သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုကြောင့် မြန်မာ့ စာနပ်ရိက္ခာ ဖူလုံရေး ထိခိုက်


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လကဖြစ်တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ လယ်ယာအသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံမှုအပေါ်မှာ ပြင်းထန်တဲ့ရိုက်ခတ်မှု ဖြစ်ခဲ့ရတယ်လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အောက်တိုဘာလ ၂၀ ရက်နေ့က ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းမှာတိုက်ခတ်တဲ့ ကိုမန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လယ်မြေဧက ၁၂ သန်းကျော် ရေကြီးနစ်မြုပ် ပြီး ကြက်၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွားကောင်ရေ ၂ သိန်းခွဲလောက် သေဆုံးရတယ်လို့ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP တို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငါး၊ ပုဇွန်မွေးမြူရေးကန် ဧက ၇ သောင်းကျော် ပျက်စီးပြီး ငါးဖမ်းကိရိယာနဲ့လှေတွေ အများအပြား ဆုံးရှုံးတဲ့အတွက် ငါးလုပ်ငန်း ကဏ္ဍမှာလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်လို့ ပြောထားပါတယ်။ အခုထုတ်ပြန်တဲ့အစီရင်ခံစာဟာ WFP ၊ FAO နဲ့ မြန်မာ အစိုးရတို့ ပူးပေါင်းစုစည်းထားတဲ့ ဆန်းစစ်ချက်ဖြစ်ပါတယ်။

အခုဆန်းစစ်ချက်ကို ရေကြီးနစ်မြုပ်တာကြောင့် အဆိုးရွားဆုံး ထိခိုက်ရတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ လုပ်ခဲ့တာပါ။ အဲဒီဒေသကလူထုဟာ လယ်ယာလုပ်ငန်းနဲ့ အဓိက အသက် မွေးဝမ်းကျောင်းသူ အများစုဖြစ်ပါတယ်။

ဒီရေကြီးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေအတွက် တခြားသက်ရောက်မှုတွေလည်း ရှိနိုင်တယ်လို့ WFP နဲ့ FAO က သတိပေးထားပါတယ်။ ရာသီအလိုက် အလုပ်အကိုင်ရှားတာ၊ ကျေးလက် အလုပ်လက်မဲ့လူဦးရေ များလာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်တာကြောင့် အစားအစာဈေးနှုန်းတက်တာ၊ ငွေချေးပြီး၊ ပိုင်ဆိုင်ပစ္စည်းရောင်းချ ပြီး ရှင်သန်ရပ်တည်ရတဲ့လူဦးရေ တိုးလာတာတွေကို ကာလတိုအတွင်းမှာ ရင်ဆိုင်ရနိုင်တယ်လို့ WFP နဲ့ FAO က သတိပေးထား ပါတယ်။ ဒါ့အပြင် ထိခိုက်နစ်နာတဲ့ လယ်သမားတွေရဲ့ ဘဝရပ်တည်မှုနဲ့ အစားအစာထုတ်လုပ်ရေးကို အချိန်မီ ပြန်ပြီး မတည် ဆောက်နိုင်ဘူးဆိုရင် အဲဒီမိသားစုတွေဟာ ထောက်ပံ့မှုတွေကိုပဲ ပိုပြီး မှီခိုလာရလိမ့်မယ်လို့လည်း အစီရင်ခံစာမှာ သတိပေးထား ပါတယ်။ အစားအစာမလုံလောက်တာကြောင့် အာဟာရမပြည့်ဝတာမျိုးဖြစ်လာသလို လယ်သမားတွေအနေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှု တွေကို ရောင်းချသုံးစွဲရပြီး အကြွေးနွံထဲ ပိုပြီးနစ်သွားနိုင်တယ်လို့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ သတိပေးထားပါတယ်။

XS
SM
MD
LG