သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာနေ့ မြန်မာပြည်မှာဆင်နွှဲ


ဧပြီလ ၂၂ ရက်နေ့ကတော့ “International Mother Earth Day” မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ မြန်မာ့သစ်ပင်သစ်တောတွေ စိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးရအောင် ထိန်းသိမ်းရေး မြန်မာနိုင်ငံသားတိုင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ စောင့်ရှောက်ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြေကမ္ဘာနေ့ အထိမ်းအမှတ် ကမ္ဘာတဝှမ်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားနေချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ မြေကမ္ဘာနေ့ဖြစ်ပါတယ်။ မြေကမ္ဘာနေ့ လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံတွင်း သစ်ပင်သစ်တော စိမ်းလန်းစိုပြေရေး မြန်မာ့သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ ရေစွမ်းအား အရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေက မြေကမ္ဘာနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းလေးတခု ကျင်းပခဲ့ကြတဲ့အကြောင်း ရေပညာရှင် ဒေါက်တာ ဒေါ်ခင်နီနီသိန်းက ရှင်းပြပါတယ်။

“ကမ္ဘာမြေနေ့မှာ Earth Charter ဆိုတာရှိပါတယ်။ အဲ့ဒီ Earth Charter ကို မြန်မာလိုတမျိုး၊ အင်္ဂလိပ်လိုတမျိုး တယောက်နဲ့တယောက် ဖတ်ပြပြီး ရှင်းတာပေါ့။ စာဖတ်ဝိုင်းလေးပေါ့။ အဲ့ဒီအစီအစဉ်လေး လုပ်ပါတယ်။ ဒီပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ဆိုရင် ပထမဦးဆုံး မရှိမဖြစ်က သစ်ပင်စိုက်တာပါ။ ဒီသစ်ပင်ကို ကိုယ်က အမြဲတစေ ကလေးလေးတယောက်လို ထိန်းသိမ်းစောင့်ရှောက်နေရမယ်ပေါ့။ အဲ့ဒီစိတ်ထားလေးကို ထားတတ်လာအောင်၊ ကလေးလေးတွေကို သေချာရှင်းပြတယ်။ ရှင်းပြတော့ သူတို့က နားလည်သွားတာပေါ့နော်။ ဒီသစ်ပင်တွေကို သူတို့စိုက်တဲ့အတွက် သူတို့ကြီးလာတဲ့အထိ ရေလောင်းပေးဖို့ တာဝန်ရှိတယ်။ ပေါင်းသင်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဲ့ဒီသစ်ပင်လေးတပင်ဆီက တောအုပ်ဖြစ်လာလို့ရှိရင် ရေခိုအောင်းနိုင်တယ်။ ဒါကြောင့် မြစ်ကြီးတွေထဲမှာ ရေရှိနေဖို့ တောအုပ်လိုတယ်ပေါ့နော်။ အဲ့ဒီအကြောင်းလေးတွေကို လူကြီးကရှင်းပြတယ်။ ကလေးတွေကလည်း သူတို့နားလည်သလောက် ပြန်ဖြေတယ်ပေါ့နော်။”

မြန်မာ့သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကာတွန်းတွေနဲ့ ပညာပေးနေတဲ့ ကာတွန်းပညာရှင် ဦးအော်ပီကျယ်က မြေကမ္ဘာနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ကျနော် အဓိက ပြောချင်တာက တယောက်ချင်း၊ တယောက်ချင်းရဲ့ ထိန်းနိုင်သမျှ ထိန်းမယ်။ ဒီအမှိုက်ကိစ္စကအစ၊ ရေကိစ္စကအစ ညစ်ညမ်းမှုကိစ္စကအစ အကုန်လုံး ကိုယ်နိုင်သရွေ့ တယောက်ချင်း အသိနဲ့ ထိန်းရမှာပေါ့လေ။ အလွယ်ဆုံးကတော့ ကျနော်က ကာတွန်းဆရာ ဆိုတော့ ကာတွန်းလေးတွေကတော့ ဖတ်လို့ လွယ်တာကိုး။ ကျနော်က တတ်နိုင်သမျှ One Sentence နဲ့ တိုတိုလေးပေါ့။ အဲ့ဒီတိုတိုလေးနဲ့ သူတို့ကာတွန်းလေးတွေကြည့်ပြီး ပျော်လာပြီး လုပ်ဖြစ်လာအောင်လို့ ကျနော်က ကိုယ်နိုင်တာပဲ ကြိုးစားဖြစ်ပါတယ်။”

ရေစွမ်းအားအရင်းအမြစ်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသမီး ရေပညာရှင်တွေ ဦးဆောင်တဲ့ ရေမိခင်အဖွဲ့ရဲ့ မြေကမ္ဘာနေ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက အခုလို ရှင်းပြပါတယ်။

“ရေမိခင်အဖွဲ့ကို ပါဝင်ချင်ပြီဆိုရင် မိမိကိုယ်မိမိ ရေမိခင်လို့ အရင်ဆုံး သတ်မှတ်ရပါမယ်။ ရေနဲ့ပတ်သက်လို့ မြောင်းတွေ၊ ချောင်းတွေထဲမှာ ပင်လယ်ထဲမှာ မြစ်ထဲမှာ ရေရှိနေဖို့ရယ်၊ အိမ်မှာ ရေအသုံးချွေတာဖို့ရယ် နောက် မိမိရဲ့ လက်တကမ်းပေါ့နော် ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေ စိမ်းလန်းဖို့ရယ် နောက်ပြီးတော့ အမှိုက်ပစ်တဲ့ ကိစ္စတွေမှာ အစီအစဉ် စနစ်ကျဖို့ရယ် နောက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ နေ့စဉ်နေ့တိုင်း ဒီကိစ္စကို လုပ်နေဖို့ ဖြစ်ပါတယ်။”

လူစည်ကားရာ နေရာတွေမှာ အမှိုက်ကောက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေကြတဲ့ Green for Generation လူငယ်အဖွဲ့က မခင်ပြည့်စုံ ကလည်း မြေကမ္ဘာနေ့မှာ ကမ္ဘာကြီး မပျက်စီးရအောင် မညစ်နွမ်းရအောင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

“ကမ္ဘာကြီးဆိုတာ ကိုယ်တွေ အသက်ရှင်နေထိုင်ဖို့အတွက် သူက ဖြစ်တည်ပေးထားတာပဲလေနော်။ အဲ့ဒီအတွက် နောင်လာနောင်သားတွေအတွက်ရော၊ ကျမတို့ အခုနေထိုင်နေတဲ့ လူတွေအတွက်ရောပေါ့နော်။ ကျေးဇူးမဆပ်ရင်တောင်မှ သူထိခိုက်အောင်တော့ ညီမတို့ မလုပ်လိုက်သင့်ဘူးပေါ့နော်။ ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းဝန်းကျင်က ကမ္ဘာကြီးပဲလေ။ တဖြေးဖြေး ပြန့်ကျယ်သွားပြီဆိုရင် ကမ္ဘာကြီးဖြစ်သွားပြီလေ။ အမှိုက်ကောက်ကြတယ်။ အမှိုက်ကောက်တာ နှစ်နေရာ ခွဲကောက်တယ်။ ဒလ၊ ပန်းဆိုးတန်း၊ သင်္ဘော ပေါ်မှာ ကောက်တယ်။ ဆိပ်ကမ်း နားနေဆောင်တွေမှာ ကောက်တယ်။ အင်းလျားကန်ဘောင်မှာ ကောက်တယ်။ ကိုယ့်အနီးနားဝန်းကျင်ကို ပစ်ချလိုက်တယ်ဆိုရင် ဒါကမ္ဘာကြီးကို ဒုက္ခပေးတာနဲ့ အတူတူပဲလေ။ ဘယ်နေရာမှပဲ ချချ၊ ဘယ်နေရာမှာပဲ လုပ်လုပ် တစ်နေရာကို သူ့အတိုင်း ပုံမှန် အတိုင်း သန့်ရှင်းနေတဲ့နေရာကို ကောင်းမွန်နေတဲ့ နေရာလေးကို သစ်ပင်လေးတွေနဲ့ ဝေစည်နေတဲ့ နေရာလေးကို အခုမိုးတွင်းလာမယ်ဆိုရင် ညီမတို့ အပင်စိုက်ဖို့ အစီအစဉ်ရှိပါတယ်။”

မြန်မာနိုင်ငံတွင်း သစ်တောစိမ်းလန်းစိုပြေရေးနဲ့ မြစ်ချောင်းအင်းအိုင်တွေ မတိမ်ကောစေရေး စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပညာရှင်တွေ၊ ကျော်ကြားတဲ့ စာပေစာနယ်ဇင်းက စာရေးဆရာ၊ ကာတွန်းဆရာ၊ စာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေနဲ့ လူငယ်တွေက မြန်မာနိုင်ငံတဝှမ်း လှုပ်ရှားမှုကိုယ်စီနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG