သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံကိစ္စ တရုတ်အမြင်


 Yun Sun: Fellow, Stimson Center (Source: VOA)
Yun Sun: Fellow, Stimson Center (Source: VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ် နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပေမယ့် မြန်မာနိုင်ငံရဲ့မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကြေင့် နယ်စပ်အင်အားစုတချို့ကို ကြိုးကိုင်ကစားဖို့ လိုအပ်တယ်လို့ ယူဆချက်တချို့တရုတ်ဘက်မှာ ရှိနေပါတယ်။ အခက်ကြုံနေရချိန်မှာ အကူအညီပေးတာကို မထောက်ထားတဲ့အပြင် မြန်မာတို့ဘက်က တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပြီး အနောက်နိုင်ငံတွေဆီ မျက်နှာမူသွားခဲ့တယ်ဆိုပြီး ပြောဆိုသူတချို့ ရှိတယ်လို့ တရုတ်ရေးရာ ကျွမ်းကျင်သူတဦးက ဆိုပါတယ်။ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်နိုင်ငံခြားရေးရာ ဆက်ဆံရေးသုတေသီ Yun Sun နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာပြည်မှာ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံတာတမံ စီမံကိန်းကို တရုတ်ဘက်က ပြန်ပြီးစတင်ချင်တဲ့ လေသံပြစ်နေတာ တွေ့ရပါတယ်။ ဘယ်လောက် ဖြစ်နိုင်မယ် ထင်ပါသလဲ … ဒီ စီမံကိန်း ပြန်စဖို့အတွက်။

Ms. Yun Sun ။ ။ တရုတ်ဟာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ စိတ်ဝင်စားတာ သေချာပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတော်ကြာအတွင်းက တရုတ်သံအမတ်ကြီး ပြောတာကိုကြည့်မယ်ဆိုရင် သတိထားပြီး သုံးနှုန်းသွားတာကို တွေ့ရပါတယ်။ Proper resolution ကောင်းမွန်တဲ့ ပြေလည်မှု လိုချင်တယ်လို့ ဆိုပါတယ်။ ဒီ စီမံကိန်းကို ပြန်စမယ်။ NLD အစိုးရက ပူးပေါင်းဆောင်ရွက်မယ်လို့တော့ မဆိုလိုပါဘူး။ မြန်မာအကြောင်း နုားလည်တဲ့ တရုတ်မူဝါဒ ချမှတ်သူတွေကတော့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ သိပ်မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ဆိုတော့ မြန်မာတွေ ဒီလောက် ခါးသီးနေတာကို တရုတ်က ဘာကြောင့်တွန်းနေရသလဲလို့ မေးစရာရှိပါတယ်။ NLD အစိုးရသစ် တက်လာလို့ ဒါကို စူးစမ်းတဲ့သဘော ဖြစ်ပါလိမ့်မယ်။ မဖြစ်နိုင်ဘူးဆိုရင်လဲ တရုတ်တို့ဘက်က လက်ခံဖို့ အဆင်သင့်ပဲလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ စီမံကိန်း ပြန်စဖို့ မဖြစ်နိုင်ဘူး။ ဒီ စီမံကိန်းကို ရပ်ဆိုင်းလိုက်တော့မယ်လို့ဆိုရင် မြန်မာဘက်က တရုတ်ကို လျော်ကြေး ပေးရမလား။ အဲဒီတော့ လျော်ကြေးက ဘယ်လောက်ပေးရမလဲ။ ဘယ်လို ပေးရမလဲ။ ငွေကြေးနဲ့ ပေးရမလား။ ဒါမှမဟုတ် အစားထိုး စီမံကိန်းတခုခု လုပ်ခွင့်ပေးရမလား။ ဘယ်လို ပုံစံမျိုးနဲ့ ဖြေရှင်းမလဲ။

Ms. Yun Sun ။ ။ ကျမကတော့ ပေးရမယ်လို့ ထင်ပါတယ်။ ၂၀၁၅ မှာ တရုတ် ရင်းနှီးမြှုပ်နံှသူတွေနဲ့ ဦးသိန်းစိန်အစိုးရတို့ သဘောတူညီခဲ့တာ ရှိပါတယ်။ စီမံကိန်းကို ဖျက်သိမ်းမယ်ဆိုရင် အနည်းဆုံး သုံးပြီးသားကုန်ကျစရိတ်တွေကို ပြန်လျော်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတော့ တရုတ်ဘက်က ကုန်ကျသမျှ ပြန်ရမယ်ဆိုတာ စိတ်ချပြီးသာပါ။ ဘယ်လောက် သုံးထားပြီလဲဆိုတာတော့ အတိအကျ မသိပါဘူး။ တော်တော်တော့များပါတယ်။ ဒီအတွက် တရုတ် CPI ကုမ္ပဏီဟာ ဘဏ်တွေ တခြားအဖွဲ့အစည်းတွေဆီက ငွေသားနဲ့ယူတာ၊ စိတ်ယန္တရားတွေ ယူတာကိုတော့ ငွေသားနဲ့ အမေရိကန်ဒေါ်လာနဲ့ ပြန်ပေးရလိမ့်မယ်လို့ ထင်ပါတယ်။ မြစ်ဆုံတမံအတွက် သက်သက်ကုန်ကျတာကိုတော့ တခြားစီမံကိန်းတွေထဲ ပြောင်းထည့်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခြားစီမံကိန်းတွေဆိုလို့ ကျနော် မေးရအုံးမယ်။ အဲဒီ တခြားစီမံကိန်းတွေဖြစ်ကြတဲ့ လက်ပံတောင်းကြေးနီ စိမံကိန်း။ ရခိုင်ကျောက်ဖြူ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ။ ဒီ စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေက သိပ်ပြီးတော့ ကျေနပ်ကြတာ မဟုတ်ဘူး။ အကုန်လုံး ဒီကိစ္စတွေကလဲ မမျှတဘူးဆိုပြီး ညည်းညူနေကြတယ်လို့ ကြားရပါတယ်။

Ms. Yun Sun ။ ။ မြန်မာပြည်သူတွေလို့ ပြောလိုက်တာကတော့ သိပ်ပြီးတော့ ယေဘုယျဆန်လွန်တယ်လို့ ထင်ပါတယ်။ စစ်အစိုးရကို အားပေးလို့ တရုတ်ကို မြန်မာပြည်သူတွေ မကျေနပ်ကြဘူး။ ခံပြင်းကြတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဆက်ဆံရေးကနေ အကျိုးအမြတ် ရရှိနေသူတွေ၊ စီးပွားရေး၊ နိုင်ငံရေး၊ အထက်လွှာတွေလည်း ရှိပါတယ်။ ဆိုတော့ မြန်မာပြည်သူအားလုံး တရုတ်ကို ဆန့်ကျင်တယ်ဆိုတာတော့ ကျမ လက်မခံနိုင်ပါဘူး။ လက်ပံတောင်းကြေးနီစီမံကိန်းကို လူတွေ ကန့်ကွက်ကြတာ မှန်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စုံစမ်းပြီးတော့ ဆက်လုပ်ဖို့ တင်ပြထားပြီးပါပြီ။ တရုတ်ဘက်ကတော့ အခြေအနေကို သုံးသပ်ပြီး ဆက်လုပ်မယ်။ ပေးနိုင်တာလည်း အများကြီးပါ။ ဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်ကို လုံးဝဖယ်ထုတ်ပြစ်ချင်သလား။ ဒါမှမဟုတ် တရုတ်တို့လုပ်ရပ်ကို ထိန်းကွပ်ပြီးတော့ နှစ်ဘက်အကျိုးတူ ဆက်ပြီးတော့ လုပ်ကြမလားဆိုတာ မြန်မာလူထု ဖြေရမယ့် မေးခွန်းပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာတွေက တရုတ်ကို ဆန့်ကျင်တယ်။ မြန်မာတွေဟာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်နဲ့ ဒီ စီမံကိန်းတွေကို ကန့်ကွက်နေကြတယ်ဆိုတာလဲ မမှားပါဘူး။ ဒါပေမဲ့ ကျနော် ပြောချင်တာက တရုတ်တွေ လုပ်နေတဲ့ စီမံကိန်းတွေ ကိုယ်နှိုက်က သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်စေတာ၊ ဒေသခံတွေ ဘဝပျက်ရတာတွေ အများကြီး ရှိနေပါတယ်။ ဆိုတော့ ဒီပြဿနာတွေကို မြန်မာနိုင်ငံမှာ တက်လာမယ့် NLD အစိုးရသစ်နဲ့ တရုတ်တို့ ဘယ်လို ပူးပေါင်းပြီးတော့ ကိုင်တွယ်ကြမလဲ။ ညှိနှိုင်းကြမလဲဆိုတာကို သိချင်ပါတယ်။

Ms. Yun Sun ။ ။ တရုတ်မို့လို့ ဆန့်ကျင်တာတော့ မဟုတ်ပါဘူး။ တရုတ် ရင်းနှီးမြှုပ်နံှတာ လိုချင်တယ်။ ဒါပေမဲ့ စီမံကိန်းမကောင်းလို့ ဆန့်ကျင်တာဆိုရင်တော့ တရုတ်တို့နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ Sustainable ဖြစ်စေချင်တဲ့ သဘာဝပတ်ဝန်းကျင် မပျက်ပြုန်းစေချင်ဘူး။ ဒေသဖွံ့ဖြိုးစေချင်တယ်ဆိုတာတွေ ရအောင် တောင်းဆိုရမှာပါ။ ဒါပေမဲ့ စီမံကိန်းက ဘယ်လိုဖြစ်နေနေ၊ တရုတ်မို့လို့ မလိုချင်ဘူးဆိုရင် ညှိနှိုင်းစရာအကြောင်းကို မရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နံှမှုက မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးပါလဲ။ တရုတ်ကိုယ်တိုင်က မြန်မာကို မယုံကြည်တော့လို့။ မရင်းနှီး မမြှုပ်နံှတော့ဘူးဆိုရင် ကျန်ရင်းနှီးမြှုပ်နံှမယ်သူတွေအတွက် လက်တွန့်သွားစရာ ဖြစ်မယ်လို့ သုံးသပ်သူတွေ ရှိကြပါတယ်။

Ms. Yun Sun ။ ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ အားလုံးကို ခြုံပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုဟာ (၃၀) ရာခိုင်နှုန်းရှိပြီး၊ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ တနှစ်ချင်းကို ကြည့်မယ်ဆိုရင်တော့ တရုတ်ဟာ ယမန်နှစ်တုန်းက နံပတ် (၆) (၇) နေရာမှာပဲရှိမှာ ထင်ပါတယ်။ နောက်ရောက်နေပါတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားတာ၊ တခြား စီမံကိန်းတွေ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရလို့ ဖြစ်ပါတယ်။ တရုတ် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှရမှာ စိုးရိမ်နေကြပါတယ်။ သူတို့ကို မြန်မာဒေသခံတွေက မကြိုက်ဘူးဆိုတာ သိထားကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာထက် လာအိုနိုင်ငံမှာ လုပ်တာ ကောင်းမယ်လို့ စဉ်းစားကြမှာပါ။ တခြား အရှေ့တောင်အာရှနိုင်ငံတွေဆီကိုလည်း တရုတ် စီးပွားရေးတွေ သွားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်အနေနဲ့ စီးပွားရေး အကျိုးစီးပွားကို အဓိကထား မေးတယ်ဆိုပေမယ့် ဒီနေရာမှာ မဟာဗျူဟာကိစ္စကိုလည်း မေးပါရစေခင်များ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အနောက်ဘက်ကို ယိမ်းတယ်။ အခု မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေးစနစ်ဟာလဲ အနောက်တိုင်း ဒီမိုကရေစီပုံစံ ဖြစ်တယ်ဆိုပြီး လူတွေ ပြောကြပါတယ်။ မှန်လဲမှန်ပါတယ်။ ဆိုတော့ တရုတ်က ဒါကို လိုလားပါ့မလား။ တနည်းအားဖြင့် တရုတ်ရဲ့ မဟာဗျူဟာ၊ အကျိုးစီးပွားဟာ မြန်မာနိုင်ငံမှာ အနောက်တိုင်းပုံစံ ဒီမိုကရေစီအစိုးရတရပ် ထွန်းကားလာတဲ့အတွက် ထိခိုက်မသွားနိုင်ဘူးလား။

Ms. Yun Sun ။ ။ ဒီကိစ္စမှာ ပြဿနာ တော်တော်များများ အကြုံဝင်နေပါတယ်။ တရုတ်ဟာ NLD အစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့ သိပ်ကို လိုလားတယ်ဆိုတာ ဦးစွာ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သိပ်ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားပါတယ်။ ဒါဟာ အမေရိကန်နဲ့အပြိုင် မြန်မာနိုင်ငံအပေါ် သြဇာညောင်းချင်လို့ချည်း မဟုတ်ပါဘူး။ မဟာဗျူဟာအရ မြန်မာနိုင်ငံ ပါဝင်ပတ်သက်နေလို့လည်း ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ ထိုးဖောက်ရေးဗျူဟာမှာ တရုတ်အတွက် မြန်မာနဲ့ ပါကစ္စတန် နှစ်နိုင်ငံပဲ ရှိပါတယ်။ ပါကစ္စတန်ပြည်တွင်း၊ နိုင်ငံရေးက မတည်မငြိမ်ဘူး။ မြန်မာက ပိုပြီးအဆင်ပြေပါတယ်။ နောက် တရုတ်နိုင်ငံရဲ့ One Belt, One Road ခါးပတ်လမ်း စီမံကိန်းမှာလည်း မြန်မာက အရေးပါပါတယ်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မြန်မာဟာ အငြင်းပွားနိုင်ငံတော့ မဟုတ်ပါဘူး။ ဒီအပေါ် မြန်မာအစိုးရသစ်လက်ထက် ရပ်တည်မှု ပြောင်းလဲနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အိန္ဒိယဟာလဲ မြန်မာနိုင်ငံအပေါ်ကို မဟာဗျူဟာအရ စိတ်ဝင်စားမှု ရှိမယ်လို့ ထင်ပါတယ်။ ဆိုတော့ အင်အားကြီးတဲ့ အိန္ဒိယ နဲ့ တရုတ် နိုင်ငံအကြား မြန်မာနိုင်ငံအနေနဲ့ သတိထားလျှောက်လှမ်းရမယ့် အခြေအနေလဲ ဖြစ်နေရမယ်လို့ ဆိုရမှာပေါ့။

Ms. Yun Sun ။ ။ ဟုတ်ပါတယ် .. ဒီကိစ္စမှာတော့ တရုတ်ရှုထောင့် နဲ့ မြန်မာရှုထောင့် အများကြီး ကွာတယ်လို့တော့ ကျမ ထင်ပါတယ်။ မြန်မာဘက်က သူတို့ဟာ အင်အားကြီး နှစ်နိုင်ငံအကြား ညှပ်ပိနေတယ်လို့ မြင်ပါတယ်။ တရုတ်ဘက်ကကြတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အိန္ဒိယကို ပြိုင်ဘက်လို့ မမြင်ပါဘူး။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ရင်းနှီးမြှုပ်နံှမှု၊ တရုတ်ရဲ့ လွှမ်းမိုးမှုတွေနဲစာရင် အိန္ဒိယက ဘာမှမဆိုလောက်ပါဘူး။ တရုတ်က အဓိက ပြိုင်ဘက်လို့မြင်တာက အမေရိကန်ပဲ ဖြစ်ပါတယ်။ အိန္ဒိယက အခု အရှေ့မျှော်ဝါဒ (Look East) မဟုတ်ဘဲနဲ့ အရှေ့မှာ လှုပ်ရှားရေးဝါဒ (Act East) ဆိုပြီးတော့ ပိုမိုတက်ကြွတဲ့မူဝါဒ ချမှတ်လာပါတယ်။ ကျမတို့ စောင့်ကြည့်နေရအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တဲ့ အကြောင်းအရာတခုက တရုတ်က ဘာကြောင့် UWSA တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တို့ကို အားပေးအားမြှောက် လုပ်နေရသလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အဟန့်အတား လုပ်နေသလို ဖြစ်မနေဘူးလား။

Ms. Yun Sun ။ ။ သိပ်အရေးကြီးတဲ့ မေးခွန်းပါ။ ဒီသူပုန်တွေနဲ့ တရုတ် ဘာကြောင့် ဆက်ဆံနေလဲဆိုတော့ ဒီ ဆက်ဆံရေးတွေဟာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ပါပြီ။ ဒီသူပုန်တွေဟာ တရုတ်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ဆက်ဆံမှု၊ စီးပွားရေး ဆက်နွယ်မှု၊ နိုင်ငံရေးအရ ဆွေးနွေးဆက်ဆံမှုတွေ ရှိနေပါတယ်။ ဒါဟာ အဲဒီဒေသတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်လာခဲ့ပါပြီ။ ဒီအခြေအနေကို နောက်ပြန်လှည့်ဖို့ဆိုတာ အဲဒီဒေသအတွင်း အခြေအနေတွေ အပြောင်းအလဲတရပ်ရပ်။ ဒါမှမဟုတ် တရုတ်အကျိုးစီးပွား ဖြစ်ထွန်းနိုင်တဲ့အခြေအနေ၊ အပြောင်းအလဲတရပ်ရပ်၊ တကယ်ဖြစ်ပေါ်လာမှပဲ ပြန်လှည့်နိုင်မယ်လို့ ထင်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံဘက်မှာ အသံတချို့ ကြားနေရတယ်။ မြန်မာအစိုးရက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မလိုလားဘူးဆိုရင်တော့ ငါတို့အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေး အလျှော့အတင်း လုပ်နိုင်အောင်လို့ ဒီသူပုန်တွေကို ကိုင်ထားရမယ်ဆိုတဲ့ အသံတွေပါ။ မြန်မာကို ထိန်းကွပ်ရာမှာ ဒီအင်အားစုတွေဟာ တကယ်ထိရောက်တဲ့ ကရိယာတွေလို့ တရုတ်ဘက်က တချို့က ယုံကြည်ထားကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်ဟာ တချိန်က ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝရပ်ပစ်လိုက်တယ်။ အခုကော မြန်မာနိုင်ငံအပေါ်မှာ တကယ်တမ်း စေတနာရှိတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ဒီသူပုန်တွေကို ထောက်ပံ့အားပေးနေတာကို ဘာကြောင့် မရပ်တန့်နိုင်သလဲ။

Ms. Yun Sun ။ ။ ရှင် ပြောတာနဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က တုံ့ပြန်ချက်ကတော့ စစ်အစိုးရလက်ထက်တုန်းက ငါတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံခဲ့တာကို ရပ်ဆိုင်းပစ်လိုက်တယ်။ ဒါကြောင့် ဗကပ ပြိုကွဲကျဆုံးသွားခဲ့တယ်။ ပြီးတော့ မင်းတို့ကို ငါတို့ နှစ် (၂၀) ကျော် ကူညီထောက်ခံပေးခဲ့တယ်။ ကုလသမဂ္ဂရဲ့ အပြစ်ပေးဒဏ်ခတ်မယ့် ဆုံးဖြတ်ချက်ကိုတောင်မှ ငါတို့က ဗီတို သုံးပြီးတော့ ပယ်ချပေးခဲ့တယ်။ ဒါပေမဲ့ ငါတို့အတွက် ဘာအကျိုးရှိသလဲ။ ငါတို့ စီမံကိန်းတွေကိုတောင် မင်းတို့ ရပ်ဆိုင်းပြစ်ခဲ့တယ်။ မင်းတို့ အမေရိကန်ဘက်ကို မျက်နာလှည့်သွားတယ်။ ဆိုတော့ မြန်မာနိုင်ငံအတွက် ဒီထက်တော့ ငါတို့ ပိုမလုပ်ပေးနိုင်တော့ဘူးလို့ တရုတ်ဘက်က စောဒကတက်ကြမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် နယ်စပ်တိုင်းရင်းသားတချို့ကို အသုံးချပြီးတော့ မြန်မာနိုင်ငံအပေါ် ထိန်းညှိသင့်တယ်လို့ တရုတ်တချို့ရဲ့ အယူအဆအချက်ကိုလည်း နားလည်နိုင်မယ်လို့ ကျမ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာတွေကတော့ တရုတ်တွေကြောင့် သူတို့နိုင်ငံမှာ ဘာမှမကျန်တော့ဘူး။ သယံဇာတတွေ ကုန်ပြီ၊ ကျောက်စိမ်း၊ ရေနံ၊ ကျွန်းသစ် အကုန်လုံး ပြောင်တလင်းခါပြီဆိုပြီး ညည်းညူကြပါတယ်။ ဒါကို မမျှတဘူး။ တရုတ်က တဘက်သတ် အမြတ်ထုတ်သွားကြတယ်လို့ သတ်မှတ်နေကြတာပါ။ ဒီကိစ္စကို တရုတ်က ဘာပြန်ပြောမလဲ။

Ms. Yun Sun ။ ။ တရုတ်တို့ဘက်က ပြန်ပြောမှာကတော့ စစ်အစိုးရလက်အောက်မှာတုန်းက မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုကို ခံနေရတာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ထောက်ခံမှုရဖို့ တခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိပါဘူး။ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရေးယူခံရမယ့်ကိစ္စကို တရုတ်ကသာ ဗီတိုသုံး ပယ်ချနိုင်ပါတယ်။ အိန္ဒိယ နဲ့ အာဆီယံတို့ မလုပ်နိုင်ပါဘူး။ ဆိုတော့ မြန်မာနိုင်ငံအဖို့ မိတ်ဆွေကင်းမဲ့နေတဲ့အချိန် ငါတို့ ကူညီခဲ့တယ်။ ငါတို့ စီးပွားရေး စီမံကိန်းတွေအတွက်လည်း မင်းတို့ လုပ်ကိုင်ခဲ့တယ်။ ဒါဟာ မျှတတယ်လို့ ပြောကြမှာပါ။ တကယ်ပဲ တရုတ်တွေက ကျမကို ပြောကြပါတယ် ငါတို့မှာ ရွေးစရာ အများကြီး။ မြန်မာမှာ ငါတို့မှတပါး ရွေးစရာ မရှိခဲ့ဘူးလို့ ကျမက တရုတ်နိုင်ငံ ကိုယ်စားပြုပြီးတော့ ပြောနေတာ မဟုတ်ပါဘူး။ သုတေသီတဦးသာ ဖြစ်ပါတယ်။

XS
SM
MD
LG