သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က သူ့ကို သုတ်သင်ဖို့ ကြိုးပမ်းဟု Assange စွပ်စွဲ


ဝီကီလိခ် ထူထောင်သူ Julian Assange က အမေရိကန်ဟာ သူ့ကို သုတ်သင်ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ လန်ဒန်မြို့ အီကွေဒေါ သံရုံးမှာ နှစ်လကြာ ခိုလုံနေခဲ့ပြီး တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် သံရုံးလေသာဆောင်ကနေ အခုလို ပြောဆိုလိုက်တာပါ။ သူ ထူထောင်ထားတဲ့ ဝီကီလိခ် အင်တာနက် စာမျက်နှာကနေ ၂၀၁၀ ပြည့်နှစ်တုန်းက ထောင်နဲ့ချီတဲ့ အမေရိကန် သံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာ သီးသန့် အတွင်းရေးနဲ့ လျှို့ဝှက် စာအသွားအလာတွေ ပေါက်ကြားအောင် ဖော်ထုတ်ခဲ့လို့ အမေရိကန် ပြည်ထောင်စုက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံကလည်း Julian Assange ကို အမျိုးသမီးတွေကို ဗလက္ကာရ ပြုမှုနဲ့ စစ်ဆေး မေးမြန်းဖို့အတွက် အလိုရှိနေတာပါ။ ဗြိတိန်နိုင်ငံက သူ့ကို ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးခဲ့ရင် ဆွီဒင်နိုင်ငံကနေ အမေရိကန်ကို ထပ်ဆင့် လွှဲပြောင်း ပေးအပ်မှာကို Julian Assange က စိုးရိမ်နေတယ်လို့ ပြောပါတယ်။

သတင်းသမားတွေကို တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ပြီး အန္တရာယ်များတဲ့ ဖိနှိပ်တဲ့ ကမ္ဘာဖြစ်အောင် အမေရိကန် ပြည်ထောင်စုက ဖန်တီးနေတယ်လို့ Julian Assange က စွပ်စွဲလိုက်ပါတယ်။ ဗြိတိန် အာဏာပိုင်တွေကတော့ Assange ကို နိုင်ငံကနေ ထွက်ခွာခွင့် မပြုပါဘူး။ ဖမ်းဝရမ်း ရရှိထားပြီးဖြစ်လို့ ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးဖို့ ဗြိတိန်နိုင်ငံမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

Assange ဟာ အီကွေဒေါ သံရုံးဝန်းကနေ အပြင်ကို ထွက်လိုက်တာနဲ့ တပြိုင်နက် ဖမ်းဆီးနိုင်ဖို့အတွက် သံရုံးပတ်လည်မှာ ဗြိတိန်ရဲတွေက မျက်ခြေမပျက် စောင့်ကြည့်နေကြပါတယ်။
XS
SM
MD
LG