သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ ဘယ်သူဖြစ်မလဲ


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တချို့နဲ့ သူရဦးရွှေမန်း အမျိုးသားလွှတ်တော်ကိုသွားရောက်လေ့လာစဉ် -၃ ဖေဖဝါရီ ၂၀၁၆ (Photo-NLD Chairperson)
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တချို့နဲ့ သူရဦးရွှေမန်း အမျိုးသားလွှတ်တော်ကိုသွားရောက်လေ့လာစဉ် -၃ ဖေဖဝါရီ ၂၀၁၆ (Photo-NLD Chairperson)

လွှတ်တော်မှာ အမတ်နေရာ အများစုနဲ့ အင်အားအကြီးဆုံးပါတီကြီးဖြစ်တဲ့ NLD နဲ့ ဒုတိယအများဆုံးဖြစ်နေတဲ့ စစ်တပ် နှစ်ဘက်စလုံးဟာ ဒုသမ္မတလောင်းအမည်စာရင်းတွေကို မတ်လ (၁၇) ရက်မှာတင်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ့် ဒုသမ္မတလောင်း ဘယ်သူဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြည်သူအများက စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ မအင်ကြင်းနိုင် က အပြည့်အစုံကို ပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က လွှတ်တော်မှာ တင်သွင်းမယ့် ဒုသမ္မတလောင်း နှစ်ဦးရဲ့အမည်တွေနဲ့ တပ်မတော်ဘက်ကအဆိုပြုမယ့် ဒုသမ္မတလောင်းတဦးရဲ့အမည် ကို နှစ်ဘက်လုံးက ပြင်ဆင်ထားပြီးပြီလို့ သတင်းတွေထွက်လာချိန်မှာ မနေ့က တနင်္ဂနွေနေ့မှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့နေပြည်တော်နှင်းဆီစံအိမ်မှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။

ထူးခြားချက်ကတော့ ဒီတွေ့ဆုံပွဲမှာ NLD ရဲ့ ဥပဒေအကြံပေး ပုဂ္ဂိုလ် တချို့ပါဝင်တာဖြစ်ပါတယ်။ ဒါပေမဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကတော့ ဒီဆွေးနွေးပွဲဟာ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးသာဖြစ်ပြီး ပါတီတွင်း စည်းမျဉ်းစည်းကမ်းကိစ္စတွေသာ အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲအပြီးတွေ့ဆုံရာမှာ အခုလိုပြောသွားပါတယ်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်က နောက်ကျမှ ဆုံးဖြတ်မယ်။ အခုကတော့ ပါတီအတွင်းကိစ္စတွေ၊ နောက် စည်းရုံးရေးကိစ္စတွေ၊ နောက် တိုင်ကြားစာ ကိစ္စတွေ တခြားကတော့ ထွေထွေထူးထူး မရှိပါဘူး။”

ဒီအတောအတွင်းမှာပဲ ပြည်သူ့လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်ကလည်း တပ်မတော်ဘက်ကတင်သွင်းမယ့် ဒုသမ္မတလောင်းဟာ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစတဲ့ အမြင်တွေရှိသူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့အခြေအနေမှာတော့ စစ်တပ်တွင်း ရာထူးနေရာပေးတဲ့ပုံစံဟာ အရည်အချင်းထက် ဆရာတပည့်ဖြစ်တဲ့အပေါ်မှာ ဦးစားပေးရွေးချယ်လေ့ရှိတယ်လို့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

“လက်ရှိ တပ်မတော်မှာ ကျနော်တို့ အရည်အချင်းတို့ စွမ်းရည်တွေထက်ပေါ့လေ၊ ကျနော်တို့ ဆရာတပည့်ပါပဲ၊ ဆရာ တပည့်ဖြစ်တဲ့သူတွေကို ရွေးချယ်ပြီးတော့မှ တင်မြောက် တာတွေရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ချ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ သူကိုယ်တိုင်ရွေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မမှူး စစ်စစ် ဘဝမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တပ်မအောက်က ဒီတိုက်စစ်မှူးတယောက်ဖြစ်ပါတယ်။ သူကိုယ်တိုင် စိတ်ကြိုက်ရွေးခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ဗိုလ်ချုပ် သူရမြင့်အောင်တို့ ဗိုလ်ချုပ် ကိုကိုတို့ကို ကျော်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးခဲ့တာပါ။”

စစ်တပ်ကအဆိုပြုမယ့် ဒုသမ္မတလောင်းအမည်စာရင်းအတွက် ခန့်မှန်းခံထားရသူတွေထဲမှာ လက်ရှိကြံခိုင်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း ဟာ အလားအလာအကောင်းဆုံးဖြစ်တယ်လို့ မြင်ကြောင်း ဦးအောင်လင်းထွဋ်ကဆိုပါတယ်။

“ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းပါပဲ။ အငြိမ်းစားယူသွားတယ်လေ။ သူကတော့ ဖြစ်နိုင်ခြေအများဆုံးလို့တော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘဘကြီးလို့ခေါ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ဦးစီးတဲ့ လက်အောက်မှာ သူ G 2 အနေနဲ့ နေသွားတယ်။ G1 ဆိုတာက စစ်ဦးစီး အရာရှိ ပထမတန်း အနေနဲ့နေသွားတယ်။ နောက် စစ်ဦးစီးအရာရှိချုပ် ၊ ဗိုလ်မှူးချုပ်အနေနဲ့လည်း နေသွားတယ်။ တောက်လျှောက်သူနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ link ဟာ ကျနော် သံရုံးမှာရှိနေတုန်းက ဒီအမေရိကန်နိုင်ငံရဲ့ ပစ္စည်းလိုအပ်ချက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့လိုအပ်ချက် ကို ဗိုလ်ချုပ်ကြီး လှဌေးဝင်းက လိုက်လုပ်ပေးရတဲ့အနေအထားရှိပါတယ်။

တကယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းကို ဒုသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ မယ်ဆိုရင်လည်း လွှတ်တော်ထဲ ရာခိုင်နှုန်းအနည်းငယ်ပဲရှိတဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီအတွက် ဘာမှထူးခြားသွားမှာမဟုတ်ဘူးလို့ ဦးအောင်လင်းထွဋ်ကမြင်ပါတယ်။

စစ်တပ်ကတင်သွင်းမယ့်အမည်စာရင်းမှာ နောက်ထပ်နာမည်ထွက်နေတဲ့ သူတွေနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်ရဲ့အမြင်ကတော့

“အခုသူတို့ ရာထားတဲ့ ဒု သမ္မတ ဆိုတော့ ဗိုလ်ချုပ်ကြီးစိုးဝင်းကတော့ လက်ရှိလည်း သက်တမ်း အသက်ကို ၆၅ နှစ်အထိကို တိုးပေးတဲ့အတွက်ကြောင့်မို့လို့ သိပ်မဖြစ်နိုင်ပါဘူး။ နောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နဲ့ ကြည်း၊ရေ၊ လေ ညှိုနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ကျနော်တို့တပ်မတော် ထိပ်ပိုင်းပေါ့လေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့အသိုင်းအဝိုင်းနဲ့ ဝေးပါတယ်။ ကျနော်တို့ မျက်မြင်ပါပဲ။”

ဒုသမ္မတလောင်း သုံးဦးရဲ့အမည်စာရင်းတွေကို မတ်လ (၁၇)ရက်နေ့ လွှတ်တော်မှာ NLD နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ အသီးသီးတင်သွင်းကြမှာဖြစ်ပါတယ်။ အဲဒီထဲကမှာ မဲအများဆုံးရရှိတဲ့ သူဟာ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရမှာဖြစ်ပြီး အရပ်သားအစိုးရသစ်ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ သမ္မတဘယ်သူဖြစ်လာမလဲဆိုတာ ပြည်သူအများစိတ်ဝင်စားနေကြပါတယ်။

XS
SM
MD
LG