သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ်အစိုးရ တွေမှာ တိုင်းရင်းသားတွေကို ထည့်သွင်းမည်


NLD ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စတင် (သတင်းဓါတ်ပုံ-NLD chairperson facebook)
NLD ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စတင် (သတင်းဓါတ်ပုံ-NLD chairperson facebook)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်နေရာ တွေကို ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ်သွားမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေ နဲ့တွေ့ဆုံစဉ်ပြောဆိုသွားပါတယ်။ ပြည်နယ်နဲ့တိုင်း အစိုးရတွေ ဖွဲ့စည်းရာမှာတော့ တိုင်းနဲ့ ပြည်နည်မှာရှိတဲ့ တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။ ပါတီအနေနဲ့ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ဖို့အတွက် ဆက်လက်လုပ်ဆောင် သွားမှာဖြစ်သလို ပါတီဝင်တွေကိုလည်း အဂတိလိုက်စားခြင်း အထူးရှောင်ဖို့လည်း တင်းကျပ်စွာ သတိပေးထားတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ နေပြည်တော်လွှတ်တော်မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားတဲ့ NLD ပါတီ အနေနဲ့ လွှတ်တော် ၂ ရပ်စလုံးမှာ ကိုယ်စားလှယ် အများဆုံးရရှိထားပြီး၊ သမ္မတ ကိုပါရွေးချယ်ခွင့် ရရှိထားသလို၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေကိုလည်း ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဝန်ကြီးချုပ် နေရာတွေကို ပါတီတွင်းက ကိုယ်စားလှယ်တွေကိုသာ ခန့်ထားမှာ ဖြစ်ပေမဲ့၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာတော့ တိုင်းရင်းသားတွေကို ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌတွေက သမ္မတက ခန့်ရမယ်။ ဒါပေမယ့် ကျနော်တို့က မူအရ ဆွေးနွေးဖူးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်ကြိုက်တဲ့လူ ရွေးချယ်တင်မြှောက်ခွင့်ရအောင်ကြိုးစားတယ်။ အဲဒီတုန်းကတော့ မအောင်မြင်လိုက်ဘူး။ အခုတော့ အရင်တိုင်းရှိတယ်ဆိုရင် သမ္မတပဲရွေးမှာ၊ ရွေးတဲ့အခါမှာ သေချာတာကတော့ NLDဖြစ်မယ်။ သို့သော် တိုင်းနဲ့ပြည်နည် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့တွေမှာတော့ ကျန်တဲ့ပါတီတွေတော့ ပါလိမ့်မယ်။”

ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးလှစောကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရတာဟာ အုပ်ချုပ်ရေးအတွက် ပိုမိုထိရောက် စေနိုင်တယ်လို့ မြင်ပါတယ်။

“တိုင်းနဲ့ပြည်နယ်ထဲမှာပေါ့လေ၊ ရခိုင် issue ကတော့ နဲနဲ သီးခြား ထူးခြားဖြစ်မယ်ထင်တယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ထူးခြားဖြစ်စဉ်တွေရှိတယ်။ ဥပမာ ကျနော်တို့ communal violence တွေရှိတယ်။ နောက်ကျနော်တို့ SEZ (အထူးစီးပွားရေးဇုံ) ကိစ္စတွေ ရှိတဲ့အတွက်ကြောင့်နော်၊ အဲဒါတွေက ရှုပ်ထွေးတဲ့အတွက်ကြောင့် သိမ်လည်းသိမ်မွေ့ပါတယ်။အင်မတန်လည်း ပြည်တွင်းစစ်ရဲ့ ဂယက်တွေဆိုလည်း ရခိုင်ကို လာရိုက်တယ်ပေါ့နော်။ ကျနော်တို့ AA issue တွေလည်း ပြဿနာရှိတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒီပြဿနာတွေကို အာဏာရတဲ့ နိုင်ငံရေးပါတီတခုတည်းကနေပြီးတော့ ဦးဆောင်လို့ရမယ်မထင်ဘူး။ အဲတော့ ကျနော်တို့ ရခိုင်မှာဆိုလို့ရှိရင် ကျနော်တို့ ANP က လူထုထောက်ခံမှုလည်း အများကြီးရတယ်။ အမတ်နေရာလည်းအများကြီးရတဲ့အတွက်ကြောင့်မို့လို့ democratic culture ထဲမှာရှိတဲ့ political dialogue ပေါ့၊ ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးဆွေးနွေးသွားမယ်ဆိုရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ယူဆပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်စတင်ပြီး ၂ ပတ်လောက်အကြာမှာ သမ္မတကို ရွေးချယ်ရမှာပါ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ အဖြစ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သမ္မတဖြစ်ခွင့်မရှိပါဘူး။ ဒါပေမဲ့လည်းလွှတ်တော်သစ် စတင်ကျင်းပတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အခြေခံဥပဒေပါ သမ္မတရွေးချယ်ဖို့ သက်မှတ်ချိန်မတိုင်မှီအထိ ကြိုးပမ်းသွားဖို့ရှိကြောင်း၊ ဒီအတွက်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့လည်း NLD အသိုင်းအဝိုင်းက ပြောဆိုနေပေမဲ့NLD အလုပ်အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင် ကတော့ အခုလိုပြောပါတယ်။

“၂၀၁၁ ခုနှစ်တုန်းက ဦးသိန်းစိန်တက်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံက အဲဒီတုန်းက အတည်မဖြစ်သေးဘူး။ အဲတော့ ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလွှတ်တော် ပြည်ထောင်စု လွှတ်တော်ခေါ်ယူတဲ့ နေ့တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တနိုင်ငံလုံးအတွက် သက်ရောက်သည်ဆိုလိုက်တဲ့အတွက် ၂၀၁၁ တုန်းက ခေါ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရတဲ့အချိန် အခြေခံဥပဒေက ပေးထားတဲ့ ဘောင်အတွင်းကနေ ကျနော်တို့ လုပ်မှာပါ။”

လက်ရှိမှာ သမ္မတလောင်းအနေနဲ့ ဒီလိုမှမဟုတ်ရင် အစိုးရအဖွဲ့ဝင် အနေနဲ့ဖြစ်နိုင်တယ်လို့ နာမည်ကြီးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရုံးအဖွဲ့မှူး ဒေါက်တာ တင်မာအောင်၊ ဦးထင်ကျော် စသဖြင့်နာမည်ထွက်ပေါ်နေပေမယ့် တိကျတဲ့သတင်း မဟုတ်သေးသလို အတည်ပြုချက်လဲမရပါဘူး။

XS
SM
MD
LG