သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားများနစ်နာမှု သုံးပွင့်ဆိုင်ဆွေးနွေး


ရန်ကုန်မြို့က အလုပ်သမားဌာနရုံးရှေ့ ဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမားများ။ (စက်တင်ဘာလ ၇ ရက်၊ ၂၀၁၂)။
ရန်ကုန်မြို့က အလုပ်သမားဌာနရုံးရှေ့ ဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမားများ။ (စက်တင်ဘာလ ၇ ရက်၊ ၂၀၁၂)။
အလုပ်သမားဥပဒေအရ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတာကို လုပ်ငန်းရှင်တွေက မနှစ်သက်ဘဲ သမဂ္ဂဖွဲ့စည်းတဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပစ်တာတွေအထိ ရှိလာနေတယ်လို့ အလုပ်သမားအခွင့်အရေး ကာကွယ် မြှင့်တင်သူတွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် အလုပ်သမား အခွင့်အရေးတွေကို လစ်လျူရှုတာတွေ များလာနေတယ်လို့ ပြောကြာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲအတွင်းမှာ ပြောခဲ့ကြတာပါ။ ဒီအကြောင်းကို ဆွေးနွေးပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

အလုပ်သမား ဥပဒေသစ်အရ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးထားတဲ့ အလုပ်သမာရေးရာ အသင်းအဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေ ဆောင်ရွက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ကထုတ်ပစ်တာ၊ အလုပ်နေရာ ရွှေ့ပြောင်းလိုက်တာတွေကို ပြည်တွင်းက အလုပ်ရှင်တွေက လုပ်ဆောင်လာလို့ အလုပ်သမားတွေရဲ့ မှုလ အခွင့်အရေးတွေ နစ်နာဆုံရှုံး ရတယ်လို့ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က ဒေါ်အိရွှေစင်ညွှန့်က ပြောပါတယ်။

“ကျမတို့ ဒီ အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းခွင့်ပြုလိုက်တာ ခုချိန်ဆိုလို့ရှိရင် တနှစ်နီးပါး ဖြစ်သွားပါပြီ။ အဲဒီတနှစ်နီးပါးမှာ အစိုးရဘက်က ဒီ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတဲ့ကိစ္စတွေကို အနှောက်အယှက် တခုမှမရှိဘူး။ အစိုးရဆိုတာ ကျမပြောတာ ဌာနဆိုင်ရာအသီးသီးက နေအိမ်မှာလိုက်ပြီး အကူအညီပေးတယ်။ အနှောက်အယှက်မပေးဘူး။ ဝိုင်းဝန်းကူညီတာတွေလည်း ရှိတယ်။ ပြဿနာ အဓိက ဖြစ်နေတာက အလုပ်ရှင်တွေရဲ့ လိုက်နာမှုက အရမ်းအားနည်းနေတယ်။ အလုပ်ရှင်တွေက အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့ပြီဆိုရင် သူတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်မယ်လို့ ယူဆပြီးတော့ အလုပ်က ထုတ်ပစ်တာတွေ၊ နေရာ ရွှေ့ပြောင်းပစ်လိုက်တာတွေ ဆိုလို့ရှိရင် ကျမတို့ ဒီ မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အကုန်လုံး အတူတူ ပူးပေါင်း ဆောင်ရွက်ရမယ့် အခြေအနေပေါ့နော်။ ညှိနှိုင်းဆောင်ရွက်ရမယ့် အခြေအနေမှာ အလုပ်ရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအားနည်းနေတဲ့အကြောင်း ကျမ တင်ပြချင်ပါတယ်။”


ပြီးခဲ့တဲ့ အလုပ်သမားနေ့ မေလ ၁ ရက်နေ့ပြီးကတည်းက တစ်နှစ် အတွင်း မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမား ဆန္ဒပြမှုပေါင်း ၁၅၀ လောက်ထိ ရှိခဲ့ပါတယ်။ အခုလို ဆန္ဒပြမှုတွေ ဖြစ်ရတဲ့ အဓိက အကြောင်းတွေကတော့ အလုပ်သမားတွေကို အလုပ်ရှင်တွေက တဖက်သတ် ဖိနှိပ်ပြီးတော့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို အဓိကထား နှိပ်ကွက်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ လည်း အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဦးအောင်နိုင်က ပြောပါတယ်။

“၂၀၁၂ ခုနှစ် မေဒေးနေ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အလုပ်သမား ဆန္ဒပြပွဲပေါင်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်မှာ ရှိတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အလုပ်ရှင်တွေကနေပြီးတော့ အလုပ်သမား ဥပဒေတွေနဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတာမှာ အပြန်အလှန် အသိအမှတ်ပြု ဆက်ဆံမှု မရှိတဲ့အပေါ်မှာ အခြေခံပြီးတော့ ဖြစ်သွားတာပေါ့။”

အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အချက် ၁၇ ချက်ပါ ညွှန်ကြားချက်ကို လုပ်ငန်းရှင်တွေဘက်က လုံး၀ လစ်လျှူရှုထားပြီး သူတို့ရဲ့ကိုယ်ပိုင် အလုပ်ခွင် စည်းမျဉ်းတွေနဲ့ပဲ အုပ်ချုပ်နေတာတွေကို
အစိုးရပိုင်းအနေနဲ့ စောင့်ကြည့် သုံးသပ်ပေးဖို့ လိုတဲ့အကြောင်းကိုလည်း ဦးအောင်နိုင်က ထောက်ပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက တော့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ အခုလို အလုပ်သမားတွေအပေါ်မှာ တဖက်သတ် ဆောင်ရွက်နေတာကို သက်ဆိုင်ရာ အဆင့်ဆင့်က စောင့်ကြည့် လေ့လာဖို့တွေ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တွေ့နေရတဲ့ အကြောင်းအရာတွေကတော့ monitoring ပါ။ ဘာလုပ်လုပ် monitoring လိုက်လုပ်တဲ့တာဝန် ရှိတဲ့အခါကျတော့ အမိန့်တွေတော့ ခုနက ၁၇ ချက်လည်း ထုတ်ပေးလိုက်တယ်။ လိုက်နာရေး၊ မလိုက်နာရေး ဆိုတာလည်း မရှိတော့ဘူး။ သူတို့ကလည်း မလိုက်နာတော့ဘူး။ လယ်ယာတွေ ကိစ္စလည်း ဒီလိုပဲ။ လယ်ယာမြေကိစ္စမှာ သူက ပေးလိုက်တဲ့အခါကျတော့ ဒါမသုံးဘူးဆိုရင် တကယ့်တကယ်က ပြည်ထဲရေး ကို ပြန်အပ်ရမှာကိုး။ သုံးလားမသုံးလား ဂရုစိုက်ရမယ်။ မစိုက်ဘူးလား စိုက်လား ဘယ်သူမှသွားမကြည့်တော့ monitoring မလုပ်တော့ ဖြစ်ချင်တာတွေ ဖြစ်နေတယ်။ လူထုကလည်း မကျေမချမ်းတွေ ဖြစ်။ အဓိက အကြောင်းအရာက monitoring ကြောင့်ပါပဲ။”

အခုလို အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံ အပြီးမှာ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်ခွင့်နဲ့ လည်ပတ်နေတဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်ရှင်တွေကို သီးသန့် ခေါ်ယူ တွေ့ဆုံပြီး အလုပ်သမားရေးရာကိစ္စတွေမှာ ထိန်းညှိဆောင်ရွက်ဖို့ လိုအပ်နေတဲ့အကြောင်းတွေကို ပြောမယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။ ဒီကနေ့ပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ တို့တက်ရောက်ခဲ့ပြီး မြန်မာငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး စင်တာက တာဝန်ရှိ ခေါင်ဆောင်ပိုင်းတွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အလုပ်သမားရေးရာ ဆောင်ရွက်သူတွေဘက်ကတော့ ပြည်တွင်းမှာ အမှန်တကယ် အငြင်းပွားမှုတွေ ဖြစ်နေလို့ လိုက်လံဖြေရှင်း ဆောင်ရွက်နေရတဲ့ အလုပ်သမားသမဂ္ဂ အသီးသီးက လှုပ်ရှားတက်ကြွသူတွေ တင်ရောက်သလို၊ အလုပ်သမားအရေး ဖြေရှင်းပေးနေတဲ့ ဥပဒေပညာရှင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ ပြည်ထောင်စုဝန်ကြီးတွေ သီးသန့်တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနိမ့်ဆုံး အခြေခံလစာထက် မြင့်မားတဲ့ နှုန်းထားမျိုးတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ဦးစိုးသိန်းက ပြောသွားပါသေးတယ်။
XS
SM
MD
LG