သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ အဖွဲ့ကြီးနောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲ


မြန်မာနိုင်ငံမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ မဘသအဖွဲ့ကြီးရဲ့ အရှိန်အဝါ ကြီးမားလာမှု၊ သမ္မတဦးသိန်းစိန်အစိုးရနဲ့တကွ လက်ရှိ နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့တို့က ဒီ မဘသအဖွဲ့ကို တရားဝင်သဘောမျိုး အသိအမှတ်ပြုထားသလား၊ မဘသအဖွဲ့ကို နောက်ကွယ်က ဘယ်သူတွေ ထောက်ခံပံ့ပိုးပေးနေပုံရသလဲ ဆိုတဲ့အချက်အလက်တွေကို ဒီတပတ်ရဲ့ ပြည်တွင်းသတင်း သုံးသပ်ချက်မှာ ဦးစည်သူအောင်မြင့်နဲ့အတူ ဒေါ်အင်ကြင်းနိုင်က ကူညီ တင်ပြပေးထားပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက မကျင်းပဖြစ်တာ အနှစ် ၂၀ နီးပါးရှိပြီဖြစ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးပွဲမတိုင်ခင် ကျင်းပဖို့ ပြင်ဆင်နေဆဲ ကာလ မေလ ၈ ရက်ညမှာ ထူးခြားတဲ့ ပွဲတစ်ခုလုပ်ခဲ့ပါသေးတယ်။ အဲဒါကတော့ လက်ရှိ နာမည်ကြီးနေတဲ့ မဘသ ခေါ် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိ ဆရာတော်၊ သံဃာတော်တွေကို နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေက လက်ခံတွေ့ဆုံ သြဝါဒ ပေးခဲ့ကြတာပါပဲ။

လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ချမှတ်ခဲ့တဲ့ သံဃာ့စည်းမျဉ်းတွေအရ မြန်မာနိုင်ငံမှာ သံဃာ့အဖွဲ့အစည်းကြီး တစ်ခုပဲ ရှိရမယ် ဆိုတဲ့ အနေအထားအောက်မှာ တရားဝင်မဟုတ်သေးတဲ့ မဘသအဖွဲ့ကို ပထမ ဦးဆုံးအကြိမ် လက်ခံတွေ့ဆုံ အသိအမှတ် ပြုလိုက်တာမို့လို့လည်း ထူးခြားတယ်လို့ ဆိုနိုင်တာပါ။ မဘသ အဖွဲ့အစည်းဆိုတာ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ဘာတွေ လှုပ်ရှားနေသလဲ၊ ဒီ အဖွဲ့အစည်းကြီးရဲ့နောက်ကွယ်မှာ တစ်စုံတစ်ရာ ပါဝင် ပတ်သက်သူတွေ ရှိနေတယ်ဆိုပြီး ဖြစ်ပေါ်နေတဲ့ သတင်းတွေကရော အမှန်ပဲလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ အားလုံးသိကြတဲ့အတိုင်း ၂၀၁၂ ဝန်းကျင်ကစ မြန်မာနိုင်ငံမှာ ၉၆၉ ဆိုတဲ့ ဘာသာရေး ဆိုင်ရာ လှုပ်ရှားမှုတွေ ကျယ်ပြန့်လာပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ သံတော်တစ်ချို့ ဦးဆောင်ပြီး မဘသ (ဗဟို)နဲ့ မဘသ (အထက်မြန်မာပြည်) အဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပြီး မြို့နယ်အလိုက် မဘသ အဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ မဘသ အဖွဲ့ကြီး ဖွဲ့စည်းပြီးနောက် အဲဒီ အဖွဲ့ အဓိက လှုပ်ရှားတာက မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေးပါ။ မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး စည်းရုံးဟောပြောပွဲတွေ၊ ပြည်သူလူထု လက်မှတ်ကောက်ခံပွဲတွေ လုပ်ပါတယ်။

ဒီအဖွဲ့ကြီးရဲ့ အထင်ကရ ခေါင်းဆောင်တစ်ပါးဖြစ်တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူဆိုရင် မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉ (စ) ဆက်ပြီး ရှိနေသင့်တဲ့အကြောင်း၊ ပယ်ဖျက်ဖို့ မလိုတဲ့အကြောင်း ဆက်စပ် ဟောပြောတာတွေ လုပ်ပါတယ်။ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး၊ ပုဒ်မ ၅၉ (စ) ထောက်ခံရေးတွေ တွဲပြီး ဟောပြောစည်းရုံးတာတွေ လုပ်တဲ့အခါ ပြည်သူတွေကြားထဲမှာ ဒီအဖွဲ့အစည်းကြီးဟာ နိုင်ငံရေးဦးတည်ချက် တစ်စုံတစ်ရာနဲ့ လှုပ်ရှားနေတာလား၊ နောက်ကွယ်မှာ ကူညီပံ့ပိုးသူတွေ ရှိနေသလား ဆိုပြီး တွေးတော စဉ်းစားတာတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် မဘသ ဆရာတော်တွေကတော့ သူတို့ လှုပ်ရှားနေတာတွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက်ပဲ ဖြစ်တဲ့အကြောင်း၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့အကြောင်း ငြင်းဆိုခဲ့ကြပါတယ်။

ဦးစည်သူအောင်မြင့်။ ။ နောက်ပိုင်း မျိုးစောင့်ဥပဒေ အပါအဝင် ဥပဒေ (၄) ခု ပြဌာန်းပေးပါဆိုပြီး ပြည်သူလူထုတွေ ဆီက ကောက်ခံထားတဲ့ လက်မှတ်တွေနဲ့တကွ မဘသဥက္ကဋ္ဌ အင်းစိန-်ရွာမ ဆရာတော် ဦးတိလောကဘိဝံသ က သမ္မတ ဦးသိန်းစိန်ဆီ စာရေး တင်ပြပါတယ်။ အရင် စစ်အစိုးရအဆက်ဆက်နဲ့ အဲဒီ စစ်အစိုးရကို ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်တို့ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကလွဲရင် ဘယ် သံဃာ့အဖွဲ့အစည်းကိုမှ အသိအမှတ် ပြုခဲ့တာမျိုး မရှိခဲ့ပါဘူး။ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းတွေအရလည်း မဘသအဖွဲ့ဆိုတာ တရားဝင် အဖွဲ့အစည်းတစ်ရပ် မဖြစ်သေးပါဘူး။

ဒါပေမယ့် အံံ့သြစရာကောင်းလောက်အောင် သမ္မတဦးသိန်းစိန်ဟာ မဘသအဖွဲ့ရဲ့ မျိုးစောင့်ဥပဒေနဲ့ ဥပဒေ(၄) ခု ပြဌာန်းပေးရေး တောင်းဆိုချက်ကို လက်ခံရရှိကြောင်း ကြေညာပြီး လွှတ်တော်နာယက သူရ ဦးရွှေမန်းဆီ လွဲှအပ်ပေးခဲ့ပါတယ်။

ဒီထက် ထူးဆန်း အံ့သြဖို့ ပိုကောင်းတာက သူရဦးရွှေမန်းဟာ သမ္မတဆီကလာတဲ့ မဘသ အဖွဲ့ရဲ့ ဥပဒေ (၄) ခု ပြဌာန်းပေးဖို့ တောင်းဆိုချက်ကို ပြဌာန်းဖို့ သင့်မသင့်၊ တောင်းဆိုတာ (၄) ခုထဲက ဘယ်ဟာကိုတော့ ပြဌာန်းပေးသင့်ပြီး ဘယ်ဟာကိုတော့ ပြဌာန်း မပေးသင့်ဘူး စသဖြင့် လွှတ်တော်တွင်း ဆွေးနွေးတာ လုံးဝမလုပ်တော့ဘဲ အဲဒီ ဥပဒေ (၄) ခု လုံး ဥပဒေကြမ်းရေးဆွဲဖို့ အစိုးရဘက် ပြန်လွဲှအပ်ပေးခဲ့ပါတယ်။ ပြောရရင် ဒီနေ့အချိန်ထိ အတည်ဖြစ်နေဆဲ သံဃာ့စည်းမျဉ်းတွေအရ တရားဝင် မဖြစ်သေးတဲ့ မဘသအဖွဲ့ကြီးကို သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နှစ်ယောက် အသိအမှတ်ပြုရုံမက ဥပဒေ(၄) ခု ပြဌာန်းပေးဖို့တောင် မဆိုင်းမတွ သဘောတူလိုက်တာပါ။

ဒေါ်အင်ကြင်းနိုင်။ ။ နောက်အရေးကြီးတဲ့ ခြေလှမ်းကတော့ မဘသ အဖွဲ့ကို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က အသိအမှတ်ပြုလာအောင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ကြားဝင် ဆောင်ရွက်ပေးလိုက်ခြင်းပါ။ ဦးဆန်းဆင့်က သံဃာတော်တွေအနေနဲ့ သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး တာဝန် (၃) ရပ်ရှိတဲ့အနက် မဘသ အဖွဲ့ကြီးဟာ သာသနာတော် တည်တံ့၊ ပြန့်ပွားရေး တာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုနည်းနဲ့ မဟာနယက ဆရာတော်ကြီးတွေဟာ မဘသအဖွဲ့ကို နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် သံဃာတွေ ဆောင်ရွက်တဲ့ သီးခြားလွတ်လပ်တဲ့ ဘာသာရေးအဖွဲ့အစည်းအဖြစ် လက်ခံလိုက်တဲ့အဆင့် ရောက်သွားတာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ လက်ရှိမှာတော့ မန္တလေးတိုင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံ နဲ့ တွဲဘက်အတွင်းရေးမှူး အရှင်ယသ နှစ်ပါး လက်မှတ်ရေးထိုးပြီး အရပ်ဘက် အဖွဲ့အစည်း ၁၀၀ ကျော်ကို “အမျိုးသား သစ္စာဖေါက်” များအဖြစ် သတ်မှတ်ကြေညာထားပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ မျိုးစောင့်ဥပဒေရေးဆွဲဖို့ ညွှန်ကြားတဲ့ သမ္မတကို ကန့်ကွက်လို့ ဖြစ်ပါတယ်။
အလားတူ စစ်ကိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာနန္ဒနဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဓမ္မပ္ပီယာ လင်္ကာရ နှစ်ပါး လက်မှတ်ရေးထိုးပြီး အရပ်ဘက် အဖွဲ့အစည်းတွေကို “ အသားထဲက လောက်ထွက်သည့်အဖွဲ့များ” ဆိုပြီး သတ်မှတ်တယ်လို့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မဘသ၊ မန္တလေးတိုင်း မဘသ နဲ့ မဘသ အဖွဲ့တစ်ချို့ကတော့ အစ္စလာမ်မစ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့အကြောင်းပြချက်နဲ့ ကာတာအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေပါတယ်။ အခု နောက်ဆုံး မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကစ သံဃာတွေ မဲပေးခွင့်ရရေး သံဃာတွေရဲ့ ဆန္ဒပြုလက်မှတ် ကောက်ခံပြီး သမ္မတ ဦးသိန်းစိန်ဆီ တင်ပြသွားမယ်လို့ ဆိုနေပါပြီ။

ဒီဖြစ်စဉ်တွေကိုကြည့်ရင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ ဦးတည်ရာလမ်းကို မြင်နိုင်သလို အဖွဲ့ကြီးရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲ အထွေအထူး စဉ်းစားမလို၊ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ ကိုယ်တိုင် မားမားမတ်မတ် ရပ်တည်ပေးလျက် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG