သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်-မြန်မာ ကုန်သွယ်ရေး အရှုပ်အထွေး


မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)
မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)

မြန်မာပြည်ကသစ်၊ ကျောက်စိမ်း၊ ရှားပါးတိရစ္ဆာန်၊ မူးယစ်ဆေး၊ စားသုံးကုန်၊ အမျိုးသမီး စတာတွေ ယူနန်ပြည်နယ်ကို မှောင်ခိုထုတ်ယူတဲ့သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ အခုတလော မကြာခဏ တွေ့နေရပါတယ်။ သစ်တင်ကား (၄၀၀) ကျော်နဲ့ တရုတ်နိုင်ငံသား တရာကျော်ကို အစိုးရတပ်က ဖမ်းဆီးတဲ့သတင်းကို လူသိများပါတယ်။ မြန်မာပြည်က ပစ္စည်းမျိုးစုံ ယူနန်ကို မှောင်ခိုတင်ပို့နေတာ ကြာလှပါပြီ။ အဖမ်းအဆီးလုပ်တော့မှ သတင်းဖြစ်သွားတာပါ။ ဒီလောက်များတဲ့ ထရပ်ကားနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်နေတာကိုကြည့်ရင် အတိအလင်းဥပဒေမဲ့လုပ်နေတာ ထင်ရှားပါတယ်။

တရုတ်သတင်းမီဒီယာနဲ့ အကဲခတ်တွေကတော့ အဖမ်းခံရတဲ့ တရုတ်တွေမှာ အပြစ်မရှိဘူးလို့ ယုံကြည်တယ်လို့ တရုတ်အမျိုးသမီးသုတေသီ ယွန့်စွန်က ဆိုပါတယ်။ တရုတ်သစ်ကုန်သည်တွေဟာ သက်ဆိုင်ရာဒေသ အာဏာပိုင်နဲ့ တိုင်းရင်းသားအုပ်စုရဲ့ ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။ ဒီလိုရဖို့အတွက် ငွေအမြောက်အမြားပေးပြီးပြီမို့ တရုတ်ဘက်က တာဝန်ကျေတယ်လို့ ယူဆပါတယ်။ ရတဲ့ငွေကို ဝေစုခွဲရာမှာ အစိုးရတပ်အချင်းချင်း မကျေမနပ်ဖြစ်လို့ ဖမ်းဆီးတာလို့ တရုတ်က မြင်ပါတယ်။ ၂၀၁၄ မှာ သစ်ထုတ်ခွင့်ပိတ်ထားပေမယ့် အာဏာပိုင်ကို ငွေပေးနိုင်ရင် တရားဝင်တယ်လို့ တရုတ်ဘက်က ယုံကြည်ပါတယ်။

၁၉၉၄ က ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲကတည်းက ယူနန်-မြန်မာ ကုန်သွယ်ရေး တိုးပွားလာပါတယ်။ နည်းမျိုးစုံနဲ့ ကုန်သွယ်ကြပါတယ်။ အစိုးရတပ်၊ ကချင်တပ်နဲ့ ယူနန်တရုတ် ရောထွေးယှက်တင်နေတဲ့ ကုန်သွယ်ရေးဖြစ်လို့ အပြန်အလှန် ကန့်သတ်တာလည်း ရှိပါတယ်။ ဥပမာ ဈေးကြီးတဲ့ ယူနန်ဆန်ကို ကာကွယ်ဖို့အတွက် မြန်မာဆန်ကို အရည်အသွေးအကြောင်းပြပြီး ယူနန်ဘက်က တင်သွင်းခွင့်ပိတ်ထားတာ ကြာပါပြီ။ ဒါပေမဲ့ နားလည်မှုနဲ့ တင်ပို့နေတာမို့ လွန်ခဲ့တဲ့နှစ်က မြန်မာ့ဆန်တန်ချိန် (၉) သိန်းကျော် တင်ပို့တဲ့အနက် ယူနန်ကို တင်ပို့တာ (၇) သိန်းကျော် ရှိပါတယ်။ ယူနန်အကောက်ခွန်ဌာနက အဖမ်းအဆီးလုပ်တဲ့ အချိန်မှာသာ မြန်မာ့ဆန်တင်ပို့မှု ကျဆင်းသွားပါတယ်။ အခုတော့ နှစ်ဘက်အာဏာပိုင် စေ့စပ်ညှိနှိုင်းတဲ့အတွက် မကြာမီ တရားဝင်တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နယ်စပ်ဒေသအခြေအနေလိုက်ပြီး ယူနန်-မြန်မာ ကုန်သွယ်ရေး အတက်အကျ ဖြစ်လေ့ရှိပါတယ်။ စစ်အစိုးရကို အနောက်တိုင်းက ဒဏ်ခတ်အရေးယူတဲ့အခါ ယူနန်နဲ့ အဆက်အသွယ် ပိုများလာပါတယ်။ ကျောက်ဖြူ၊ ကုမင် ရေနံဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်တဲ့အထိ ဖြစ်သွားပါတယ်။ မကြာမီကပဲ ယူနန်နဲ့ ရခိုင်ကမ်းရိုးတန်း ဆက်သွယ်တဲ့ မိုင်ကိုးရာကျော် Opitical Cable တယ်လီဖုန်းလိုင်း တည်ဆောက်ပြီးစီးပါတယ်။ လိုင်ဇာ၊ မူဆယ်၊ လွယ်ဂျေ၊ ချင်းရွှေဟော် နဲ့ ကန်ပိုက်တီဟာ အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်စခန်းတွေ ဖြစ်လာပါတယ်။ ယူနန်က မြန်မာကိုဝင်တဲ့ ကားလမ်း (၇) လမ်း ရှိပါတယ်။ ဝမ်တိန်အနီးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တည်ဆောက်ဖို့ စီစဉ်ကြောင်း သိရပါတယ်။ ကျောက်ဖြူ-ကုမင် မီးရထားလမ်းဖောက်မယ့် စီမံကိန်းကိုလည်း တရုတ်ဘက်က ရေးဆွဲထားပြီး ဖြစ်ပါတယ်။

KIA နဲ့ အစိုးရတပ် စစ်ပြန်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ကချင်ပြည်နယ်က သယံဇာတပစ္စည်းကို ချုပ်ကိုင်ချင်တာလည်း ပါဝင်ပါတယ်။ ကချင်ပြည်နယ်က စီမံကိန်းတွေမှာ ဗမာစစ်အစိုးရနဲ့ KIA လက်တွဲလုပ်တာမျိုး ရှိခဲ့ပါတယ်။ ကျောက်မျက်နဲ့ သစ် တရုတ်ကုမ္ပဏီတွေကို အများဆုံးသုံးပါတယ်။ ငွေအများဆုံး ပေးနိုင်သူကို ကန်ထရိုက်ချပေးတာမို့ တရုတ်နဲ့ မြန်မာလုပ်ငန်းရှင် အများအပြား ကချင်ဒေသကို ရောက်လာပါတယ်။ KIA ချုပ်ကိုင်တဲ့ဒေသမှာလည်း အာဏာရှိရင် စီးပွားရေး အခွင့်အလမ်းရတာမို့ အာဏာမရှိ ငွေမရှိတဲ့ ပြည်သူလူထုဟာ စားဝတ်နေရေး ပြေလည်ဖို့ ခက်ခဲပါတယ်။ KIA အုပ်ချုပ်ရေးမှာ ကျွမ်းကျင်မှုနဲ့ သိသာမြင်သာမှု မရှိဘူးလို့ ကချင်သုတေသီ လနောင်ရိုင်းအောင် က သုံးသပ်ပါတယ်။

ဗမာစစ်ဗိုလ်နဲ့ တရုတ်မှောင်ခို ရောထွေးယှက်တင်ဖြစ်နေတာ မဆလခေတ်ကတည်းကပါ။ ယူနန်ရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ (၈၀) ရာခိုင်နှုန်းဟာ မြန်မာနဲ့ ကုန်သွယ်တာဖြစ်ပြီး လာအို နဲ့ ဗိယက်နမ်က (၂၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ မူဆယ်မှာတင် ယူနန်-မြန်မာ ကုန်သွယ်မှုတန်းဖိုး ပမာဏဟာ (၂၀၁၃) မှာ ဒေါ်လာသန်း (၃၅၀၀) ရှိပြီး ချင်းရွှေဟော်မှာ သန်း (၂၅၀)၊ လွယ်ဂျေမှာ (၇၅) သန်းနဲ့ ကန်ပိုက်တီမှာ သန်း (၃၀) ရှိပါတယ်။ ဒါပေမဲ့ စာရင်းအင်းမရှိတဲ့ မှောင်ခိုကုန်သွယ်မှု ပမာဏဟာ ဒီထက်ပိုနိုင်ပါတယ်။

ဒေါ်လာငွေ အထုတ်အသွင်းကို တရုတ်အစိုးရ ကန့်သတ်ထားတာမို့ မှောင်ခိုလုပ်ငန်းဟာ မှောင်ခိုဘဏ်တွေကို အားကိုးနေရပါတယ်။ ဟောင်ကောင်၊ Macao နဲ့ မြန်မာပြည်အကြား ငွေလွှဲနိုင်အောင် တယ်လီဖုန်းဆက်ပြီး စီစဉ်ပေးတာကို မှောင်ခိုဘဏ်လုပ်ငန်းလို့ ခေါ်ပါတယ်။ မြန်မာပြည်မှာရော တရုတ်ပြည်မှာရော ငွေကြေးအများအပြားရှိတဲ့ သူဌေးက ကြားဝင်ပြီး ငွေချေပေးတဲ့နည်း ဖြစ်ပါတယ်။

နည်းမျိုးစုံနဲ့ ထုတ်ယူနေတဲ့ ပစ္စည်းတွေအတွက် တရုတ်ပြည်က မြန်မာပြည်ကို နှစ်စဉ်လွှဲပေးတဲ့ ဒေါ်လာငွေပမာဏဟာ ဒေါ်လာသန်း သုံးသောင်းကျော်တယ်လို့ တရုတ်စီးပွားရေးစာစောင်က ရေးထားကြောင်း လွန်ခဲ့တဲ့ စက်တင်ဘာ (၁၄) ရက်ထုတ် DVB အင်္ဂလိပ်သတင်းမှာ ဖော်ပြပါတယ်။ ဒါကြောင့် ယူနန်-မြန်မာ ကုန်သွယ်ရေး အရှုပ်အထွေးမှာ အဖမ်းအဆီး လုပ်တာအနည်းအကျဉ်းသာ ရှိပုံရပါတယ်။

XS
SM
MD
LG