သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာကင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် မြန်မာအမှတ်တရ


အမေရိကန်ပြည်ထောင်စုက ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ သမိုင်းဝင် ခေါင်းဆောင်ဖြစ်တဲ့ ကွယ်လွန်သူ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ I have a dream လို့ခေါ်တဲ့ သမိုင်းဝင် မိန့်ခွန်းပြောခဲ့တာ နှစ် ၅၀ ပြည့် ပြည်သူ့အခွင့်အရေး တောင်းဆိုချီတက်ပွဲကို မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အကြမ်းမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားမူတွေနဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ ဒီကမ္ဘာကျော် သမိုင်းဝင်မိန့်ခွန်းနဲ့ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှုအပေါ်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေ တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်း လှုပ်ရှားမှုနဲ့ သုံးသပ်ထားတဲ့ ဝါရင့်သတင်းစာဆရာနဲ့ နိုင်ငံရေးသမားတွေရဲ့ သဘောထားအမြင်တွေကို မဆုမွန် က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ သမိုင်းဝင်ခေါင်းဆောင်ဖြစ်သူ ကွယ်လွန်သူ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် မိန့်ခွန်းဖြစ်တဲ့ “I have a Dream” ကျနော့်မှာ မျှော်မှန်းထားတဲ့ အိပ်မက်တစ်ခုရှိပါတယ် ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်သူပေါင်း ၂ သိန်းကျော် စုဝေးပြီး နားထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

“March on Washington” လို့ ခေါ်တဲ့ ဝါရှင်တန်ဒီစီမြို့တော်ဆီကို
နိုင်ငံအဝှမ်းက အမေရိကန် ပြည်သူတွေ သိန်းနဲ့ချီပြီး ပြည်သူ့ အခွင့်အရေး တောင်းဆိုဆန္ဒပြဖို့ ဦးတည်ချီတက်လာကြတဲ့အတိုင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅၀ တင်းတင်းပြည့်တဲ့ နှစ်ပတ် လည်နေ့မှာလည်း အမေရိကန်ပြည်သူတွေ ဝါရှင်တန်ဒီစီမြို့တော်မှာ စုဝေးကြမှာ ဖြစ်ပါတယ်။

ပြည်သူ့အခွင့်အရေး တန်းတူညီမျှမှုအတွက် အကြမ်းမဖက်တဲ့ နိုင်ငံရေး လှုပ်ရှားမူတွေနဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ကွယ်လွန်သူ ဒေါက်တာမာတင် လူသာကင်းဂျူနီယာရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့ ပတ်သက်ပြီး ဝါရင့်သတင်းစာ ဆရာကြီး ကြေးမုံ ဦးသာဘန်းက ၁၉၆၃ ခုနှစ်ဝန်းကျင် သတင်းစာဆရာအဖြစ် နိုင်ငံတကာသတင်းတွေကို တင်ပြခဲ့ပြီး အဲ့ဒီကာလတုန်းက မြန်မာနိုင်ငံရဲ့အခြေအနေ၊ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာဟာ ၁၉၆၀ ပြည့်လွန်နှစ်များပေါ့လေ အမေရိကားမှာက အသားအရောင် ခွဲခြားရေး လှုပ်ရှားမှုတွေက အများကြီး ကြီးထွားနေတယ်လေ။ ကျနော်တို့တိုင်းပြည်မှာက အဲ့ဒီ ၁၉၆၃ လို အချိန်မျိုးမှာက စစ်အာဏာရှင်စနစ်က အစွယ်ငေါငေါနဲ့ အရောင်တွေပြပြီးတော့ နှိပ်စက်နေတဲ့ အစပျိုးနေတဲ့အချိန်ပေါ့ဗျာ။
ပြည်သူတွေက ပြားပြားဝပ်နေရတဲ့အချိန်။ အဲ့ဒီအချိန်တုန်းကတော့ ကျနော်တို့ကလည်း သတင်းစာသမားပီပီ ပြည်တွင်းမှာ ဖိနှိပ်မှုတွေကို မ ရေးရတော့ နိုင်ငံတကာမှာဖြစ်နေတဲ့ အဲ့ဒီ လူမည်းတိုက်ပွဲတို့ ဗီယက်နမ်စစ်တို့ဆိုတာကို ဇောင်းပေးပြီးတော့ ရေးရတဲ့အချိန်ပေါ့။ အမေရိကားမှာလည်း မာတင်လူသာကင်းတို့ ဦးဆောင်ခဲ့တဲ့ လူမည်းတိုက်ပွဲဟာ အောင်မြင်မှုရတယ်ဆိုပေမဲ့ အပြည့်အ၀ မရသေးပါဘူး။ ဆက်လက်တိုက်ပွဲဝင်ရမယ်။ အဲ့တော့ သူတို့ ဆက်လက် တိုက်ပွဲဝင်နေသလို၊ ကျနော်တို့ ဗမာပြည်မှာလည်း ဒီမိုကရေစီ မရသေးပါဘူး။ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်ရမယ်။ ဒီမိုကရေစီနဲ့ ခေါင်းနဲ့ပန်း ဖြစ်နေတဲ့ တန်းတူရေး ဆိုတာကို ကျနော်တို့က ဆက်လက် လှုပ်ရှားတိုက်ပွဲဝင်၊ တန်းတူရေးရပြီးမှသာ ဒီမိုကရေစီကလည်း အပြည့်အဝရမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။”

ကွယ်လွန်သူ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာရဲ့ တန်းတူညီမျှရေး တိုက်ပွဲဝင်မှု၊ ခွဲခြားဆက်ဆံမှု ဥပဒေတွေကို တိုက်ဖျက် တော်လှန်ခဲ့တဲ့ အမေရိကန် သမိုင်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိုင်းယှဉ်လေ့လာခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားတဦးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က တိုင်းပြည်မှာ ပြည်သူ့အာဏာရလာအောင် အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြရဦးမယ်လို့ သုံးသပ်ပါတယ်။

“မာတင်လူသာကင်းအကြောင်းကတော့ အန်ကယ်လ်တို့က တပြိုင်တည်း ကြီးပြင်းလာခဲ့ရတဲ့ ပုံစံမျိုးပေါ့။ သူ နာမည်ကြီးလာတဲ့အချိန်မှာ အန်ကယ်လ်တို့ကလည်း အမေရိကန် နိုင်ငံရေး လောကကို စိတ်ဝင်စားတဲ့ ကာလ။ လူမည်းတွေရဲ့ အခွင့်အရေးကို တိုးတက်အောင်လုပ်ဖို့ဆိုပြီးတော့ ဥပဒေကြောင်းအရ တိုက်ပွဲဝင်တဲ့အခါမှာ သူက ထင်ရှားတယ်။ လူမည်းတွေ နေရာရယုံတင်မကဘူး။ အခုက သမ္မတ အိုဘားမား ကပါ လူမည်းအနေနဲ့ ဖြစ်တဲ့အခါကျတော့ မာတင်လူသာကင်းရဲ့ အိပ်မက်ဟာ အထိုက်အလျောက်တော့ အများကြီး တိုးတက်လာပြီလို့တော့ ယူဆတယ်။ အမေရိကန်ကျတော့ လူမည်းတွေရဲ့ အခွင့်အရေး၊ ဗမာပြည်ကျတော့ ဘာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို
ပြောရမှာပါ။ ပြည်သူ့အာဏာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာပြီဆိုတဲ့ အချက်။ အဲ့ဒီအချက်ပြီးမှ တပ်မတော်က ဦးဆောင်ပြီးတော့ အချက်ဆိုတော့ ဖီလာကန့်လန့်ဖြစ်နေပြီ။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ အန်ကယ်လ်တို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုနဲ့ NLD တင်မကဘူး။ တိုင်းသူပြည်သားတွေကပါ သဘောပေါက်သွားအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနာဂတ် ဒီမိုကရေစီ စံတွေနဲ့ မညီဘူးဆိုတာကို အန်ကယ်လ်တို့က ဆက်ပြီးတော့ ဆင်နွှဲရမှာပါ။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း လူလူချင်း ခွဲခြားဆက်ဆံမှု၊ တန်းတူညီမျှရေး တိုက်ပွဲဝင်ကြတဲ့အခါ လူ့အဖွဲ့အစည်း တခုလုံးရဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှုတွေကို ပြောင်းလဲနိုင်အောင် ကြိုးစား တိုက်ပွဲဝင်ကြမှာ ဖြစ်တယ်ဆိုတာကိုတော့ အမေရိကန် ပြည်ထောင်စုရဲ့ သမိုင်းဝင် ပြည်သူ့ အခွင့်အရေး နှစ်ပတ်လည်နဲ့ယှဉ်ပြီး အခုလို သုံးသပ်ပါတယ်။

“ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုဟာ အမေရိကန်နိုင်ငံမှာ အဲ့ဒီမှာ ဒါ မာတင်လူသာကင်းရဲ့ အိပ်မက်တွေထဲက တချို့လည်း အကောင်အထည် ဖော်သင့် သလောက် တော်တော်လေး အကောင်အထည် ပေါ်လာပြီဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြ တာလည်း ရှိပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းတခုလုံး ပြောင်းဖို့ ဆိုတဲ့အခါမှာကတော့ တခါတလေမှာ ဥပဒေအရတင် ပြောင်းလဲရတာ မဟုတ်ဘဲနဲ့ လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ အခုအခံတွေ၊ အစွဲအလမ်းတွေ အဲ့ဒါတွေကိုပါ ပြောင်းလဲဖို့ ဖြစ်တဲ့အခါမှာတော့ ဒါက ယဉ်ကျေးမှုတွေ၊ စိတ်နေစိတ်ထားတွေ၊ ကောင်းအောင်လုပ်ရတဲ့ ပမာဏဟာ ဘယ်လောက် ခက်ခဲတယ်၊ သိမ်မွေ့တယ် ဆိုတာကတော့ ဒါ ကျနော်တို့ ကိုယ်တိုင်လည်း အားလုံး ကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။”

ပြည်သူ့အခွင့်အရေး တန်းတူညီမျှမှု ရရှိရေး အမေရိကန် ပြည်ထောင်စု သမိုင်းမှာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အကြီးမားဆုံး လူထုစုဝေး ချီတက် ဆန္ဒပြပွဲ ကျင်းပမယ့် နှစ် ၅၀ ပြည့် အခမ်းအနားမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန် သမ္မတဖြစ်သူ ဘရက်ခ် အိုဘားမား ကိုယ်တိုင် မိန့်ခွန်းပြောမှာဖြစ်သလို အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ ဂျင်မီကာတာနဲ့ ဘေလ် ကလင်တန်တို့ပါ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG