သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်


လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များ (စက်တင်ဘာ ၁၅၊ ၂၀၁၁)
လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များ (စက်တင်ဘာ ၁၅၊ ၂၀၁၁)
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာယူထားတာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ထိပ်တန်းနေရာတွေ တာဝန်ယူခွင့်မရှိဘဲ ဖြစ်နေရတာတွေ အပါအဝင် အချေအတင် ပြောစရာ ဖြစ်နေရတဲ့ အပိုင်းတွေကို ဦးစားပေး ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတဲ့အကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ပြောလိုက်ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ရေးအဆို ကို ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ကျရင် ဆွေးနွေးအတည်ပြုနိုင် မယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ်တရပ် ဖြစ်လာအောင် ပြင်ဆင်ဖို့ တွန်းအားပေးမယ်လို့လည်း တိုင်းရင်းသား နိုင်ငံရေး သမားတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဖြစ်ပေမဲ့လည်း နိုင်ငံခြားသား နဲ့ ဆွေမျိုးသားချင်း တော်စပ်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတနဲ့ ဒုသမ္မတတာဝန် ယူခွင့်မရှိတာ၊ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကို နေရာပေးထားတာတွေ ကို အဓိက ပြင်ဆင်ဖို့ အာဏာရပါတီရော၊ တခြားနိုင်ငံရေး အင်အားစုတွေကပါ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးလှဆွေ ကတော့ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးကို အာမခံချက်ပေးတဲ့ အခြေခံဥပဒေမျိုး ဖြစ်သင့်တဲ့အတွက် ပြင်ဆင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“သူကိုယ်တိုင်က နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျထားတယ်။ သူ့ရဲ့သားနှစ်ယောက် ကလည်း နိုင်ငံခြားမှာပဲ နေနေတဲ့အခါကျတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူ့ကို သမ္မတဖြစ်ဖို့ရာ ဘယ်လိုနည်းနဲ့မှ ဥပဒေအရဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် အစဉ်အလာအရ ပြောရလို့ရှိရင်တော့ ကျနော်တို့ ဥက္ကဌကြီး ဦးနေဝင်းလည်း ရတနာနတ်မယ်ကို အိမ်ထောင်ပြုခဲ့တာပဲလေ။ သူလည်း နိုင်ငံခြားသူ တယောက်ပဲ မဟုတ်ဘူးလား။ အဲ့တော့ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံခြားသား တယောက်ကို လက်ထပ်ထားတဲ့သူ တယောက်ဖြစ်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အခုအချိန်မှာ သူ့ကို ပြည်သူတွေကသာ ရွေးချယ်မယ်ဆိုရင် ဥပဒေကလည်း လက်ခံတယ်ဆိုရင် သူဟာ တာဝန် ထမ်းဆောင်ချင်ပါတယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြော ဆိုထားတာ ရှိပါတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ အနေနဲ့ကလည်း ဒါကို လက်မခံနိုင်စရာ မရှိဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်ဗျ။”

အခုလိုမျိုး ၂၀၀၈ ခုနှစ်က အချေအတင် အငြင်းပွားဖွယ်ရာ အခြေအနေမှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်ဖို့ အာဏာရပါတီကြီး
ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးပေါ် တင်သွင်းခဲ့တဲ့ အဆိုကို ဦးဆောင်တင်သွင်းတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွ့ံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအပါအဝင် တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ဝိုင်းဝန်းထောက်ခံ့ခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် တာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ ပြန်လည်ပြင်ဆင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့အတွက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့တာဖြစ် တယ်။ အဲ့ဒီခေတ်က ပြည်သူလူထုက ဒါလုပ်ဆိုရင် လုပ်ပေ့ါနော်။ ဒါမလုပ်နဲ့ဆိုရင် မလုပ်နဲ့ပေါ့။ အဲ့လိုမျိုး အနေအထားဖြစ်ပါတယ်။ အခုခေတ်မှာတော့ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ ခေတ်မှာတော့ အခုဟာ ပွင့်ပွင့်လင်းလင်း ကိုယ်ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ ပြောလို့ရတဲ့ခေတ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီခေတ်နဲ့ လျော်ညီစွာ အခြေခံဥပဒေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်တဲ့အတွက် ကျနော်တို့ ပါတီက တင်တာလို့ ကျနော် ထင်မြင်ယူဆ ပါတယ်ခင်ဗျာ။”

အဓိက လွှတ်တော်တွင်း ကိုယ်စားလှယ်အနေနဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကိုလည်း မပါဝင်သင့်တော့ဘူးလို့ ဦးလှဆွေကထောက်ပြပြောဆိုလိုက်ပါတယ်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ကလည်း ဒါ ပါသင့် - မပါသင့်ပေါ့ ကျနော့် အမြင်ကတော့ ရွေးကောက်ထားတဲ့ အမတ်တွေပဲ လွှတ်တော်ထဲမှာ ရှိသင့်တယ်လို့ မြင်ပါ တယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့အခါ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ အညီ အခြေခံဥပဒေပါ အချက်တွေကို ထည့်သွင်းရေးဆွဲဖို့ ပြင်ဆင်နေကြပါတယ်လို့ အမျိုးသား ဒီမိုကရေစီပါတီသစ်က ဦးသိန်းညွန့် က ပြောပါတယ်။

“ဒီအခြေခံဥပဒေမှာ ကောင်းတဲ့အချက်တွေကို ထိန်းသိမ်းပြီးတော့ ဒီမိုကရေစီစံနှုန်းတွေ အားကောင်းဖို့အတွက် အဲ့ဒီအပေါ်မှာ ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။”

တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေကြတဲ့ တိုင်းရင်းသား ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပါအဝင် ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဆောင်ရွက် သင့်တယ်လို့ ကချင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

“အဓိကကတော့ ကျမတို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင်
ပေါ်ပေါက်လာဖို့ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဖြစ်ဖို့ ဒါ အဓိက ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်တခါ ကျမတို့ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်ပြီး ဒါ ပြည်နယ်နဲ့ ပြည်ထောင်စု ခွဲခွဲခြားခြားပေါ့နော် ဒါလည်း ဖက်ဒရယ်ထဲမှာ ပါပါတယ်။ ဖက်ဒရယ်စနစ်ဖြစ်အောင် ပြင်သွားယုံနဲ့တင် တော်တော်များများက ပြည့်စုံလုံလောက်မှာပါ။”
အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးနောက် အခု ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်ရေးကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေး ဆုံးဖြတ်မှာပါ။ ဒီအဆိုကို အတည်ပြုနိုင်ပြီဆိုရင်တော့ ကော်မတီတရပ် ဖွဲ့စည်းပြီး အခြေခံဥပဒေမှာ ပြင် ဆင်ရမယ့် အပိုင်းတွေကို သုံးသပ် လေ့လာသွားကြမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG