သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ နိုင်ငံခြားအကူအညီ သုံးသပ်ဆွေးနွေးပွဲ


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးပြီး စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေ ပေးနေတာဟာ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေ အားလုံး ပြီးပြည့်စုံသွားပြီလို့ လက်ခံ လိုက်တာမျိုး မဟုတ်ဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့ Joseph Yum က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေနဲ့ နိုင်ငံတကာ အကူအညီတွေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က Georgetown တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုံးသပ်ဆွေးနွေးပွဲတခုမှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အခြေအနေတွေအပေါ် သုံးသပ်ချက်တွေနဲ့ မြန် မာနိုင်ငံတွင်း နိုင်ငံတကာရဲ့ အကူအညီတွေကို ဘယ်လို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာတွေကို အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်မှာ မတ်လ ၁၄ ရက် ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြေလျော့ပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေပေးပြီး မြန်မာနိုင်ငံတွင်း အခြေခံ အဆောက်အအုံတွေ တိုးတက်ကောင်းမွန်လာဖို့နဲ့ အလုပ်အကိုင်တွေ ပိုမိုရရှိလာဖို့ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဖြစ် ယာယီတာဝန်ယူထားတဲ့ Joseph Yum က ဒီဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့ ဒီလို ဆောင်ရွက်မှုတွေ ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ပြီးပြည့်စုံပြီလို့ အသိအမှတ်ပြုတာတော့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

“ဒီကူညီဆောင်ရွက်မှုတွေက မြန်မာနိုင်ငံမှာ လုပ်သင့်တဲ့အရာတွေ အားလုံး ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြုပြင် ပြောင်းလဲရဦးမယ့် အဓိကအရေးကြီးတဲ့ အကြောင်းအရာတွေ ရှိနေတုန်းပါ။ ဥပမာ- လွှတ်တော်ထဲမှာ ၂၅ % စစ်တပ်က ဖြစ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားတဲ့ ဒီနိုင်ငံရေးစနစ်ကြီးက ဘယ်လောက်ထိ ဆက်ပြီး ရှိနေဦးမယ်ဆိုတာ မသိရပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေကလည်း ဆက်ပြီး ရှိနေဆဲဆိုတာကို ကျနော် ယုံကြည်ထားပါတယ်။ ဒီကိစ္စကလည်း ချန်လှပ်ထားလို့မရပါဘူး။ ပိုပြီး အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ကိစ္စပါပဲ။”

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အစပျိုးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား အကူအညီတွေ အမှန်တကယ်ထိရောက်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေတွေနဲ့ ဆက်စပ်ပြီး ဒီဆွေးနွေးပွဲမှာ ပြောခဲ့ကြ တာပါ။ မြန်မာနိုင်ငံထဲ နိုင်ငံတကာ အကူအညီတွေ အမြန်ဆုံး ရရှိရေးက အရေးကြီးတဲ့ တချိန်တည်း မှာ မြန်မာအစိုးရအတွက်လည်း ဒီအကူအညီတွေ ထိရောက်မှုရှိတယ်ဆိုတာကို နိုင်ငံတကာကို ပြသ ဖို့ အရေးကြီးနေတာဖြစ်တယ်လို့ Georgetown တက္ကသိုလ် နိုင်ငံခြား ဆက်ဆံရေးဌာနက မြန်မာ့ အရေး သုံးသပ်သူ ပါမောက္ခ David Steinbrg က ပြောပါတယ်။

“နိုင်ငံတကာ အကူအညီတွေ အလုံးအရင်းနဲ့ အလျင်အမြန် ဝင်ရောက်နိုင်ဖို့ အရေးကြီးတယ် ဆိုတာကို ကျနော် လက်ခံပါတယ်။ မြန်မာအစိုးရ အတွက်ကလည်း ဒါက နိုင်ငံရေးအရ သိပ် အရေးကြီးတဲ့ကိစ္စပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံတကာရဲ့ အကူအညီတွေ အလုပ်ဖြစ် ပါတယ် ဆိုတာကို မြန်မာအစိုးရက ပြဖို့လိုအပ်နေတာဖြစ်ပါတယ်။ ဒါကလည်း တကယ့်ကို ခက်ခဲတဲ့ ကိစ္စပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေကလည်း သိပ်ကိုကြီးပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ သူတွေကလည်း အစိုးရဟာ အကူအညီတွေကို ထိရောက်အောင် မဆောင်ရွက်နိုင်ဘူး ဆိုပြီး ဝေဖန်ပြောနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမေးခွန်းတွေကလည်း အများကြီးရှိနေတာပါ။”

မြန်မာနိုင်ငံထဲ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေ အလုံးအရင်းနဲ့ မြန်မြန်ဆန်ဆန် ဝင်ရောက်သင့်ရဲ့လား ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ရခက်ခဲတဲ့အခြေအနေ ရှိနေကြောင်း “Too much, Too Soon? The Dilemma of Foreign Aid to Myanmar/Burma” ဆိုတဲ့ နံမည်ပေးထားတဲ့ အစီရင်ခံစာသစ်တစောင်ကိုလည်း ဒီအစီရင်ခံစာ ရေးသားခဲ့သူနှစ်ဦးက ဒီဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတဲ့အကြောင်း ထောက်ပြခဲ့တာ ရှိသလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သေသေချာချာ နားလည်ဖို့ လိုအပ်တဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကူအညီတွေကို မှန်မှန် ကန်ကန်နဲ့ ထိထိရောက်ရောက် ပေးသွားဖို့ အရေးကြီးတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG