သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံ နေပြည်တော်မှာ စတင်


အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံ နေပြည်တော်မှာ စတင်ကျင်းပစဉ် (၅ ဇွန် ၂၀၁၃)
အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံ နေပြည်တော်မှာ စတင်ကျင်းပစဉ် (၅ ဇွန် ၂၀၁၃)
အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ World Economic Forum on East
Asia ကို ဒီကနေ့ နေပြည်တော်မှာ စတင် ကျင်းပနေပါတယ်။ စီးပွားရေးလုပ်ဖို့
အလားအလာကောင်းတွေ ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ကုမ္ပဏီတွေက မျက်စိကျနေချိန်မှာ အခုလို စီးပွားရေးဆိုင်ရာ
နိုင်ငံတကာ ဆွေးနွေးပွဲကြီးကို ကျင်းပနေတာလည်း ဖြစ်ပါတယ်။

ရနိုင်မယ့်အကျိုးအမြတ်တွေ၊ ထည့်သွင်းစဉ်းစားသင့်တဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတကာ လုပ်ငန်းကြီးတွေဘက်က လေ့လာဖို့ အခွင့်အလမ်းတစ်ခုဖြစ်တဲ့
အရှေ့အာရှဆိုင်ရာ စီးပွားရေး ဆွေးနွေးပွဲအကြောင်းကို မစုမြတ်မွန် က တင်ပြထားပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေ၊ ထိပ်တန်း စီးပွားရေးသမားတွေ၊ ပညာရှင်တွေ တက်ရောက်နေကြတဲ့ ၃ ရက်ကြာ WEF on EA အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွေကို ဒီကနေ့ နေပြည်တော်မှာ စတင်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ အများစုကတော့ တံခါးပိတ် ဆွေးနွေးပွဲတွေ ဖြစ်ပါတယ်။ တချိန်က နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဘေးဖယ်တာကို ခံထားခဲ့ရတဲ့
မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ ပြန်ပြီး ဝင်ဆန့်နိုင်မယ့် လမ်းပေါ် ရောက်နေတယ်ဆိုတာကို ဒီနိုင်ငံတကာ ဆွေးနွေးပွဲကနေ ပြသနေပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြောင်းလဲ တိုးတက်နေပါတယ်ဆိုတဲ့ သူတို့ရဲ့
ပုံရိပ်ကို ပြသနိုင်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်မယ်လို့
မျှော်လင့်နေတယ်လို့ WEF ရဲ့ အာရှဆိုင်ရာအကြီးတန်း ဒါရိုက်တာ
ဆူရှန့် ရောင်း (Sushant Rao) က ပြောပါတယ်။

“ဒီဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေအတွက် တံခါးတွေ ဖွင့်ထားပါတယ်ဆိုတာကို ပြသဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်မှာက စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေနေတဲ့ လူဦးရေက စုစုပေါင်းလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။ အလုပ်လက်မဲ့နှုန်းကလည်း ၃၇ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မြန်ဆန်ဆန် အပြောင်းအလဲတွေ ဖြစ်လာဖို့ နိုင်ငံထဲက ပြည်သူအများစုအတွက် သက်ရောက်မှုတွေ ရှိလာဖို့ ဝင်လာမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အခုအချိန်မှာ
အသုံးချဖို့ အရေးကြီးပါတယ်။”

အာဏာရှင်အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ တိုးတက်မှုနှုန်း နှေးနေတဲ့ စီးပွားရေးက ရှိနေတဲ့ စိန်ခေါ်မှုတွေထဲက တချို့ပဲ ဖြစ်ပါတယ်။ လာဘ်ပေး လာဘ်ယူမှုတွေ၊ တရားဥပဒေ စိုးမိုးမှု အားနည်းနေတာတွေ၊ အရင် အစိုးရစနစ်ကို ဖက်တွယ်ထားချင်နေတဲ့သူတွေ ရှိနေသေးတာတွေဟာ ရှေ့အပြောင်းအလဲတွေအတွက် အဟန့်အတားတွေ ဖြစ်ပါတယ်။

အခု နေပြည်တော်မှာ ကျင်းပနေတဲ့ နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲတွေကနေ မြန်မာနိုင်ငံမှာ အမြန်ဆုံး ပြင်ဆင်သင့်တာတွေကို ထောက်ပြနိုင်ပါလိမ့်မယ်လို့ WEF အာရှဒေသဆိုင်ရာ အကြီးအကဲ Mr. Rao က မြင်ပါတယ်။

“နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ထားတဲ့ သက်ရောက်မှုတွေကို ရင်းနှီးမြှုပ်နှံသူ အသိုင်းအဝိုင်းက မြင်ထားမှာ သေချာပါတယ်။ နိုင်ငံထဲက အခြေခံ အဆောက်အအုံ့တွေမှာ အခြေအနေတွေက ထင်ဟပ်နေတယ်လေ။ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က အားတက်အောင်လို့ ပညာရေးစနစ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူတိုင်း ရနိုင်ဖို့ လိုတယ်။ စွမ်းရည်မြှင့်တင်မှုတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အခြေအနေ တိုးတက်အောင် ဘယ်လို အပြောင်းအလဲတွေ
လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေဘက်က
ထောက်ပြနိုင်ဖို့ မျှော်လင့်နေကြပါတယ်။”

မြန်မာနိုင်ငံမှာ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသလို နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ဥပဒေသစ်ကို ထုတ်ပြန်ထားပေမဲ့ အစိုးရက မျှော်လင့်နေသလို ရင်းနှီးမြှုပ်နှံမှုတွေက လှိမ့်ပြီး ဝင်မလာသေးပါဘူး။ မြန်မာအစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၀ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၂၀၊ ၂၀၁၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၄ ဒဿမ ၆ ဘီလျံ ရှိခဲ့တာကနေ ၂၀၁၃ မတ်လမတိုင်ခင် ၁၂ လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ ဒဿမ ၄ ဘီလျံအထိ ကျသွားတယ်လို့ AP သတင်းက ဖော်ပြပါတယ်။

အခုလို ကျဆင်းသွားတဲ့ အဓိကအကြောင်းက တရုတ်နိုင်ငံဘက်က ရင်းနှီးမှုတွေ သိသိသာသာ ကျဆင်းသွားလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတူးဖော်ရသေးတဲ့ သဘာဝဓာတ်ငွေ့နဲ့ တွင်းထွက်ရတနာတွေ ရှိနေဆဲဖြစ်တာမို့ နိုင်ငံရေး အခြေအနေကို ဆက်ပြီး တည်ငြိမ်အောင် လုပ်သွားမယ်။ လုပ်သင့်တဲ့ အစီအစဉ်တွေ ချမှတ်ပြီး မှန်မှန်ကန်ကန် စီမံခန့်ခွဲ သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၃၀ မှာ ဒေါ်လာ ဘီလျံ ၂၀၀ အထိ တက်သွားနိုင်တယ်လို့ နိုင်ငံတကာက ပြောင်းလဲနေတဲ့ စီးပွားရေးကို လေ့လာနေတဲ့ McKinsey Global Institute က ခန့်မှန်းထားပါတယ်။

တဖြည်းဖြည်းနဲ့တော့ တချို့ စီးပွားရေးလုပ်ငန်းကြီးတွေက အခက်အခဲတွေကို
ကျော်လွှားနိုင်ပုံရပါတယ်။ Coca-Cola အချိုရည်လုပ်ငန်းက ၅ နှစ်အတွင်း
ဒေါ်လာ သန်း ၂၀၀ တန်ဖိုး ရင်းနှီးမြှုပ်နှံတဲ့ သူတို့ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေကို အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကနေ
သောကြာနေ့အထိ နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှာ နိုင်ငံပေါင်း ၅၀ ကျော်က
စီးပွားရေးသမားတွေ၊ စီးပွားရေးကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ အစိုးရနဲ့
လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်ပေါင်း ၁ ထောင်ကျော် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်သမ္မတ ဘနစ်နို အကွီနို (Benigno Aquino) အပါအဝင် တခြား
နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ မနက်ဖြန်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ၃ ရက်ကြာ ခေါင်းစဉ်မျိုးစုံနဲ့ ဆွေးနွေးကြမယ့် WEF on EA စီးပွားရေးဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆွေးနွေးပွဲတချို့မှာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG