သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဘဏ် က မြန်မာ ကို ဒေါ်လာ သန်း ၁၆၀၀ ချေးငှား ထောက်ပံ့


ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရန်ကုန်တိုင်း တွင်းက ဆေးရုံကို လာရောက်လေ့လာခဲ့စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရန်ကုန်တိုင်း တွင်းက ဆေးရုံကို လာရောက်လေ့လာခဲ့စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)

ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံကို နှစ်ပေါင်း (၃၀)ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာသန်း (၁၆၀၀) အတိုးမဲ့ ထုတ်ချေးမယ်လို့ ဧပြီလ ၂၃ ရက်နေ့က ကြေညာလိုက်ပါတယ်။ သုံးနှစ်အတွင်း တိုင်းပြည်ရဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ တိုးမြှင့်လာအောင် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၁၆၀၀ အစီအစဉ်ဟာ ၁၉၈၄ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို ချေးငွေနဲ့ အကူအညီတွေ ရပ်ဆိုင်းခဲ့ပြီးနောက် ပထမဦးဆုံး အကြိမ် မြန်မာနဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်တာပါ။ ကမ္ဘာ့ဘဏ် အနေနဲ့ ၂၀၁၂ခုနှစ်မှာ မြန်မာနိုင်ငံထဲ စတင်ဝင်ရောက်ခဲ့ပြီးနောက် ဖွံဖြိုးရေး လုပ်ငန်း တွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို အတိုးမဲ့ ငွေကြေး ထုတ်ချေးမယ့် အစီအစဉ်ကို အကောင်အထည်ဖေါ် တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက ဗွီအိုအေကိုပြောပါတယ်။

"ဒီမူဘောင်ကတော့ သုံးနှစ်စာ ကျနော်တို့ ရေးဆွဲထားတာပေါ့နော်။ သုံးနှစ်စာရေးဆွဲ ထားတဲ့အခါ ကဏ္ဍတွေကတော့ အဓိက သုံးခုပါမယ်ပေါ့။ ပထမကဏ္ဍကတော့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့ပေါ့။ ဆင်းရဲနွမ်းပါးတိုက်ဖျက်တယ် ဆိုတဲ့နေရာမှာ လည်း ကျေးလက်ဒေသမှာ နေတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေရဲ့ ဘဝတွေ မြင့်မား လာအောင် ဆောင်ရွက်ဖို့ပေါ့နော်။ နောက် ဒုတိယတခုကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကဏ္ဍတွေမှာ ကူညီဆောင်ရွက် သွားဖို့ပေါ့။ နောက်ဆုံးတခုကတော့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီးတော့မှ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာအောင် ဆိုတဲ့နေရာမှာ ကူညီဆောင်ရွက် သွားဖို့ဆိုတဲ့ အဓိက ဒီကဏ္ဍသုံးခုမှာ ကူညီသွားဖို့ဆိုပြီး ဦးစားပေးရေးဆွဲထားတဲ့ မူဘောင် ဖြစ်တယ်ပေါ့။"

မေး။ ။ အဲ့တော့ ကမ္ဘာ့ဘဏ်က ၂၀၁၂ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ တရားဝင်ဆောင်ရွက်နေတဲ့ အခါကျတော့ အခုလက်ရှိမြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာရော အားသာချက်၊ အားနည်းချက်တွေ ဘယ်လို တွေ့ရပါသလဲရှင့်။

"အဓိက ကတော့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ ဆောင်ရွက်တဲ့အခါမှာ အရေးကြီးတဲ့အချက်ကတော့ ဘယ်လိုကဏ္ဍတွေကို ဦးစားပေးဆောင်ရွက် သွားမလဲပေါ့နော်။ အဲ့တာတွေကို အဓိက အစိုးရတာဝန်ရှိတဲ့သူတွေနဲ့ရော ပုဂ္ဂလိကဆိုရင်လည်း ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ရော နောက်တခုက ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ရော နောက်တခုက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့က ညှိနှိုင်းဆွေးနွေးမှုတွေ အကြံဉာဏ်ရယူမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတော့မှ ဘယ်လိုကဏ္ဍတွေကို ဦးစားပေးပြီးတော့မှ ဆောင်ရွက် သင့်တယ်ဆိုတာ အခြေခံပြီးတော့မှ ဒါကို ရေးဆွဲထားတာဖြစ်ပါတယ်။"

မေး။ ။ တဖက်မှာရော လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကရော ဘယ်လိုရှိပါလဲရှင့်။

"မူဘောင်ကို မရေးခင်မှာ ကျနော်တို့ ဒီမြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှု အခြေအနေကို လေ့လာဆန်းစစ်မှုဆိုတာပေါ့။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော် အတွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြား အဓိကကျတဲ့ မြို့ကြီးတွေပေါ့။ မန္တလေးတို့ တောင်ကြီးတို့ ပုသိမ်တို့ ဘားအံတို့ ပုသိမ်တို့ နောက်ရန်ကုန်လည်း ပါတယ်ပေါ့နော်။ နောက် နေပြည်တော်ပါမယ်။ အဲ့ဒီ့မှာ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ပါတယ်။ နောက်ပြီး အစိုးရဘက်က တာဝန်ရှိတဲ့သူတွေလည်း ပါတယ်။ နောက်ပြီးတော့မှ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ ပါသလို တချို့ ဒီမန္တလေးတို့ ပုသိမ်မှာတို့ဆိုရင် ဒေသဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့မှ အကြံဉာဏ်ရယူတဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ လုပ်ပြီးတော့မှ ဘယ်လိုအရာတွေကို ဦးစားပေးပြီးတော့မှ ထည့်သွင်းသွားရမလဲဆိုတဲ့ဟာကို သူတို့တွေနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ရတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့မှ ဒါကို ရေးထားတာဖြစ်ပါတယ်။"

မေး။ ။ ဒီသုံးနှစ်အတွင်း အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ် ဘက်က ဘယ်လောက်အထိ မျှော်လင့်ထားလဲရှင့်။

"ဟုတ်ကဲ့ခင်ဗျ။ ဒီမူဘောင်က သုံးနှစ်ရေးတယ်ဆိုပေမဲ့ ကျနော်တို့ လာမယ့် ၂၀၁၆ မှာပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ သုံးနှစ်စာ နှစ်တဝက်ပေါ့နော်။ ဒီအစီအစဉ်ရဲ့ ကာလအလည်မှာ ပြန်ပြီးတော့ သုံးသပ်ဖို့ဆိုပြီး အပိုင်းတခုကို ကျနော်တို့ ထည့်ထားတာရှိပါတယ်။ ဆိုတဲ့အခါကျတော့ အဲ့ဒီ့အချိန်မှာ ကျနော်တို့ ၂၀၁၅လည်း ကျော်သွားပြီဆိုတော့ နောက်လာမယ့် အစိုးရသစ် သက်တမ်းလည်း ဖြစ်နေမယ့် အချိန်ဆိုတော့ ကျနော်တို့ အခုရေးဆွဲထားတဲ့ မူဘောင်တွေနဲ့ပတ်သက်ပြီးတော့မှ လက်ရှိသွားနေတဲ့ ဒီလုပ်ငန်းတွေအပေါ်မှာ အားသာချက်တွေရှိတယ်။ အားနည်းချက်တွေရှိတယ်။ ဘယ်လို ဆက်ပြီးတော့မှ သွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ ပြန်သုံးသပ်ဖို့ဆိုပြီး လုပ်ဖို့ဆိုပြီး အစိတ်အပိုင်းတခုအနေနဲ့ ကျနော်တို့ ထည့်ထားတာရှိပါတယ်။"

ဒီအစီအစဉ် အရ ၂၀၁၅ခုနှစ်ကနေ-၂၀၁၇ ခုနှစ်ထိ သုံးနှစ်အတွင်း လူဦးရေ သုံးသန်းလောက် ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ လူဦးရေ ခြောက်သန်းအတွက် လျှပ်စစ်မီးနဲ့ အခြေခံ ဝန်ဆောင်မှုတွေ ကို ထောက်ပံ့ပေး မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာဖေါ်ပြ ထားပါတယ်။

ဒါအပြင် ကမ္ဘာ့ဘဏ်ရဲ့အဖွဲ့ခွဲတခုဖြစ်တဲ့ IFC ခေါ် နိုင်ငံတကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအသင်းကနေ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း (၁၀၀၀)နဲ့ နည်းပညာအတွက် ဒေါ်လာသန်း (၂၀)ကို အကူအညီပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG