သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအိမ်ပြန်နိုင်ရေး အစိုးရတာဝန်ရှိကြောင်း ဦးအောင်မင်းပြော


ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။
ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံလာကြတဲ့ ကရင်လူမျိုးဒုက္ခသည်များ။
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြံခြုံနဲ့ အိမ်ပြန်လာနိုင်ရေးအတွက် အစိုးရမှာတာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ရေးဟာ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို အခမ်းအနားကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရဟာ တစ်ချိန်တုန်းက ဒုက္ခသည်တွေကို အသိအမှတ်မပြုခဲ့ဘဲ သောင်းကျန်းသူ အဖျက်သမားတွေရဲ့ မိသားစု တွေဆိုပြီးတော့ ခေါ်ဆိုသုံးနှုန်းခဲ့ဖူးသလို ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကိစ္စကိုလည်း ဘယ်တုန်းကမှ ပြောဆို ဆွေးနွေး တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်နေသလို ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့သဘောထား ဟာလည်း ပြောင်းလဲနေပါပြီလို့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနား ကိုယ်တိုင်တက်ရောက်လာသူ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“အခု ကျနော်တို့အစိုးရလက်ထက်မှာ Refugee ကို လက်ခံပါတယ်။ IDP ကို လက်ခံပါတယ်။ Migrant Worker ကို ကျနော်တို့ လက်ခံပါတယ်။ ဒါတွေဟာ ကျနော်တို့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်တယ်။ ကျနော်တို့သားသမီးတွေပဲဖြစ်တယ်။ ဒါတွေအတွက် လုပ်ရမယ့်တာဝန်က နိုင်ငံတော်အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အခုလည်း ခင်ဗျားတို့မြင်လိမ့်မယ်။ လုပ်ကိုင်နေတာ။ မလေးရှားမှာလည်း ပြဿနာဖြစ်တဲ့အခါကျတော့ ကျနော်တို့ဆီက ဒု-ဝန်ကြီး ဦးဇင်ယော်တို့ သွားပြီးဆောင်ရွက်တာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာဖြစ်တယ်။ ကျနော်ပြောချင်တာတော့ စနစ်တွေ ပြောင်းပါပြီ။ ခေတ်တွေပြောင်းပါပြီ။ အမှန်ကို အမှန်အတိုင်းပဲ လက်ခံရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကိုယ့်အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးကြသူတွေဟာ သူတို့နယ်မြေမှာ အသက်အန္တရာယ် လုံခုံမှုမရှိ၊ ဘဝလုံခြုံမှုမရှိလို့ ထွက်ပြေးသွားကြတာဖြစ်ပြီး လုံခြုံမှုရှိရင် ပြန်လာကြမှာဖြစ်ပြီးတော့ စနစ်တကျ ဘေးအန္တရာယ်မရှိ ဘဝလုံလုံခြုံခြုံနဲ့ ပြန်လာနိုင် အောင်လုပ်ပေးဖို့ အစိုးရမှာတာဝန်ရှိပါတယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။ အဲဒီလိုအခြေအနေတွေ ဖန်တီး တာမှာ တိုးတက်မှု ဘယ်လောက်ရနေပြီလဲဆိုတာကိုတော့ ဝန်ကြီးဦးအောင်မင်းက -

“အခုဆိုရင် လွိုင်ကော်မှာ အစည်းဝေးလုပ်တဲ့ထဲမှာ ကျနော်တို့ ကရင်နီဖွံ့ဖြိုးတိုးတက်ရေး KNPP က ပြန်လာမယ့်အဖွဲ့တွေကို --- နယ်မြေ၊ -- ဒေသမှာ ပြန်လည်နေရာချထားပေးဖို့အတွက် နေရာလေးတွေ သတ်မှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဒုက္ခသည်တွေ အိမ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတာတွေ၊ ပြင်ဆင်တာတွေ အခုအချိန်မှာ အတော်များများ ရှိနေ ပေမဲ့လည်း အိမ်ပြန်ဖို့အချိန်အခါ ကျမကျဆိုတာကို ဆုံးဖြတ်ရမှာဟာ ဒုက္ခသည်တွေကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ် (Hans tan Feld) က ပြောပါတယ်။

"အိမ်ပြန်ဖို့အချိန် ရောက်ပြီဆိုတာကို UNHCR ကပဲဖြစ်ဖြစ်၊ အစိုးရကပဲ ဖြစ်ဖြစ် ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသား၊ အမျိုးသမီး ဒါမှမဟုတ် ကလေးငယ် တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ မြန်မာအစိုးရ အနေနဲ့ ကြီးမားတဲ့ အောင်မြင်တိုးတက်မှုတွေ ရထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေရှိနေပြီး ဒါတွေအားလုံးဟာ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေပါ။ ဒီအခြေအနေကနေ လူတွေ တကယ်တမ်း အိမ်ပြန် လာနိုင်တဲ့ အချိန်အခါတစ်ခုဆီ ဦးတည်မယ်လို့ မျှော်လင့်ရပါတယ်။ အချိန်အခါကတော့ သိပ်စောနေပါသေးတယ်။ မြေမြှုပ်မိုင်းဗုံးတွေ အများကြီးရှိနေသေးပြီး မိုင်းရှင်းလင်းရေး လုပ်ဖို့လိုပါတယ်။ ကိစ္စရပ်အများအပြားကို ကိုင်တွယ်လုပ်ဆောင်ရဦးမှာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ လူတွေအိမ်ပြန်ရေး ဆုံးဖြတ်နိုင်ကြမယ့် နေ့တစ်နေ့ကို ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တကယ့် အလားအလာတွေရှိနေပြီလို့ ကျနော်ထင်ပါတယ်။"

မြန်မာနိုင်ငံက ဒုက္ခသည်အများစုကို ဒုက္ခသည်စခန်းကိုးခုမှာ လက်ခံထားတဲ့ ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ကိစ္စကို အလျင်စလိုနဲ့ တွန်းအားပေးတာမျိုးမလုပ်ဘဲ ဒုက္ခသည်တစ်ဦးချင်းစီက ဆုံးဖြတ်ရမယ့်ကိစ္စအဖြစ်ပဲ သဘောထားပါတယ် လို့ မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်က ပြောပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန် အစရှိသည်အားဖြင့် တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေစိုက်တဲ့ အစီအစဉ်တွေ ရှိခဲ့ပေမဲ့လည်း အခုအခါမှာတော့ အဲဒီအစီအစဉ်တွေ တဖြည်းဖြည်းချင်း အဆုံးသတ်သွား တော့မယ့်အခြေအနေကို ရောက်နေပြီးတော့ မိသားစုပြန်လည်ပေါင်းစည်းရေး အထူးအစီအစဉ်တွေလောက်ပဲ ရှိလာတော့မယ်လို့ မစ္စတာဖဲလ်ဒ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အရေအတွက် ၂၀၀,၀၀၀ နီးပါး၊ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ပေါင်း ၄၄၆,၀၀၀၊ ဒုက္ခသည်ပေါင်း ၃၅၀,၀၀၀ ပတ်ဝန်းကျင်နဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းလောက်ရှိတယ်လို့ ဝန်ကြီး ဦးအောင်မင်းကပြောပါတယ်။ သူတို့တွေပြန်လာကြမယ်ဆိုရင် နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ သူတို့အတွက် အကူအညီတွေ ပေး သွားမယ်လို့လည်းဆိုပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတာဖြစ်ပြီး ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ အာရှော့က် နီဂမ်းမ်း (Ashok Nigam)၊ UNHCR ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်န်စ် တန်န် ဖဲလ်ဒ်၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စသည်အားဖြင့် တက်ရောက်ခဲ့ကြပါတယ်ခင်ဗျား။
XS
SM
MD
LG