သုံးရလွယ်ကူစေသည့် Link များ

၂၀၁၅ မှာ WHO Ebola ဆေး သိန်းချီ ထုတ်မည်


WHO အီဘိုလာအရေး ဆွေးနွေး။
WHO အီဘိုလာအရေး ဆွေးနွေး။

လာမယ့် ၂၀၁၅ ခုနှစ် ပထမ ၆ လအတွင်းမှာ အီဘိုလာ ကာကွယ်ဆေး သိန်းနဲ့ချီပြီး အဆင်သင့် ဖြစ်စေဖို့ ပြင်ဆင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောဆိုလိုက်ပါတယ်။ အီဘိုလာ ကာကွယ်ဆေး ၂ မျိုးတို့နဲ့ စတင်စမ်းသပ် ကုသနေပြီ ဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေး အသစ် ၅ မျိုးတို့ ကိုတော့ နောက်နှစ်မှာ စမ်းသပ်ကုသနိုင်ဖို့ ဆောင်ရွက်နေပြီလို့ WHO က Marie-Paule Kieny က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သုတေသန လုပ်ငန်း အတွက် အလှုရှင်နိုင်ငံတွေကလည်း ငွေကြေးထောက်ပံ့ဖို့ ကတိပြုထားပါပြီ။ ဂီနီနိုင်ငံတွင်းက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို မကြာခင်က သွားရောက် ကုသပေးခဲ့သူ နယူးယောက်ခ် မြို့က ဆရာဝန်တဦးဟာ နယူးယောက်ခ် မြို့အတွင်း ပထမဆုံး အီဘိုလာ ကုသမှု ခံယူရသူ ဖြစ်ပါတယ်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဒေါက်တာ Craig Spencer ကို သီးခြားခွဲ ထား ရှိပြီး ပြည်သူတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်စရာလည်း မရှိပါဘူးဆိုပြီး နယူးယောက်ခ် မြို့တော်ဝန် Bill de Blasio က အတည်ပြု ပြောဆိုခဲ့ပါတယ်။

နယ်စည်းမထား ဆရာဝန် အဖွဲ့မှာ အလုပ်လုပ်ခဲ့သူ ဒေါက်တာ Spencer ဟာ အီဘိုလာ ကူးစက်ခံရတဲ့ လက္ခဏာ ၂ ခုဖြစ်တဲ့ အပြင်းဖျားပြီး အော့အန်တာကို ကြာသပတေးနေ့မှာ သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အီဘိုလာ ကူးစက် ထားသူ ဒေါက်တာ Spencer နဲ့ ဆက်စပ်မှု ရှိသူတွေကို အာဏာပိုင်တို့ ရှာဖွေနေပါတယ်။ ဒေါက်တာ Spencer ကတော့ အမေရိကန် နိုင်ငံတွင်းမှာ အီဘိုလာ ကုသပေးရသူ လေးဦးမြောက် လူနာ ဖြစ်ပြီး နယူးယောက်ခ် မြို့ကြီး အတွက်တော့ ပထမဆုံး အီဘိုလာ ကူးစက်ခံရသူ ဖြစ်ပါတယ်။

ဒီအတောအတွင်း အီဘိုလာ အဓိက ဖြစ်ပွားနေတဲ့ အနောက်အာဖရိက ဒေသက မာလီ နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါသည်ကို ဆေးဝါး ကုသပေးနေတာ တိုးတက်မှုတွေ ရှိတဲ့အကြောင်း မာလီ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အနောက် အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီအဲယာလီယွန် နိုင်ငံတွေမှာ ဒီရောဂါ အဓိက ဖြစ်ပွားနေတာဖြစ်ပြီး လူပေါင်း ၄၉၀၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို လာကြတဲ့ ခရီးသည်တွေကို ၂၁ ရက်ကြာ အီဘိုလာ စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ နေ့စဉ် ကျန်းမာရေး အခြေအနေ အစီရင်ခံတာတွေ လုပ်သွားဖို့ အမေရိကန် ကျန်းမာရေးအရာရှိတွေက အမိန့်ထုတ်ထားပါတယ်။

XS
SM
MD
LG