သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတသစ်ကို အမေရိကန် ဂုဏ်ပြုကြိုဆို


အမေရိကန်သမ္မတ အိမ်ဖြူတော်
အမေရိကန်သမ္မတ အိမ်ဖြူတော်

မြန်မာနိုင်ငံသမ္မတအဖြစ် ဒီကနေ့ ကတိသစ္စာပြုလိုက်ပြီဖြစ်တဲ့ ဦးထင်ကျော်ကို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ သမ္မတဦးထင်ကျော်၊ အစိုးရအဖွဲ့သစ်တို့နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေတဲ့အကြောင်းလည်း ဒီကနေ့ သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးထင်ကျော် သမ္မတအဖြစ် ကတိသစ္စာပြုလိုက်တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့၊ အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့တခုဆီ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ သမိုင်းမှတ်တိုင်တခုဖြစ်တယ်လို့လည်း မစ္စတာအိုဘားမားက ပြောပါ တယ်။ မြန်မာ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ အခု အချိန်ကာလဟာ လူထု၊ နိုင်ငံတွင်းအဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးဖြစ်ပေါ်စေဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ပြယုဂ်သက်သေဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက လုပ်ဆောင်လာတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါမှုကို ကိုယ်စားပြု တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တိုးတက် ဖော်ဆောင်မှု၊ လူထု အားလုံးအတွက် အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို အားပေးမြှင့်တင်မှုတွေအပါအဝင် ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဆောင် တဲ့နေရာမှာ အရေးပါတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံ အစိုးရသစ်နဲ့ လူထုအနေနဲ့ အားလုံး ပိုပြီးပါဝင်တဲ့၊ ငြိမ်းချမ်းတဲ့၊ ချမ်းသာကြွယ်ဝတဲ့ အနာဂတ်ကိုဦးတည်ပြီး တိုးတက် မှုရအောင် ကြိုးစား လုပ်ဆောင်ကြတာနဲ့အမျှ မိတ်ဆွေနိုင်ငံတခုအဖြစ်၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံတခုအဖြစ် လက်တွဲလုပ်ဆောင် သွားဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်နေပါတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG