သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲနဲ့အလုပ်သမားပဋိပက္ခ ရဲ ၉ ဦး ဒဏ်ရာရ


ကိုရီးယားပိုင် Master Sport ဖိနပ်စက်ရုံက ၄ လကျော်ကြာ လစာမရရှိတဲ့ အလုပ်သမားတွေကို လစာပိတ်ငွေတွေနဲ့ နစ်နာကြေးတွေကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပေးရမယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းပေးတဲ့ ခုံသမာဓိက ဆုံးဖြတ်ပေးခဲ့တဲ့အတွက် အလုပ်သမားတွေဟာ မနက်ကတည်းက စက်ရုံထဲဝင်ရောက်ကာ စောင့်ခဲ့ကြပါတယ်။

အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လာရောက်ပြီး အလုပ်သမားတွေနဲ့ လာရောက်ဆွေးနွေးစဉ် နားလည်မှုလွဲကာ အလုပ်သမားမဟုတ်တဲ့ ပြင်ပက လူတစုရဲ့ သွေးထိုးနှိုးဆော်မှုတွေကြောင့် ရဲတပ်ဖွဲ့နဲ့ အလုပ်သမားထုကြား မနေ့ အင်္ဂါနေ့ည ၁၀ နာရီကျော်လောက်မှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွင်းမှာ ရဲတပ်ဖွဲ့မှ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး အလုပ်သမ ၂ ဦးကို ခေတ္တ ထိန်းသိမ်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ခုံသမာဓိက စက်တင်ဘာလ ၁၆ ရက်နေ့မှာ အလုပ်သမားတွေရဲ့ လစာငွေတွေနဲ့ နစ်နာကြေးတွေကို ပေးရမယ်လို့ ဆုံးဖြစ်ခဲ့တဲ့အတွက် အလုပ်သမား ၇၀၀ လောက်ဟာ စက်ရုံထဲမှာ စောင့်ခဲ့ကြပါတယ်။အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ ရောက်လာတဲ့အချိန်မှာတော့ အလုပ်သမားတွေက သူတို့ရဲ့ အခက်အခဲတွေကို ရှင်းပြခဲ့ကြပြီး အပြန်အလှန် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။

အလုပ်သမားမဟုတ်တဲ့ ပြင်ပကလူတွေက စက်ရုံတံခါးကိုလည်း ပိတ်ခဲ့တဲ့အတွက် အလုပ်သမားတွေနဲ့ ညှိနှိုင်းဖြေရှင်းသူတွေကြား နားလည်မှုလွဲခဲ့ပြီး မနေ့ညက ၁၀ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ ရဲတပ်ဖွဲ့ဘက်က ၉ ဦးဒဏ်ရာရရှိခဲ့ပြီး အလုပ်သမခေါင်းဆောင် ၂ ဦးကိုလည်း ခေတ္တ ထိန်းသိမ်းထားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

အခုလို အလုပ်သမား ၈၀၀ လောက် ထိခိုက်နစ်နာရတာကို နားလည်ပေမဲ့ ဥပဒေမဲ့ လုပ်တာတွေကိုတော့ တားဆီးရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“အလုပ်သမားတွေဘက်က နစ်နာတာကို ကိုယ်စားမစာလို့ ကျနော်တို့က ပြောတာမဟုတ်ဘူး။ အရမ်းကို ကိုယ်ချင်းစာတယ်။ နိုင်ငံခြားသား ဒါမျိုးလာတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်တယ်။ ကိုယ့်နိုင်ငံက အလုပ်သမားတွေကို လခမပေးဘူး။ ထွက်ပြေးသွားတယ်။ ကျနော်တို့ အရမ်းကို ကိုယ်ချင်းစာတယ်။ ဒီအပေါ်မှာ ကျနော်တို့က ဥပဒေနဲ့အညီပဲ ရှိတာကို ထုခွဲရောင်းချပြီးတော့ ဥပဒေနဲ့အညီ ခွဲဝေပေးမှာ ဖြစ်ပါတယ်။ ဥပဒေမဲ့လုပ်ရင်တော့ ဥပဒေမဲ့တာကို ကျနော်တို့က ဘယ်သူ့မှ လက်ခံလို့ မရပါဘူး။”

၄ ကျော်ကြာ လစာငွေမရရှိတာကြောင့် အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အလုပ်သမားတွေဟာ လစာငွေ အမြန်ဆုံးရဖို့ မျှော်လင့်ချက်နဲ့ အခုလို တောင်းဆိုမှုတွေ ပြုခဲ့တာဖြစ်ပေမဲ့ ကြားက အဖွဲ့အစည်းတချို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ အခုလို သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိန်းသိမ်းပေးစေလိုပါတယ်လို့ အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က မမိုးဝေက ပြောပါတယ်။

“ကျမတို့အလုပ်သမားတွေက တကယ်ကို အကျပ်အတည်း၊ အခက်အခဲတွေနဲ့ပေါ့နော် ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒါပေမဲ့ပေါ့နော် ဥပဒေကို အလုပ်သမားတွေအနေနဲ့ ချိုးဖောက်ချင်လို့ဆိုတာ ဥပဒေနဲ့ မညီဘူးဆိုတဲ့နေရာမှာ ဘေးကနေပြီးပေါ့နော် အနှောင့်အယှက်တွေ အများကြီးရှိပါတယ်။ သက်ဆိုင်ရာအနေနဲ့လည်း ဒီလိုလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဟုတ်လား ထိန်းသိမ်းပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တကယ်ခံစားရတာက ကျမတို့ အလုပ်သမားတွေပါနော်။ တကယ် နစ်နာဆုံးရှုံးရတာကလည်း ကျမတို့ အလုပ်သမားတွေပါ နော့်။ ဒါကြောင့် ကျမ ဒီနေရာကနေပြောချင်ပါတယ်။ ကျမတို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးတဲ့ ကြားခံအဖွဲ့အစည်းမျိုးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးတယ်ဆိုတဲ့ နေရာမှာပေါ့နော် တကယ်မှန်ကန်တဲ့ လမ်းကြောင်းတွေကို ပြပေးမှပေါ့နော် တကယ် မှန်မှန်ကန်ကန်နဲ့ လမ်းကြောင်းလေးတွေ ချပေးပြီး ကူညီပေးကြဖို့ကို မေတ္တာရပ်ခံပါတယ်။”

အလုပ်သမားတွေကို လစာငွေမပေးဘဲ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သွားခဲ့တဲ့ အဲဒီစက်ရုံကပစ္စည်းတွေကို ၁၀ လပိုင်း ၉ ရက်နေ့မှာ လေလံတင်စနစ်နဲ့ ရောင်းချသွားမှာပါ။ အဲလို ရောင်းချပြီးတဲ့နောက် ကျန်ရှိနေသေးတဲ့ အလုပ်သမားတွေရဲ့ လစာငွေတွေနဲ့ နစ်နာကြေးတွေကို ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

“လုပ်သား ၇၅၁ ဦးထဲမှာ … ကျန် ၆၉၃ ဦးကို ကျနော်တို့က လစာကျန်နဲ့ နစ်နာကြေးအပါပေါ့လေ ကျနော်တို့က သိန်းပေါင်း ၂,၁၄၁ သိန်းနဲ့ ၆၇,၀၁၅ ကျပ် ကျနော်တို့ ပေးသွားမှာ ဖြစ်ပါတယ်။”

သက်ဆိုင်ရာတာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ ဥပဒေလမ်းကြောင်းအရ အားနည်းမှုတချို့ ရှိခဲ့တယ်လို့ လှိုင်သာယာမြို့နယ် အလုပ်သမားအဖွဲ့အစည်း ဥက္ကဌ ကိုကျော်ဇေယျက ပြောပါတယ်။

“ဥပဒေမှာကို အားနည်းချက်တွေ ရှိနေတယ်။ ကျနော်တို့ ဒီ ခေတ်မမီတော့တဲ့ လုပ်ထုံးလုပ်နည်းတွေတော့ ရှိနေတယ်ပေါ့ဗျာ။ ဥပမာ ဒီ အခုလို သူဌေးပြေးသွားတဲ့ကိစ္စမျိုးဆိုရင် ဒီပစ္စည်းကို လွယ်လွယ်နဲ့ ဝရမ်းတပ်ပြီး ရောင်းဖို့ဆိုတဲ့ ကိစ္စမျိုးကျတော့ ကျနော်တို့ အခွန်အမှုဆိုပြီး တည်ဆောက်တဲ့နေရာမှာ မလိုအပ်ဘဲနဲ့ ရက်တွေက တော်တော်လေး ကြန့်ကြာတဲ့အပိုင်းတွေ တွေ့တယ်ပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့ အဲ့လိုအပိုင်းတွေမှာတော့ နည်းနည်းလေး ဒီ ဥပဒေတွေ ပြင်ဖို့လိုအပ်တယ်ဆိုတာကိုတော့ မြင်တယ်ခင်ဗျ။”

ဒီစက်ရုံက အလုပ်သမားအများစုက နယ်ကလာတဲ့ မိန်းကလေးတွေဖြစ်တဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ စက်ရုံအလုပ်သမတွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် အခုလို ပြဿနာတွေဖြစ်ပွားနေရပြီး အစိုးရတာဝန်ရှိသူတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားအားလုံး ပူးပေါင်းဖြေရှင်းရင် အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG