သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေး ရေရှည်ကူညီဖို့ WFP စစ်တမ်းကောက်မည်


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)

မြန်မာ့ရေဘေးသင့်ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်အစီအစဉ်ချမှတ်နိုင်ဖို့ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်ကဦးဆောင်ပြီး စက်တင်ဘာလကစလို့ ကွင်းဆင်းလေ့လာဆန်းစစ်မှုတွေလုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ ရေဘေးသင့်ခဲ့ရတဲ့ပြည်နယ်နဲ့တိုင်းတွေမှာ WFP အနေနဲ့ စားနပ်ရိက္ခာအကူအညီတွေ ဘယ်လိုပေးနေသလဲဆိုတာနဲ့ ဒီလိုလုပ်ဖို့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ ဆိုတာကို နန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP ကရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေထောက်ပံ့ပေးနေရာမှာ မြေပြိုမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေအထိ ခြေလျှင်ခရီးနဲ့ အကူအညီပေးခဲ့တယ်လို့ဆိုပါတယ်။ WFP ရဲ့အကူအညီတွေကို ပြည်တွင်းလေကြောင်းလိုင်းတွေ၊ အစိုးရရဲ့ရဟတ်ယာဉ်တွေကကတဆင့် ရေဘေးသင့်ဒေသတွေကို ပို့ဆောင်ပေးနေခဲ့တာပါ။ သြဂုတ်လလယ်ကတည်းက မိုးသည်းထန်မှုကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာရေကြီးရေလျှံမှုတွေဖြစ်ပြီး မြန်မာပြည်သူ ၂ သန်းနီးပါး သဘာဝ ဘေးအန္တရယ်တွေခံစားခဲ့ရပါတယ်။ အခြေခံ အဆောက်အအုံတွေ၊ ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေအပြင် လမ်းတံတားတွေပါ ကျိုးပျက်ခဲ့တာကြောင့် အကူအညီပေးမယ့်သူတွေအတွက်လည်း အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။

WFP အနေနဲ့ကတော့ မြန်မာအစိုးရရဲ့အကူအညီတွေနဲ့ ရေဘေးဒဏ်ခံခဲ့ရတဲ့နေရာတွေကို အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာတွေကို အလျှင်အမြန် ပို့ပေးနိုင်ခဲ့တယ်လို့ WFP ဆိုပါတယ်။ ရေဘေးသင့်ပြည်သူတွေရဲ့ရေရှည် ပြန်လည်နာလန်ထူရေး ရေရှည်အစီအစဉ်အတွက် WFP အနေနဲ့ ဘာတွေ လုပ်ပေးနေသလဲဆိုတဲ့မေးမြန်းချက်ကိုတော့ WFP ဌာနေကိုယ်စားလှယ် Mr Dom Scalpelli က VOA ကိုခုလိုပြောပါတယ်။

“မြန်မာအစိုးရနဲ့ ဆွီဒင်စိုက်ပျိုးရေးအဖွဲ့အစည်း SAO တို့ ပူးပေါင်းပြီး စက်တင်ဘာလဆန်းပိုင်းမှာ အသေးစိတ်ကျတဲ့ကွင်းဆင်းစစ်ဆေးမှုတွေလုပ်သွားမှာပါ။ ရေဘေးဒဏ်ခံခဲ့ရသူတွေအတွက် WFP ကအကူအညီတွေကို ရေတိုပုံစံမျိုးနဲ့ပေးအပ်နေသလိုယာမြေတွေဆုံးရှုံးသွားတဲ့လူတေအတွက် ၂၀၁၆ အထိ အကူအညီတွေလိုနေတဲ့သူတွေလည်းရှိမှာပါ။ ဒီနေရာမှာ စားနပ်ရိက္ခာတွေကို အလကား ထုတ်ပေးနေတာမျိုးမဟုတ်တော့ဘဲ လမ်းတံတားတွေ၊ ရေကာတာတွေ၊ ငါးကန်တည်ဆောက်တာတွေအတွက် လုပ်အားခပေးခြင်းဖြင့်သူတို့တွေ ဝင်ငွေရှာနိုင်လာပြီးသူတို့ရဲ့ ဘဝ ပြန်လည်ရပ်တည်ဖို့ ကူညီသွားမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်နာလန်ထူရေးအစီအစဉ်ကို အစိုးရက စက်တင်ဘာမှာရေးဆွဲမယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရရဲ့အစီရင်ခံစာ အဆုံးသတ်နိုင်ရေးအတွက် WFP ကကူညီသွားမှာပါ။”

WFP ရဲ့စားနပ်ရိက္ခာအကူအညီထဲမှာ ဆန်၊ ပဲ၊ စားသုံးဆီနှဲ့ ဆားအပြင် လူအချို့အတွက် တပတ်စာ အာဟာရဘီစကစ်တွေကိုလည်း ထောက်ပံ့ ပေးနေတာပါ။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၀၁၆ ဂျူလိုင်လအထိ လုပ်ကိုင်သွားဖို့ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ မြန်မာ့ရေဘေး ဒုက္ခသည်တွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲလောက် အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက ရေဘေးသင့်ပြည်သူတွေထဲမှာ အကူအညီလုံးဝမရတဲ့သူတွေလည်းရှိနေဆဲပါ။ ဧရာဝတီတိုင်းအတွင်းမှာအစိုးရကရော ပုဂ္ဂလိကပိုင်းတွေပါ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို နိုင်ငံတကာနဲ့အရပ်ဘက် အဖွဲ့အစည်းတွေထံက အကူအညီတွေရရှိနေပေမယ့် လိုအပ်ချက်တွေကတော့ရှိနေဆဲ ဖြစ်ပါတယ်။

လူတွေလိုပဲ ရေဘေးသင့်လို့ အစာရေစာပြတ်လတ်နေတဲ့တိရိစ္ဆာန်တွေအတွက်ကိုတော့ WFP ရဲ့မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ဆွီဒင်စိုက်ပျိုးရေး အဖွဲ့အစည်း SAO က မြန်မာအစိုးစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ကျွဲ နွားနဲ့ ဆိတ်လို လယ်ယာသုံး တိရိစ္ဆာန်တွေအတွက် အစာတွေ ထောက်ပံ့ပေးနေတယ်လို့် မစ္စတာ Scalpelli က VOA ကိုပြောပါတယ်။ WFP အကူအညီတွေအတွက် အမေရိကန်နိုင်ငံက အဓိက အကူအညီပေးနေတဲ့ နိုင်ငံလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုက ရေဘေးသင့်ပြည်သူတွေအတွက် wfp ကို ထောက်ပံ့ ကူုညီပေးနေတဲ့ နံပါတ်တစ် အလှုရှင်ပါ။ရေဘေးကယ်ဆယ်ရေးအတွက် ဆိုပြီးနောက်ထပ် အမေရိကန်ဒေါ်လာ ၃ သန်း ရက်ရက်ရောရော ထည့်ဝင်ပါတယ်။ WFP ကိုပေးနေတဲ့အလှုရှင်နိုင်ငံတွေကတော့အများကြီးပါပဲ။”

AIDS ရောဂါရှင်တွေနဲ့ တီဘီလူနာတွေအတွက်ကိုလည်း ရိက္ခာထောက်ပံ့ပေးနေတဲ့ WFP ဟာ ရေဘေးသင့်ပြည်သူတွေကို ဦးစားပေး ကူညီနေရတာကြောင့် လူနာတွေကို ရိက္ခာထောက်ပံ့ပေးတဲ့အစီအစဉ်ကို ခဏရပ်နားထားမယ်လို့ဆိုပါတယ်။ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်ဘက်က နေရပ်စွန့်ခွါထွက်ပြေးနေသူတွေကို ပေးနေတဲ့စားနပ်ရိက္ခာထဲမှာ ဆန်ကလွဲရင်ကျန်တာတွေကိုလည်း ယာယီရပ်နားထားမယ်လို့ပြောပါတယ်။ ရေပြန်ကျလာတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုတို့မှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေပါြ့ပီ။ ဒါပေမယ့် ကျေးလက်ဒေသတွေက ရွှံ့ဖုံးသွားတဲ့ လယ်ယာမြေတွေနဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးကတော့ အခက်တွေ့နေဆဲ ဖြစ်ပါတယ်။ရေလွှမ်းသွားတဲ့ လယ်ယာတွေမှာ စပါးပြန်စိုက်ဖို့ နဲ့မျိုးစပါးတွေရဖို့ကလည်း အရေးတကြီးလိုအပ်နေတာပါ။

WFP အနေနဲ့ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကြီးဆုံးအေဂျင်စီဖြစ်ပြီး အရေးပေါ်ကာလမှာ စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ အာဟာရပြည့်ဝစေရန် ထောက်ပံ့ခြင်း၊ ဘေးအန္တရယ်ခံနိုင်မှုမြင့်တက်လာစေဖို့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်ဟာ နိုင်ငံပေါင်း (၇၅) နိုင်ငံမှာ လူဦးရေ သန်း(၈၀) နီးပါးကို နစ်စဉ် အကူအညီပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG