား။

Priscilla ။ ။ စစ်တပ်က NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တိုင်းပြည်ဒီမိုကရေစီ ပိုမိုထွန်းကားအောင် ဆောင်ရွက်မယ်ဆိုရင်တော့ ဒါဟာ ဖြစ်နိုင်တဲ့ အလားအလာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအဖို့ သူတို့နဲ့ လက်မတွဲနိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရကိုယ်တိုင်က ဒီအတွက် စိတ်အေးလက်အေးရှိမှသာ ဖြစ်နိုင်မှာပါ။ အစိုးရမကြိုက်ရင်တော့ ကျမတို့ ဘာမှလုပ်မှာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီလို မြန်မာအစိုးရလည်းကြိုက်လို့ မြန်မာစစ်တပ်ကို ပံ့ပိုးပေးလာတာ၊ လေ့ကျင့်ပေးလာတာ၊ အရည်အချင်း တိုးမြှင့်လာအောင် အကူအညီပေးလာတာတွေ လုပ်လာခဲ့ရင် အဲဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် မထိခိုက်နိုင်ဘူးလား။

Priscilla ။ ။ ဒါက ကျမတို့အတွက် အဓိကအရေး မဟုတ်ပါဘူး။ မြန်မာအစိုးရရဲ့ အရေးပါပဲ။ တရုတ်နဲ့ ဆက်ဆံရေးကို ဆုံးဖြတ်ရမှာက သူတို့ပဲ ဆုံးဖြတ်ရမှာပါ။ ကျမတို့အနေနဲ့က မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကို တရုတ်အပေါ် အခြေခံပြီးတော့ မစဉ်းစားထားပါဘူး။

XS
SM
MD
LG