သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးတိုးရောဂါ တိုက်ဖျက်ရေး WHO ဆော်သြ


ကမ္ဘာတဝှမ်း သွေးတိုးရောဂါဖြစ်ပွားမှု အခြေအနေပြမြေပုံ။
ကမ္ဘာတဝှမ်း သွေးတိုးရောဂါဖြစ်ပွားမှု အခြေအနေပြမြေပုံ။
ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ အဖြစ်များပြီး အဓိက သေဆုံးမှုဖြစ်စေတဲ့ သွေးတိုးရောဂါ ကာကွယ်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှိုးဆော်လိုက်ပါတယ်။ နှလုံးရောဂါ လေဖြတ်တာနဲ့ သေဆုံးမှုတွေကို အဓိကဖြစ်စေတဲ့ ဒီသွေးတိုးရောဂါကို ကမ္ဘာပေါ်က အသက် ၂၅ နှစ်အထက် လူစုစုပေါင်းရဲ့ သုံးပုံတပုံမှာ ခံစားနေရပြီလို့ သတိပေးလိုက်ပါတယ်။ ၂၅ နှစ်လို ငယ်ရွယ်တဲ့အချိန်ကနေစပြီး ၃ ယောက်မှာ တယောက်နှုန်းနဲ့ အတော်လေးဖြစ်လာနေတဲ့ ဒီရောဂါကို ဖြစ်နေကြတဲ့ကာယကံရှင်တွေ ကိုယ်တိုင်က သူတို့မှာ ဖြစ်နေမှန်းမသိကြတာ အများကြီးရှိပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းအနေနဲ့ ဒါကိုဝိုင်းဝန်းကူညီဖို့ အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်စုံကို ဗွီအိုအေသတင်းထောက် Carol Pearson ရဲ့ သတင်းလွှာကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

လူ့ခန္ဓာကိုယ်ထဲက ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို နှလုံးကနေတဆင့် အောက်စီဂျင်ပါတဲ့သွေးတွေကို ပေးပို့ရတာမို့ နှလုံးဟာ အသက်ရှင်ဖို့အသက်သွေးကြော ဖြစ်နေပါတယ်။ သွေးတိုးတယ်ဆိုတာကတော့ ဒီနှလုံးကသွေးတွေကို သွေးကြောကနေပို့ရာမှာ နှလုံးသွေးကြောနံရံတွေမှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေ ပုံမှန်ထက် များပြားလာတာကို ဆိုလိုတာပါ။ ဒီသွေးတိုးတာ ရှိမရှိကို ဆေးခန်းတိုင်းမှာရှိတဲ့ လက်မောင်းမှာပတ်တိုင်းတဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့တိုင်းရင် နှလုံးက သွေးညစ်ထုတ်တဲ့အချိန်မှာဖြစ်တဲ့ ဖိအားကို အထက်သွေးလို့ခေါ်ပြီး နှလုံးက ပြန်လျှော့လိုက်တဲ့အချိန်မှာဖြစ်တဲ့ ဖိအားကိုတော့ အောက်သွေးလို့ခေါ်ကြတာပါ။ အမေရိကန်နိုင်ငံ မယ်ရီလန်းတက္ကသိုလ်ဆေးကျောင်းက ဒေါက်တာ စတီဗင်ဟားဗက် က ခုလိုပြောပြပါတယ်။

“အထက်သွေး ၁၁၅ အထက်နဲ့ အောက်သွေး ၇၅ ထက်ကျော်သွားတာနဲ့ ဘယ်အဆင့်မှာမဆို အန္တရာယ်များသွားပါပြီ။ ဒါ့အပြင် အထက်သွေး ၁၁၅ ထက် ၂၀ မီလီမီတာတဆင့်စီ ကျော်တိုင်းကျော်တိုင်း ဒီအန္တရာယ်က နှစ်ဆစီ တိုးတိုးသွားတာပါ။”

အခုလို အထက်သွေးနဲ့အောက်သွေး ပုံမှန်ထက်မြင့်တက်သွားတာကို သွေးတိုးတာလို့ ခေါ်ကြတာပါ။ အမေရိကန်နိုင်ငံ Cleveland ဆေးရုံက ဒေါက်တာ ဂျော့တောမက်စ် ကလည်း -

“သွေးတိုးတာဖြစ်လာတာနဲ့ သွေးကြောတွေရဲ့ နံရံတွေမှာ ဖိအားတွေများလာပါတယ်။ ဒီသွေးကြောတွေက ဦးနှောက် နှလုံးနဲ့ ကျောက်ကပ်တွေကို သွေးပို့ပေးရတာဆိုတော့ ဒီအင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီးသွားစေဖို့၊ အထူးသဖြင့်တော့ ကျောက်ကပ်ရောဂါတွေ ဖြစ်ဖို့နဲ့ လေဖြတ်တာတွေ ဖြစ်ဖို့ အန္တရာယ်များသွားပါတော့တယ်။”

တကယ်တော့ အခုလို သွေးတိုးတာဖြစ်လာရင် နှလုံးကနေ သွေးထုတ်လွှတ်နိုင်ဖို့ ပုံမှန်ထက်ပို အလုပ်လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ နှလုံးကြွက်သားတွေက မနိုင်ဝန်ထမ်းပြီး အားနည်းသွားရကာ နှလုံးဖောက်တာ၊ သို့မဟုတ် နှလုံးပျက်တာ ဖြစ်သွားရတာပါ။ ဒီသွေးတိုးရောဂါ ဖြစ်ရတဲ့အကြောင်းရင်းတွေကိုတော့ ၉၅ % မသိရပါဘူး။ ဒါပေမဲ့ ဖြစ်ဖို့အန္တရာယ်ပိုကြီး သွားစေတဲ့အချက်တွေကိုတော့ သိထားပါတယ်။ တခုကတော့ အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာလာတာဖြစ်ပါတယ်။ နောက် မျိုးရိုးဗီဇနဲ့လည်း ပတ်သက်နေတာမို့ မိသားစုထဲမှာ သွေးတိုးဖြစ်တာရှိရင် ဖြစ်ဖို့အန္တရာယ် ပိုများသွားပါတော့တယ်။ ဒါ့အပြင် ဝတာ၊ ဆေးလိပ်သောက်တာနဲ့ ဆား အစားများတာကြောင့်လည်း သွေးပေါင်ချိန် ပိုတက်သွားစေပါတယ်။ ဒေါက်တာ ဂျော့တောမတ်စ် ကပဲ ဆား စားတာနဲ့ပတ်သက်ပြီး ခုလို ပြောပါတယ်။

“ဆား စားတဲ့အကြောင်းကို လူနာတွေ မေးတဲ့အခါကျတော့ သူတို့က ဆားမထည့်ဘဲစားတယ်လို့ ပြောကြတယ်ဗျ။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့သတိထားရမှာက စားဖို့အသင့်လုပ်ထားပြီးသား အစားအစာတွေထဲမှာက ဒီ ဆား၊ ဒါမှမဟုတ် ဆိုဒီယမ်တွေက အများကြီးပါနေတယ်ဗျ။”

တကယ်တော့ လူ့ခန္ဓာကိုယ်မှာက တနေ့ကို ဆား ၁၅၀ မီလီဂရမ်ပဲ လိုတာပါ။ ဒါပေမဲ့ အမေရိကန်တွေကတော့ ဆိုင်တွေက ပြင်ဆင်ရောင်းချတဲ့ အစားအစာတွေထဲမှာ ဆားပမာဏ ၃,၀၀၀ နဲ့ ၄,၀၀၀ မီလီဂရမ်ကြား ပါတာကို စားနေကြရတယ်လို့ ဆရာဝန်တွေက သတိပေးနေပါတယ်။ တကယ်တော့ ဆရာဝန်တွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ ဆားနည်းတာ၊ အဆီနည်းတာတွေနဲ့ ဟင်းသီးဟင်းရွက် အမျှင်များများပါတဲ့အစားတွေကို စားကြဖို့ တိုက်တွန်းလေ့ရှိပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်များနေရင်လည်း လျှော့ကြဖို့နဲ့ ဆေးလိပ်မသောက်ကြဖို့ကိုလည်း မှာလေ့ရှိပါတယ်။ နောက် အရေးကြီးတာတခုကတော့ သွေးတိုးရောဂါမှာ အစပိုင်းမှာ ရောဂါလက္ခဏာသိပ်ပြီး ပြလေ့မရှိဘဲ ရောဂါဆိုးလာမှသာ ရောဂါလက္ခဏာ စ ပြလေ့ရှိတာမို့ သွေးပေါင်ချိန် တိုင်းကြည့်မှပဲ မသိဘဲနဲ့ ရုတ်တရက် ဖြုတ်ခနဲသေသွားနိုင်တဲ့ ဒီ သွေးတိုးရောဂါ ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
XS
SM
MD
LG