သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ လုပ်ပိုင်ခွင့်နဲ့ ကျောင်းသားတွေ လွှတ်ဖို့ တောင်းဆို


အစိုးရသစ် လက်ထက် သမ္မတသစ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံနဲ့ညှိနှိုင်းပြီး အဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ နဲ့ အမြန်ဆုံး လွှတ်ပေးစေလိုပါတယ် လို့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ထောင်သွင်း အကျဉ်းချခံထားရတာ တစ်နှစ်ကျော်သွားပြီဖြစ်လို့ အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ကို အခုလို တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ အပြည့်အစုံ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

သာယာဝတီ အကျဉ်းထောင်မှာ အထိန်းသိမ်းခံ ထား ရတဲ့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေ ဒီနေ့ဧပြီလ ၅ရက်နေ့ အင်္ဂါနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဧပြီလ ၈ရက်နေ့ ရုံးချိန်းပြန်ချိန်းထားပါတယ်။

ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ပေါ်လာရေး မန္တလေးကနေ ရန်ကုန်အထိ သပိတ်မှောက် ခရီးရှည် ချီတက်လမ်းလျှောက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းခံရလို့ ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ရက်နေ့ကစလို့ ဖမ်းဆီးထားပြီး သာယာဝတီတရားရုံးအပြင် ရန်ကုန်မြို့က တရားရုံးတွေမှာ တရားရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။

အစိုးရဟောင်းအာဏာမလွှဲခင် ကျောင်းသားတွေကို လွှတ်ပေးခဲ့ဖို့ တောင်းဆိုခဲ့သလို အာဏာလွှဲပြောင်းပြီးနောက်ပိုင်း အခုအစိုးရသစ် လက်ထက်မှာလည်း အဖမ်းဆီးခံ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျောင်းသားမိဘတွေကတော့ မျှော်လင့်နေကြတာပါ။

ချက်ခြင်းပြန်လွှတ်ပေးမယ်လို့ ယုံကြည်မှု မရှိပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ တရားဥပဒေနဲ့အညီ သမာသမတ် ကျကျ ဆုံးဖြတ်ပြီး လွှတ်ပေးလိုက်မယ်လို့ ထင်ကြောင်း ကျောင်းသားသပိတ်ဦးဆောင်သူ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ရဲ့မိခင် ဒေါ်ခင်ယုကပြောပါတယ်။

“မိဘတွေအနေနဲ့ကတော့ နှစ်သစ်ကူး မတိုင်ခင် လွှတ်လိမ့်မယ်လို့တော့ အားလုံးက မျှော်လင့်တာပေါ့နော်။ တမင်သက်သက်လေ သက်သက် ယုတ်မာပြီးတော့ လေးပွင့်ဆိုင် ကတိတွေလည်း သူတို့ချိုးဖျက်တယ်။ ကျောင်းသားတွေက အေးအေးဆေးဆေးအဖမ်းခံပါ့မယ်လို့ ပြောထားတာကိုလည်းပဲ မတရားရိုက်နှက် ဖမ်းဆီးပြီးတော့ သားဆိုလို့ရှိရင်လည်း သေပြီ လို့တောင် သတင်းထွက်တာလေ ကံကောင်းလို့ အသက်မသေပဲနဲ့ အခုအချိန်မှာဆို သူတို့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ အတွင်းကြေ ဒဏ်ရာတွေရပြီး အတွင်းကြေဒဏ်ရာတွေရှိတယ်။ ရောဂါတွေက သူတို့မှာ ရှိနေကြတယ်လေ။ တစ်နှစ်လည်း ကျော်လာပြီ။ မိဘတွေမှာလည်း တော်တော်လေးကို ခံစားရတာပေါ့နော်။

အန်တီတို့မိဘတွေအနေနဲ့ကတော့ မျှော်လင့်ချက်တွေကတော့ ထားပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ထားသလိုဖြစ်မလာလို့ရှိရင် ပိုပြီးတော့ ခံစားရမှာမို့လို့ အန်တီအနေနဲ့ကတော့ ယုံကြည်ချက် မျှော်လင့်ချက်တွေ တအားတော့ မထားဘူးပေါ့။ ဒါပေမဲ့ ဖြစ်စေချင်တာပေါ့။ ဒီမိုကရေစီအစိုးရ သမာသမတ် မျှတတဲ့ သမ္မတတွေ အစိုးရတွေ တက်နေပြီ။ နိုင်ငံ့ခေါင်းဆောင်တွေ တက်နေပြီဆိုတော့ အန်တီတို့အနေနဲ့ကတော့ ပထမအစိုးရထက် ပိုပြီးတော့ အားကိုးတယ်။ အားထားတယ်ပေါ့နော်။”

အထိန်းသိမ်းခံ ဗကသ ကျောင်းသားခေါင်းဆောင် မဟန်နီဦးရဲ့ ဖခင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ဦးထွန်းဦးကတော့ အစိုးရသစ်ရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ် နားလည်ပေမဲ့လို့ ကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်ပေးစေလိုပါတယ်လို့ အခုလိုပြောပါတယ်။

“အစိုးရသစ်ကတော့ဗျာ နှစ်ငါးဆယ်လုံးလုံး အုပ်စိုးခဲ့တဲ့ စစ်အစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်စပဲရှိသေးတယ်လေ။ ပြည်သူအစိုးရ အနေနဲ့ အခုမှ စကာစ ဆိုတာတောင်မှ မွေးကာစ ကလေးလေးလို့တောင် ပြောလို့မရသေးတဲ့ အခြေအနေမျိုးမှာရှိတော့ သူ့ကို ကျနော်တို့ အများကြီးပြုစုပြီးတော့ အရွယ်ရောက်အောင် လုပ်ရဦးမယ့် သဘောမှာ ရှိပါတယ်။ တချို့ကိစ္စလေးတွေက အားနည်းချက် ရှိကောင်းရှိနိုင်တယ်လေ။ အဲ့ဒီ့အတွက်တော့ ကျနော်တို့က နားလည်မှု ပေးရမှာပေါ့ဗျာ။

ဒါပေမဲ့ ပြည်သူလူထု အစိုးရတရပ်ဖြစ်လာပြီးတော့ ပထမဆုံး လုပ်သင့်တာကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီး ပါတယ်။ ကျောင်းသားတွေကို ဦးစားပေး ပထမဦးဆုံး ဆောင်ရွက်ပေးနိုင်ခြင်းကာသာလျှင် ကောင်းမွန်တဲ့ မြန်မာပြည်ရဲ့ သမိုင်းကို စမယ်လို့ ကောင်းမွန်တဲ့ အစိုးရတရပ်ကို ပိုပြီး အားပြုနိုင်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်ခင်ဗျာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် သမ္မတသစ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံနဲ့ညှိနှိုင်းပြီး အဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေကို သမ္မတသစ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ လွတ်အောင် လုပ်ပေးစေလိုပါတယ်လို့လည်း ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသားအထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကလည်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒအရတော့ ချက်ခြင်း လွှတ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေအရလည်း သမ္မတ က လွှတ်ခွင့်ရှိတယ်ပေါ့။ နောက်တခုက ကာလုံပေါ့။ ကာလုံနဲ့ တိုင်ပင်ပြီးလည်း လွှတ်လို့ရတယ်ပေါ့။ အဲ့တာက လွှတ်လို့ရတဲ့ အခင်းအကျင်း တခုပေါ့၊ နောက်တခုက မြန်မာနိုင်ငံရဲ့ အထွေထွေနိမ့်ကျနေတဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ တောင်းတဲ့ ကျောင်းသားတွေကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဒီအချိန်မှာ ထိန်းသိမ်းထားတာ၊ ဖမ်းထားခြင်းအားဖြင့် ကျနော်တို့ ဘယ်လိုမှ အကျိုးမရှိပါဘူး။ ဒီကျောင်းသားတွေကို တစ်မိနစ် ဖမ်းထားတာကို တစ်မိနစ် တိုင်းပြည်အတွက် အကျိုး မရှိပါဘူး။ လွှတ်စေချင်ပါတယ်ခင်ဗျာ။”

သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ ၊ NNER တာဝန်ရှိသူတွေ သဘောတူထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်တွေ အစိုးရသစ်လက်ထက် ဆက်အကောင်အထည်ဖော်နိုင်ရေး အပါအဝင် ကျောင်းသားတွေရဲ့ တောင်းဆိုချက်(၁၁) ချက်တွေ ရရှိရေးကိုလည်း ကျောင်းသားတွေက ဆက်လက်ကိုင်စွဲထားကြဆဲဖြစ်ပါတယ်။

ဒီကနေ့လွှတ်တော်မှာ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီးကို အတည်ပြုခန့်အပ်လိုက်တဲ့အပေါ် ပေညာရေးလောကသားတွေအကြားမှာရော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေ အကြားမှာပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ သူဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမျိုသားပညာရေး ဥပဒေပေါ်ပေါက်ရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ခဲ့သူဖြစ်တာတာမို့၊ ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတဦးဖြစ်ပါတယ်။

XS
SM
MD
LG