သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာ လုပ်သားနဲ့ ရဲအဓိကရုဏ်း ၄၀ ကျော် ဒဏ်ရာရ


မြန်မာ့အထည်ချုပ် လုပ်ငန်းခွင်မြင်ကွင်း။
မြန်မာ့အထည်ချုပ် လုပ်ငန်းခွင်မြင်ကွင်း။

ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက ရွှေပြည်သာစက်မှုဇုန်မှာ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အထည်ချုပ် အလုပ်သမား သပိတ်ကို ရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး အခြေအနေတွေ တင်းမာခဲ့ပါတယ်။ အမျိုးသမီး အလုပ်သမား ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သလို ရဲတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒါအပြင် ဦးဆောင်လှုပ်ရှားတဲ့ အလုပ်သမားသပိတ်ခေါင်းဆောင် (၈)ဦးကို ရဲအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လက်ရှိအခြေအနေမှာတော့ စုပေါင်း အလုပ်သမားသပိတ်စခန်းကို E-Land Myanmar အထည်ချုပ်စက်ရုံရှေ့မှာ ဆက်လက်ထားရှိပြီး အလုပ်သမားအင်အား (၆၀၀)လောက် ညလုံးပေါက် ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်ပြောပြမှာပါ။

အခုရွှေပြည်သာစက်မှုဇုန် (၂)မှာ ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဟာ ကိုးရီးယားလူမျိုးပိုင်တွေဖြစ်တဲ့ E-Land Myanmar ၊ Costet နဲ့ တရုတ်လူမျိုးပိုင် Fode Glory စက်ရုံ သုံးရုံကဖြစ်ပါတယ်။ အခြေခံလစာ တိုးမြှင့်ပေးဖို့ သက်ဆိုင်ရာ စက်ရုံရှေ့တွေမှာ ရက်သီတင်းပတ် (၂)ပတ်ကျော်ကြာ ဆန္ဒပြနေတဲ့ အလုပ်သမား သပိတ် စခန်းတွေကို သောကြာနေ့ ညနေပိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား (၄၀၀)လောက်က ဖြိုခွဲခဲ့တယ်လို့ အလုပ်သမား သပိတ်ခေါင်းဆောင်တဦးဖြစ်သူ E-Land Myanmar စက်ရုံက မဝင်းသန်းက ဗွီအိုအေကိုပြောပါတယ်။

" ကျမတို့က ပထမတုန်းကတော့ ကျမတို့ ကလေးတွေက ရဲကား သုံးစီးလာတယ်။ လေးစီး လာတယ်။ ကျမတို့က မဖြစ်လောက်ဘူးထင်တာပေါ့။ ကလေးတွေက သပိတ်ကြောင်းချီတက်မယ်ဆိုပြီး တန်းစီလာတဲ့အချိန်မှာ ကျမတို့ဆီမှာ ကျန်ခဲ့တဲ့ ကလေးတွေကို ဘယ်လိုလုပ်တုန်းဆိုတော့ ကျမက အစ လာမေးတယ်။ ဒီသပိတ်စခန်းကို ရွှေ့ပေးဖို့ပေါ့။ ရွှေ့ပေးရအောင် ကျမတို့က ဘာဖြစ်လို့ ရွှေ့ပေးရမှာလဲလို့။ ကျမတို့ ပိုက်ဆံမရတဲ့အတွက် ကျမတို့မရွှေ့ပေးနိုင်ဘူးပေါ့။ အဲ့တာ သူများစက်ရုံရှေ့မှာ ပိတ်နေတယ်ပေါ့။ ကျမတို့ကို ဖယ်ပေးရမယ်ပေါ့။ မဖယ်ပေးလို့ရှိရင် ဥပဒေအရ အရေးယူမယ်။ အရေးယူမယ်ဆိုတော့ ဘာပုဒ်မနဲ့ အရေးယူမှာလဲဆိုတော့ ပုဒ်မကို မပြောနိုင်ဘူး။ သူများစက်ရုံရှေ့ ပိတ်ဆို့မှုနဲ့လို့ပြောတယ်။ ပြောတော့ ကျမတို့လည်း အတိုက်အခံပြောတာပေါ့နော်။ ကျမတို့နယ်မြေကရဲတွေ မဟုတ်ဘူး။ လှိုင်သာယာကရဲတွေလို့ပြောတာပဲ။

ပြောလည်း ပြောပြီးရော တယောက်နဲ့တယောက် အတိုက်အခံ ငြင်းတာပေါ့။ အဲ့လိုမှ မဖြစ်ဘူးဆိုရင် ကျမတို့ အကုန်လုံးကို ဖမ်းမယ်ပေါ့။ ဖမ်းမယ်ဆိုတော့ ဘာဥပဒေ၊ ဘာပုဒ်မနဲ့ ဖမ်းမှာလဲပေါ့။ နောက်ကျတော့ ယောကျ်ားလေးတွေကို အရင်ဆုံးခေါ်သွားတယ်။ ၈ယောက်ကို။ ခေါ်သွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ မိန်းကလေးတွေက အကုန်လုံး လိုက်မယ်ဆိုပြီး လိုက်ချသွားတယ်။ ကျမက နောက်ဆုံးအဖမ်းခံရတာ။ ကျမတယောက်တည်းကို ရဲမေ ၁၀ယောက်လောက်က ဝိုင်းဖမ်းတာ။ ၁၀ယောက်၊ ၁၅ယောက်လောက်ရှိမယ်။ ကျမမှာ ပြစ်ချက်မရှိတဲ့အတွက် မဖမ်းနဲ့ ကျမဘာသာ ကျမ တက်မယ်ဆိုပြီး နောက်ဆုံးကျတော့ သပိတ်စစ်ကြောင်းပြန်ချီတက်လာတဲ့အချိန်မှာ ကျမ ကားကို ဖောက်ထွက်ပြီး ကျမ ရအောင်ပြန်ထွက်လာခဲ့တယ်။

ထွက်လာတော့ ဟိုလူကရိုက်နဲ့ ကလေးတွေ တော်တော်အထိနာသွားတယ်။ အယောက် ၄၀လောက် ဒဏ်ရာရသွားတယ်။ ယောက်ကျားလေးက အခုလက်ရှိ ကျမဆီမှာ သတင်းရတာဆို သုံးယောက်၊ လေးယောက်၊ ငါးယောက်ရှိတယ်။း ယောက်ကျားလေးက ကြီးကြီးမားမားဖြစ်တာပေါ့နော်။ မိန်းကလေးတွေကတော့ အများကြီးပဲ အမ။ အယောက် ၄၀ ၊ ၃၅ ယောက်က မိန်းကလေးတွေပေါ့။ ဆူးကြိုးနဲ့ ညှိပြီး လုံခြည်ပြဲတာတွေရော၊ ရဲတွေက သူတို့က ဒိုင်းတွေ အကာတွေနဲ့ လာပြီးတော့ ကျမတို့ သပိတ်စခန်းကို အကုန်ဖြိုသွားတယ်။ ရှိသမျှ အမိုးတွေ အကာတွေ အကုန်ဖျက်ခဲ့တယ်။ ကလေးတွေကိုလည်း ရိုက်နှက်သွားတယ်။ အခုဆို ဆေးရုံကကလေးက နံရိုးတချောင်းကျိုးလား။ မကျိုးလား ဆိုတာ ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ အစီအစဉ် လုပ်နေတုန်းပဲရှိသေးတယ်။"

မေး။ ။ ဆိုတော့ အခု အမတို့ စုပေါင်းသပိတ်ကို အခုဘယ်နေရာမှာ လုပ်ထားလဲရှင့်။

"ကျမတို့ E Land Myanmar မှာပါ။"

မေး။ ။ အားလုံး အလုပ်သမားအင်အား ဘယ်လောက်လောက် ရှိလဲရှင့်။ အဲ့ဒီ့စခန်းမှာလေ။

" ခြောက်ရာ၊ ခြောက်ရာကျော်လောက်ရှိမယ်။"

မေး။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အမတို့ အခု စုပေါင်းဆန္ဒပြနေတဲ့ သပိတ်စခန်း ကနေပြီးတော့ ဘာဆက်လုပ်သွားမလဲရှင့်။

" ကျမတို့ကတော့ ကျမတို့ လိုချင်တဲ့ Target ကို မရမချင်းတော့ တောင်းမှာပေါ့ အမရယ်။ အဓိက တောင်းဆိုချက်က အခြေခံ လုပ်ခလစာ သုံးသောင်း ရရှိဖို့ရယ်။ နောက်ပြီးတော့ အစိုးရက အခြေခံလုပ်ခလစာ အနည်းဆုံး သတ်မှတ်ပေးဖို့ရယ်။ နောက် အာဆီယံ လစာအတိုင်း လုပ်ပေးဖို့ရယ် အဓိကပေါ့။"

နှစ်ဖက်တင်းမာတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးရဲတချို့ ထိခိုက်ဒဏ်ရာရခဲ့ တယ်လို မျက်မြင်သက်တွေကပြောပါတယ်။

လက်ရှိအထည်ချုပ် အလုပ်သမားတဦးရဲ့အခြေခံလစာဝင်ငွေဟာ တလကို မြန်မာ ကျပ်(၄)သောင်းဖြစ်ပါတယ်။ အခြားအချိန်ပိုကြေး၊ ရက်မှန်ကြေး နဲ့ ဘောနပ်စ်တို့ပေါင်း မှ ကျပ် (၈)သောင်းနဲ့ တစ်သိန်း ပတ်ဝန်းကျင်လောက် ရကြတာပါ။ ဒါကြောင့် မိသားစု စားစရိတ်အတွက် လုံလုံလောက်လောက် မရှိတာကြောင့် အခြေခံလစာ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ (၂)ရက်နေ့ အလုပ်သမားတွေ ဆန္ဒစမပြခင်မှာ စက်ရုံပိုင်ရှင်တွေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ညှိနှိုင်းခဲ့ပုံကို မဝင်းသန်းက အခုလိုပြောပါတယ်။

"ပထမတော့ ကျမတို့ စက်ရုံထဲမှာ ညှိတယ်ပေါ့နော်။ ညှိတဲ့အချိန်မှာ ကျမတို့က သုံးသောင်းဆို နှစ်သောင်းခွဲနဲ့ဆိုရင်တော့ ကျမတို့ လက်ခံမယ့် အနေအထားမှာ ရှိပြီးတော့ ကလေးတွေကို ပြောပြီးသွားပြီ။ ပြီးတဲ့အချိန်မှာ သူတို့က လုပ်ပေးမယ်၊ လုပ်ပေးမယ်ဆိုပြီး အီလေးဆွဲပြီး အချိန်ကို ဆွဲထားခဲ့တာ။ တိတိကျကျ အဖြေနဲ့ အမှန်ကန်ဆုံး လိုချင်တယ်ပေါ့။ ကျမတို့က ဒီလမဟုတ်ဘူး။ သုံးလပိုင်း လစာထုတ်တဲ့အချိန် ကျမှ ကျမတို့က တောင်းမှာပါ။ အဲ့လိုပဲ သူတို့ကလည်း သဘောတူခဲ့တယ်။ တူခဲ့ပြီးတဲ့အချိန်နောက်မှ ကျမတို့ကို ဘယ်လိုပြောလည်းဆိုတော့ မပေးနိုင်တော့ဘူးလို့ သူဋ္ဌေးက ဆုံးဖြတ်ချက် ချပေးလိုက်ပြီတဲ့။ ပထမတော့ သူဋ္ဌေးမရှိဘူး။ ဟိုသွားတယ်။ ဒီသွားတယ်ပေါ့။ ဒီလိုမျိုး လွှဲပြောတာ။ သူဋ္ဌေးက ဆုံးဖြတ်ချက် ချပေးလိုက်တော့ ကျမတို့က လိုချင်တဲ့ရက်ကို တနင်္လာမှ အဖြေမပေးရင် ကျမတို့က ကိုယ်လိုချင်တဲ့အတိုင်း တောင်းဆိုတော့ မယ်လဲ ဆိုရော စနေနေ့က သူဋ္ဌေးက ပြန်လာပြီးတော့ အစည်းအဝေး လုပ်လိုက်တယ်တဲ့။ အစည်းအဝေးလုပ်ပြီးတော့ သူဋ္ဌေးက သုံးရာပဲ ပေးနိုင်မယ်။ ကျမတို့တောင်းတဲ့ ပိုက်ဆံကို မပေးနိုင်ဘူးတဲ့။ အဲ့လိုပြောတယ်။ အဲ့လိုပြောတဲ့ အချိန်မှာ ကလေးတွေက လက်မခံနိုင်ပဲနဲ့ ထမင်းစားလွှတ်ပြီးတဲ့အချိန်မှာ သပိတ်စခန်း စတာပဲ။ နေ့ခင်း ၁၂နာရီက စပြီးတော့။"

မေး။ ။ ဒါဆိုရင် အစိုးရကရော ကြားဝင်ပြီးတော့ စေ့စပ်ညှိနှိုင်းတာတွေရော ရှိလားရှင့်။

" ဝန်ကြီးတွေ ဆင်းလာပြီး ညှိတယ်ပေါ့နော်။ နှစ်ရက်ဆက်တိုက် ညှိတယ်။ ညှိပေမဲ့ ကျမတို့ကို နေ့စားကြေး ၄၀၀ထက် တိုးပြီး မပေးဘူးတဲ့။ ကျမတို့ကို နေရာဖယ်ပေးဖို့လည်း ဝန်ကြီးတွေက ပြောပါတယ်။ ဒီမှာ မနေပေးပေါ့နော်။ တစ်နေရာကို ရွှေ့ပေးဖို့။ ကျမတို့ကို တရားဝင် စာတင်ပေါ့။ စာတင်ပြီးတော့ ငြိမ်း-စု-စီနဲ့ လမ်းလျှောက်မယ်ဆို လျှောက် သပိတ်စခန်း တပ်မစွဲထားဖို့ ပြောပါတယ်။ ဒီစက်ရုံရှေ့ကနေ ဖယ်ပေးရမယ်တဲ့။ မဖယ်ပေးလို့ရှိရင် ဥပဒေအရ အရေးယူမယ်တဲ့။ ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း ဘာပုဒ်မနဲ့ တပ်မလဲဆိုတာလည်း သူတို့ ကျမတို့ကို မပြောနိုင်ပါဘူး။ မပြောပဲနဲ့ ကလေးတွေကို အကုန်ဖမ်းတာ။"

အလားတူ လှိုင်သာမြို့နယ်က တိုင်ရီအထည်ချုပ်စက်ရုံအလုပ်သမားတွေကလည်း လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG