သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ နိုင်ငံခြား ဘဏ်ရောက် ၁၁ ဘီလီယံ


အမေရိကန်ဒေါ်လာ
အမေရိကန်ဒေါ်လာ
မေး။ ။ လောလောဆယ်မှာ အတော်လေး ဆူဆူညံညံဖြစ်နေတဲ့ မြန်မာနိုင်ငံ က နိုင်ငံခြားမှာ ဘဏ်အပ်ငွေစာရင်း ငါးခုနဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စကို ကြည့်ရအောင်ပါ။ ကိုကျော်ကျော်သိန်းက ဒီကိစ္စကို တောက်လျှောက် စုံစမ်းထားတယ်ဆိုတော့ အခု နောက်ဆုံး သိထားရသမျှ ပြောပြပါဦးရှင့်။

ဟုတ်ကဲ့ပါ၊ ဒီ ပြည်ပအပ်နှံငွေ ၁၁ ဘီလီယံကိစ္စ စပြီးထွက်လာတာက ပြည်တွင်း သတင်းမီဒီယာတွေပေါ်မှာပါဖြစ်ပါတယ်။ သူတို့ ကိုးကား ရေးသားထားတာကတော့ Bank Information Center လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေပေါ့လေ World Bank တို့ IMF တို့ ADB တို့ အဲ့ဒီ့လိုအဖွဲ့အစည်းတွေကို စောင့်ကြည့်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့က အာရှဆိုင်ရာအစီအစဉ်ရဲ့ မန်နေဂျာ Jelson Garcia ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း မစ္စတာဂါဆီယာက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မစ္စတာ Jelson Garcier ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာမှာ ကျနော်တို့ အဆက်အသွယ် မရခဲ့ပါဘူး။ သူဟာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာပြီး ဒေသတွင်း နိုင်ငံတခုကို သွားနေတယ်လို့ပဲ ကျနော်တို့ အကြမ်းဖျင်းသိပါတယ်။ မစ္စတာဂါဆီယာ ပြောခဲ့တယ်ဆိုတဲ့ မီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲမှာ ကူညီပြီးတော့ဘာသာပြန်ပေးခဲ့ကြသူတွေကလည်း အတိအကျ တရားဝင်ပြောဖို့ ငြင်းခဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို မစ္စတာဂါဆီယာ ပြောခဲ့သလား မပြောခဲ့ဘူးလား ဆိုတာကိုတောင်မှ ကျနော်တို့ ခုချိန်မှာ အတည်မပြုနိုင်သေးပါဘူး။

မေး။ ။ ဒါဆိုရင် အစိုးရဘက်က ဒီကိစ္စကို ဘာများ ပြန်ပြောထားပါသေးလဲ။ အဓိက ပတ်သက်နေတယ်လို့ ဆိုရမယ့် ကမ္ဘာ့ဘဏ်ဘက်ကရော တစ်ခုခု ပြောပါသလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့၊ အစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် ပြန်ပြီး ရှင်းထားတာရှိပါတယ်။ တစ်အချက်က အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲ့ဒီ့လိုပြည်ပမှာ အပ်နှံထားတာ လုံးဝ မရှိဘူး။ ၁၁ဘီလီယံအပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခု နဲ့ပတ်သက်ပြီးတော့ ခိုင်မာတဲ့အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲလို့ပြောပါတယ်။

နောက်တချက်က ကမ္ဘာ့ဘဏ်နဲ့ မြန်မာနိုင်ငံကြား မှာ ကြွေးမြီကိစ္စတွေ ဆွေးနွေးပွဲတွေတုန်းက နိုင်ငံခြားဘဏ်စာရင်းငါးခုမှာ ဒေါ်လာ ၁၁ဘီလီယံ ရှိတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်ကြိမ်မှ ထောက်ပြပြောဆိုဆွေးနွေးခဲ့တာမရှိပါဘူးတဲ့။

နောက်တခါ Daily Eleven နေ့စဉ်ထုတ်သတင်းစာ က ညွှန်းထားတဲ့ Mr. Jelson Garcia ဟာ ကမ္ဘာ့ဘဏ်ရဲ့ ဝန်ထမ်းမဟုတ်ပါဘူး။ Bank Information Center ဆိုတဲ့ NGO က ဖြစ်ပါတယ်တဲ့။ နောက်ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့ဘဏ်ကို သတင်းဆောင်းပါး ပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး တရားဝင်ထပ်မံစိစစ်ဆောင်ရွက်ပေးဖို့ အကြောင်းကြားထားပါတယ် ဆိုပြီးတော့ ပြန်ကြားရေးဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ပြောထားပါတယ်။

တခါ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကလည်း ဒီကနေ့ ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်ချက်တစ်ခု ထွက်ပါတယ်။ အဲဒီမှာလည်း ကမ္ဘာ့ဘဏ်နဲ့ မသက်ဆိုင်ဘဲ ကမ္ဘာ့ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း မဟုတ် ဘူး၊ BIC Bank Information Center မှာ တာဝန် ထမ်းဆောင်နေသူ သာဖြစ်တယ်လို့ ပြောထားပါတယ်။

ပို့ကုန်လုပ်ငန်းတွေလုပ်ဖို့၊ ပြီးတော့ ငွေကြေးလဲလှယ် မှုလုပ်ငန်းတွေ စီမံခန့်ခွဲနိုင်ဖို့အတွက် နိုင်ငံခြားရပ်ခြားဘဏ်တွေမှာ နိုင်ငံတော်အစိုးရတွေက ဘဏ်စာရင်းတွေဖွင့်ပြီး အရန်ငွေ တွေ ထားရှိတယ်ဆိုတာဟာ အစိုးရတွေရဲ့ ပုံမှန်လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ချက်မှာ ဖော်ပြထားပါတယ်ခင်ဗျ။ ဒီကိစ္စအပေါ် လူအများက အထူးစိတ်ဝင်စားနေကြပြီး တကယ်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတစ်ခု၊ တကယ့် အခြေအနေ မှန်ကို လူထုသိဖို့လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ကျနော်တို့ အနေနဲ့ ဆက်ပြီး လေ့လာ စုံစမ်းသွားပါဦးမယ်ခင်ဗျ။
XS
SM
MD
LG